တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ

” စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက်တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်”  

*****************************

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်းကြီးဌာနလက်အောက် တပ်မဟာ (၇)၊ တပ်ရင်း ၇၀၃၊ ဒု-တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး စစ်ရေး နိုင်ငံရေး အခြေအနေများကို Red News Agency သတင်းဌာနက မေးမြန်းထားတာ ဖြစ်ပါတယ်။

RNA ။ ဗိုလ်မှူးအနေနဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်မှရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်ရှိပါ့သလားခင်ဗျာ၊ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာနိုင်မလဲ လက်နက်ကိုင်တိုက်ပွဲရဲ့ အဆုံးသတ်က ဘယ်လိုဖြစ်မလဲ သိချင်ပါတယ်ခင်ဗျာ။

TZA ။ တော်လှန်ရေးတစ်ခုမှာ စစ်ရေးနဲ့ နိုင်ငံရေးမျှခြေရှိပါတယ်။ ဒီနှစ်ခုက ဆုံမှတ်ရောက်သွားရင် တော်လှန်ရေးက အောင်ကို အောင်ပါတယ်။ လက်နက်ကိုင်တိုက်ပွဲက ဘယ်လောက်ရှည်ကြာမလဲဆိုတာ ပြည်သူလူထုပါဝင်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ပြည်သူလူထုကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ကို ရွေးချယ်ခဲ့တာ။ အခုချိန်ထိလည်း ပြည်သူလူထုကြီး တောင့်ခံပြီး အာဏာရှင်ကို တွန်းလှန်နေဆဲပါ။ ဒါကြောင့် ဒီတော်လှန်ရေးက နိုင်ကို နိုင်ရမယ်။

RNA ။ စစ်တပ်က အာဏာသိမ်းခဲ့တာ ဦးနုတို့လက်ထက်ကတည်းက ယနေ့အထိ အုပ်ချုပ်ရေးယန္တရားကို ချုပ်ချယ်လာတာဖြစ်တယ်။ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင်အဖွဲ့တွေ အတော်များများက နှစ်ပေါင်း ၇၀ ဝန်းကျော် ပြည်တွင်းစစ်နဲ့အတူ တိုက်ပွဲဝင်ခဲ့ကြတယ်ဗျ၊ ဆိုတော့ အခုနွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို အမြစ်ပြတ်အောင် လုပ်ကြမယ်ဆိုတော့ ဘယ်လိုနိုင်ငံလမ်းစဉ်တွေ ယူချက်တွေ လက်တွေ့အကောင်အထည်ဖော်မှုအပိုင်းတွေကြောင့် စစ်အာဏာရှင် အမြစ်ပြတ်ရမယ်လို့ ပြောနိုင်တာလဲ ခင်ဗျ။

TZA ။ ကျွန်တော်တို့က စစ်ရေးကို အဓိက တာဝန်ယူရတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နိုင်ငံရေးလမ်းစဉ်အနေနဲ့ပြောရရင် လူထုတစ်ရပ်လုံးတောင့်တနေတဲ့ သာတူညီမျှ၊ တန်းတူအခွင့်အရေးရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုဖြစ်ရမယ်။ ဒီလို လူအဖွဲ့အစည်းမျိုးဖြစ်ပေါ်လာဖို့နဲ့ ဒီအဖွဲ့အစည်းကို ကာကွယ်ဖို့အတွက် PDFဆိုတာ ပြည်သူကဖြစ်ပေါ်လာတာပါ။ အာဏာရှင်အမြစ်ပြတ်ရေးဆိုတာ လူထုကိုယ်တိုင်ကိုက ရွေးချယ်ထားတာ။ ကျွန်တော်တို့က လူထုရဲ့ ဆန္ဒကို အကောင်အထည် ဖော်ပေးမို့ပါပဲ။ နိုင်ငံရေးဆိုတာ လူထုလိုချင်တဲ့ နိုင်ငံရေးမျိုးပဲဖြစ်ရမယ်၊ စစ်တပ်လိုချင်တဲ့ နိုင်ငံရေးမျိုးမဖြစ်ရပါဘူး။

RNA ။ လက်နက်ကိုင်တော်လှန်ရေးရဲ့ အခက်အခဲ အကြပ်အတည်းက ဘာတွေဖြစ်မလဲဗျ၊ အခု ဗိုလ်မှူးတို့ အဖွဲ့တွေ အခြားမဟာမိတ်အဖွဲ့တွေမှာကော တူညီတဲ့အခက်အခဲက ဘာဖြစ်မလဲ ၊ အဲဒီအခက်အခဲကို ဘယ်လိုကျော်ဖြတ်ကြမလဲခင်ဗျ။

