RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အာဏာသိမ်းစစ်အုပ်စု စိုးမိုးသည့် ကျေးရွာများမှ အသက် (၃၅) နှစ်အထက် အမျိုးသားများအပါအဝင် စစ်မှုထမ်းအကြောင်းပြ မတရားဖမ်းဆီးနေပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်ခန့်ဖြင့် ပြန်လည်ရွေးနေကြရသည်ဟု ဒေသခံထံမှသိရသည်။
ပွင်ဖြူမြို့နယ် နီးသည့် ရှောက်တော့ကျေးရွာအတွင်း လမ်းမပေါ်တွင် ယနေ့ (နိုဝင်ဘာ ၉ ရက်) နံနက်ပိုင်းက အမျိုးသား (၄) ဦး အာဏာသိမ်းစစ်အုပ်စု၏ မတရားပေါ်တာဆွဲ ဖမ်းဆီးခြင်းကို ခံလိုက်ရကြောင်း၊ မြို့နယ်အတွင်းရှိအခြားကျေးရွာများတွင်လည်း အဓမ္မပေါ်တာဆွဲ ဖမ်းဆီးမှုများရှိကြောင်း သိရသည်။

နိုဝင်ဘာ (၇) ရက်နေ့က ပွင့်ဖြူမြို့နယ် သရက်ကုန်းကျေးရွာမှ အမျိုးသား (၅) ဦးပေါ်တာဆွဲခံရစဉ် ကျပ် (၇၅) သိန်းဖြင့် ပြန်လည်ရွေးခဲ့ရကြောင်း၊ ယခုရက်ပိုင်းအတွင်း ရှောက်တောကျေးရွာ၊ ကျောင်းစုကျေးရွာ၊ သရက်ကုန်းကျေးရွာစသည့်တို့မှ စစ်မှုထမ်းကြောင်းပြ အဓမ္မဖမ်းဆီးခံရသူ (၂၀) ဝန်းကျင်ခန့်ရှိလာပြီဖြစ်ကြောင်း၊ ငွေဖြင့်ပြန်လည်ရွေးသည့်အတွက် လွတ်မြောက်လာသူများရှိသလို မလွတ်မြောက်သေးသူများလည်း ရှိသည်ဟု ဒေသခံတစ်ဦးက ပြောပြထားသည်။
ပွင့်ဖြူမြို့နယ်အတွင်း အာဏာသိမ်းစစ်တပ် စိုးမိုးသည့် ကျေးရွာများတွင် မကြာခဏ စစ်မှုထမ်းကြေး၊ အဓမ္မပေါ်တာဆွဲမှုများ ပြုလုပ်နေပြီး၊ စစ်တပ် မစိုးမိုးသည့် ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် မကြာခဏပစ်ခတ်နေရသည့်အတွက် ဒေသခံပြည်သူများ စစ်ဘေးရှောင်နေရမှုများလည်း ရှိကြောင်း၊ ပွင့်ဖြူမြို့နယ်အတွင်း စစ်မှုထမ်းများကို ရခိုင်ပြည်တိုက်ပွဲများကို ပို့ဆောင်နေသည့်အတွက် သေဆုံးမှုများလည်းရှိကြောင်း သိရသည်။

မကွေးတိုင်းအတွင်း အာဏာသိမ်းစစ်အုပ်စု စိုးမိုးသည့် မြို့နယ် ကျေးရွာများမှ အမျိုးသားများကို အဓမ္မဖမ်းဆီးပြီး ငွေဖြင့် ပြန်လည်ရွေးရသည်များရှိသလို စစ်မှုထမ်းခိုင်းခံရသူများလည်းရှိကြောင်း၊ စစ်မှုထမ်းခိုင်းခံရသူများသည် မကွေးတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားသည့်နေရာများ၊ မကွေးတိုင်းနှင့် ရခိုင်ပြည်အစပ်၊ မကွေးတိုင်းနှင့် ချင်းပြည်နယ်အစပ် စသည့်တိုက်ပွဲဖြစ်ပွားသည့်နေရာများကို စေလွှတ်မှုများရှိကြောင်း၊ မကွေးတိုင်း အတွင်း၊ စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းနှင့်စလင်းမြို့နယ်တို့အပြင် ချောက်မြို့နယ်၊ ပေါက်မြို့နယ်၊ ဂန့်ဂေါမြို့နယ်၊ ပခုက္ကူမြို့နယ် စသည်တို့တွင်လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။
#RedNewsAgency #RedNews #RNA