RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။
မြန်မာနိုင်ငံတွင်း တိုက်ပွဲများကြောင့် ထိုင်းဘက်ခြမ်း ဝင်ရောက်လာသူများကို လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်သွားမည်ဟု ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ယနေ့ (နိုဝင်ဘာ ၉ ရက်) နေ့လည်ပိုင်းတွင် ကျင်းပခဲ့သည့် ထိုင်းအစိုးရအဖွဲ့ အစည်းအဝေး၌ ပြောကြားခဲ့သည်။
သို့သော် ထိုင်းနိုင်ငံတွင်း ဝင်ရောက်လာမည့် နေရပ်စွန့်ခွာလာသူအားလုံးကို လက်ခံမည်မဟုတ်ဘဲ ၎င်းတို့၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရပြီး လုံခြုံမှုမရှိသူများကို လက်ခံပေးသွားမည်ဟု ထိုင်းဝန်ကြီးချုပ်က ပြောသည်။
ယနေ့ နေ့လည် (၃) နာရီ (၄၀) မိနစ်က ထိုင်းအစိုးရအိမ်တော်၌ ကျင်းပခဲ့သည့် အမျိုးသားလုံခြုံရေးကောင်စီ (NSC) အစည်းအဝေး၌ အနုထင်က ထိုင်းအာဏာပိုင်များကို ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ရေးပဋိပက္ခကြောင့် ထိုင်းဘက်ခြမ်း ဝင်ရောက်လာသည့် စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန်အတွက် ညွှန်ကြားထားကြောင်း သိရသည်။
ယင်းအစည်းအဝေး၌ မြန်မာနယ်စပ်နှင့်ကပ်လျက်ရှိသည့် တာ့ခ်ခရိုင်နှင့် မဲဆောက်မြို့ အစိုးရအဖွဲ့ တာဝန်ရှိသူများပါအပါအဝင် အခြားသက်ဆိုင်သူ အေဂျင်စီအဖွဲ့အစည်းများပါ တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိ ထိုင်းနှင့်ကပ်လျက် မြန်မာနယ်စပ်အနီး ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးလာသူ တစ်ဦးတစ်ယောက်မျှ မရှိသေးဟု ထိုင်းစစ်တပ်အကြီးအကဲ အစီရင်ခံစာအရ သိရကြောင်း အနုထင်က ပြောကြားသည်။



ဓာတ်ပုံ – Khaosod
ထိုင်းနိုင်ငံတွင်း နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူများထဲမှ အသက်အန္တရာယ် ခြိမ်းခြောက်ခံရသူများကိုသာ ခွင့်ပြုသွားမည်ဖြစ်ပြီး ယာယီစစ်ဘေးရှောင်စခန်းများ၌ ထားရှိမည်ဖြစ်ကြောင်း၊ ယင်းသို့မဟုတ်ပါက လက်ခံရန်အခြေအနေနှင့်ပတ်သက်၍ NSC မှ လိုအပ်သလို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
#RedNewsAgency #RedNews #RNA