TZA ။ အခက်အခဲကတော့ နေရာတိုင်းမှာ ရှိပါတယ်။ အခက်အခဲဆုံးက ခေတ်မှီလက်နက်ခဲယမ်းရရှိရေးပါပဲ၊ ဒါပေမယ့် ဒါတွေက ကျွန်တော်တို့ဘက် လူထုရှိနေတော့ အချိန်ကာလတခုမှာ ပြေလည်သွားမှာပါ။

RNA ။ အခု ဗိုလ်မှူးတို့အဖွဲ့ရဲ့ စစ်ရေးဗျူဟာနဲ့ လက်တွေ့အကောင်အထည်ဖော်မှု အပိုင်းမှာ အောင်မြင်တာတွေရှိပါသလားခင်ဗျာ၊ တချို့သော ဆုံးရှုံးမှုတွေက ဘယ်ထောက်ထိ ကြီးသလဲ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေမှာ ဘာတွေပြင်ဆင်ထားလဲ ခင်ဗျ။

TZA ။ စစ်ရေးအောင်မြင်မှုတွေ ရှိနေလို့ ကျွန်တော်တို့ အခုလို ရပ်တည်နေနိုင်တာပေါ့၊ စစ်ကောင်စီက ကျွန်တော်တို့ကို အမြစ်ဖြတ်ဖို့ မနှစ်ကတည်းက ကြိုးစားနေခဲ့တာ၊ သူတို့တွေ ထိထိရောက်ရောက်ဘာမှ မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ တစ်နေ့ထက် တစ်နေ့ နေရာတွေ ထပ်တိုးပြီး တပ်တွေဖြန့်ထားနိုင်လာပါပြီ။ မကြာခင်လိုချင်တဲ့ အောင်ပွဲမျိုးကိုလည်း ယူဆောင်ဖို့ ကြိုးစားနေပါတယ်။

ဆုံးရှံးမှုတွေ ရှိပေမယ့်၊ ဆုံးရှုံးမှုတွေကြောင့်ဘဲ ကျွန်တော်တို့ စိတ်ဓာတ်တွေ ပိုသန်မာလာတာပါ။အခုချိန်ထိလည်း အားလျှော့တယ်ဆိုတာ အိပ်မက်တောင်မရှိပါဘူး။

RNA ။ အခုဆိုရင် စစ်အာဏာရှင်ကို တော်လှန်လာတာ တစ်နှစ်ကျော်ပြီဗျ တစ်နှစ်ကျော် လက်နက်ကိုင်တိုက်ပွဲနဲ့ လမ်းမပေါ်က ဆန္ဒပြပွဲတွေရဲ့ အောင်မြင်မှုက ဘာတွေဖြစ်လာမလဲ စစ်ကောင်စီယန္တရား ဘယ်လောက်ထိ ပျက်စီးနေပြီလဲခင်ဗျ။

TZA ။ တစ်ခွန်းပြောမယ်ဗျာ မင်းအောင်လှိုင်တပ်က တပ်ပျက်နေပြီ။ ဒါက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပဲ။ မနှစ်က ဒီအချိန်နဲ့ ဒီနှစ် ဒီအချိန်ကို ယှဉ်ထိုးကြည့် တော်လှန်ရေးရဲ့ အရှိန်ကို တွက်ဆလို့ရပါတယ်။

RNA ။ ဗိုလ်မှူး အနေနဲ့ တိုက်ခိုက်ရေး၊ တော်လှန်ရေး၊ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာ ရှိရင် ပြောပြပေးပါဗျ။

TZA ။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံတပ်ရင်းအနေနဲ့ပြောရရင် ကျွန်တော်တို့ကြိုးစားနေပါတယ်။ အင်တာနက်လိုင်းဖြတ်တောက်တာနဲ့၊ ဖုန်းလိုင်းဖြတ်တောက်မှုတွေကြောင့် ကျွန်တော်တို့ တိုက်ပွဲနဲ့မြေပြင် သတင်းတွေကို အချိန်မီ မတင်ပြနိုင်တာရှိနေပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနောက်ပိုင်းတိုင်းက တပ်ရင်းတွေကို အာရုံစိုက်ပြီး ပိုမိုကူညီပေးကြပါလို့ ပြည်သူလူထုကို မေတ္တာရပ်ခံချင်ပါတယ်။

RNA ။ အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ဒု တပ်ရင်းမှူး ဗိုလ်မှူးသန့်ဇင်အောင်ကို ကျေးဇူးတင်ပါတယ်ခင်ဗျ။ ။

Red News Agency

By Editor