ပြည်သူထိခိုက်မည့်အခြေအနေကြောင့် မစ်ရှင်ဖျက်သိမ်း ခဲ့ရပြီး၊ စစ်ကောင်စီတပ် ဗုံးမသယ်ရဲသည့်အတွက် လမ်းမပေါ်တွင် ဖောက်ခွဲပစ် 

RNA_ဇူလိုင် ၁၂၊၂၀၂၂ခုနှစ်။

အမှိုက်ကောက်သည့်ကလေးနှင့် ပြည်သူများထိခိုက်မည်စိုးသည့်အတွက် စစ်ကားများအတွက် ရည်ရွယ်ထားသည့် ဗုံးတွဲဖောက်ခွဲမှု မစ်ရှင် ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်ဟု မြို့ပြပြောက်ကျား မဟာမိတ်တပ်ဖွဲ့ဝင် တဦးက ပြောသည်။

ယနေ့ နေ့လည် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်တွင် စစ်ကောင်စီတပ်က ဗုံးကိုသယ်မသွားဘဲ လမ်းမပေါ်တွင် ဖောက်ခွဲလိုက်ခြင်း ဖြစ်သည်။

” ဗုံးကို အမှိုက်ကောက်တဲ့ကလေးက တွေ့သွားတာ၊ ကျနော်တို့ စောင့်ကြည့်နေတာ စစ်ကားတွေအတွက်လုပ်ထားတာ၊ အဲချိန်မခွဲရက်ဘူး အခြားဘေးကလူတွေထိကုန်မှာ အဲဒါကြောင့် မစ်ရှင်ဖျက်လိုက်ရတယ်၊ ဗုံးက အားပြင်းတယ်၊ နည်းပညာမြင့်တယ်၊ စစ်ခွေးတွေသယ်မသွားရဲဘူး အဲဒါနဲ့ ပြည်သူတွေလဲ ထိတ်လန့်အောင် လမ်းပါ်မှာ ခွဲလိုက်တာ၊ ပြည်သူတွေကို တောင်းပန်ချင်ပါတယ် စစ်ကား‌တွေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေအနီးမှာ မနေကြပါနဲ့” ဟု တာမွေမြို့နယ်မှာ စစ်ကောင်စီတပ် ယာဉ်တွေကို ပစ်မှတ်ထားတိုက်ခိုက်မည့် ဗုံးနှင့်ပတ်သက်ပြီး မြို့ပြပြောက်ကျားမဟာမိတ်တပ်ဖွဲ့ဝင်တဦးက Red News Agency သို့ ပြောကြားထားသည်။

ဓာတ်ပုံ : မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များ ထောက်ထားသည့်ဗုံးကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်က ဖောက်ခွဲမှုမြင်ကွင်း/ CJ

မြို့ပြပြောက်ကျားတပ်ဖွဲ့တွေက စစ်ကောင်စီတပ်ကို ရည်ရွယ်လုပ်ဆောင်နေမှုများ ပြည်သူလူထု ထိခိုက်မည်စိုးသည့်အတွက် ဖျက်လိုက်ရသည့် မစ်ရှင်များစွာရှိနေပြီဖြစ်ကြောင်း၊ စစ်ကောင်စီတပ်နှင့် ပတ်သက်သည့် အဆောက်အဦ၊ ယာဉ်စသည့် နေရာများတွင် ပြည်သူများအနေဖြင့် ရှောင်ရှားသင့်ကြောင်း၊ စစ်ကောင်စီတပ်သားများနှင့် ဆက်ဆံမှုနှင့် အနီးကပ်မနေသင့်ကြောင်း သိရသည်။

Red News Agency

By Editor