ကျည်ကုန်သည်အထိ အသက်သေခံ ပြန်ပစ်ခဲ့သူ ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စစ်ကောင်စီစွပ်စွဲ 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်မှာ စစ်ကောင်စီတပ်သားများက ဖမ်းဆီးစဉ် ကျည်ကုန်သည်အထိ အသက်အသေခံ ပစ်ခတ်ခဲ့သူ ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဘဏ်ဓားပြဟု စွပ်စွဲကာ စစ်ကောင်စီက ယနေ့ ထုတ်ပြန်ခဲ့သည်။

ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်းအပါအဝင် ရဲဘော်များနှင့် ဆက်စပ်သူ (၇) ဦးသည် မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးမျက်မှန်ရပ်ကွက်၊ ၂၆ လမ်း၊ ၆၂ လမ်းနှင့် ၆၃ လမ်းကြားရှိ KBZ ဘဏ်ခွဲ(၉)မှ ငွေကျပ် ၄၄၉ သိန်းအား ဓားပြတိုက်ယူဆောင်သွားခဲ့သူများဖြစ်ကြောင်း စစ်ကောင်စီက ယနေ့ထုတ်ပြန်ထားပြီး၊ (၆) ဦးကို အရှင်ဖမ်းမိပြီး ဆရာစွမ်းကို လမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို ခုခံရင်း ကျဆုံးခဲ့ရကြောင်း သိရသည်။

ဇွန်လ ၂၅ ရက်နေ့က မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၅၄ လမ်း၊ ၃၅ နှင့် ၃၆ လမ်းကြားတွင် ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ဆရာစွမ်း (ခ) ကိုထက်ရှိုင်းဇော်ကို ဖမ်းဆီးစဉ် ပြန်လှန်ပစ်ခတ်မှုဖြစ်ကာ ဆရာစွမ်း ကျဆုံးခဲ့ရခြင်း ဖြစ်သည်။

ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့က ကိုကောင်းခန့်နောင်၊ကိုသန်းထွန်းဇော်နှင့် ဆက်စပ်သူများဟုဆိုကာ ကိုမျိုးမင်းသန့်၊ မပပလင်း၊ မသဉ္ဇာလင်းနှင့် မလဲ့လဲ့ဝေတို့အား ဇွန်လ ၂၂ ရက်နေ့က မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ သာယာဝတီရပ်၊ အမှတ် (၁) ရပ်ကွက်၌ ဖမ်းခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

Red News Agency

By Editor