RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်အရှေ့ခြမ်းမှ ကျေးရွာ (၂) ရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၅) ဦး သေဆုံးခဲ့ပြီး (၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ယနေ့ (အောက်တိုဘာ ၂၄ ရက်) ထုတ်ပြန်ထားသည်။
ကန့်ဘလူမြို့နယ်အရှေ့ခြမ်း ထန်းတောရွာအနီးရှိ တောင်ယာတဲတစ်ခုကို စစ်အုပ်စုက အောက်တိုဘာ (၂၃) ရက်က ညနေ (၆) နာရီ (၁၅) မိနစ်ဝန်းကျင်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့သည့် အရပ်သားပြည်သူများထဲတွင် မောင်နှမ (၃) ဦး၊ မိခင် (၁) ဦးနှင့် သားဖြစ်သူ (၁) ဦးတို့ပါဝင်ခဲ့ကြောင်း သိရသည်။ အခြားထိခိုက်ဒဏ်ရာရသူ (၄) ဦးမှာလည်း ပြင်းထန်ဒဏ်ရာများရရှိထားခြင်းကြောင့် ဆေးဝါးကုသမှုများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။
ထို့ပြင် ယင်းနေ့ ညနေ (၆) နာရီ (၅၀) မိနစ်၌လည်း ထန်းတောကျေးရွာအနီးရှီ ချောင်းသာရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် တောင်ယာအတွင်းရှိ နွား (၂) ကောင် သေဆုံးခဲ့ကြောင်း သိရသည်။
စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများရှိရာ ဒေသခံနေအိမ်များနှင့် ဘုန်းကြီးကျောင်းများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကျေးရွာအချို့မှ ဒေသခံပြည်အချို့ နီးစပ်ရာ တောတောင်များ၌ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြကြောင်း၊ ဗုဒ္ဓဘာသာများ အထွဋ်အမြတ်ထားရာ သီတင်းကျွတ်ကာလ၌ ဘုန်းကြီးကျောင်းများသို့ သွားရောက်၍ ဥပုသ်သီလ ဆောက်တည်ရန် အခက်အခဲရှိနေကြောင်း သိရသည်။