RNA_အောက်တိုဘာ(၂၄)၊၂၀၂၆ခုနှစ်။
မကွေးတိုင်း မြိုင်မြို့နယ်အနောက်ခြမ်းရှိ ကျေးရွာကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် မိသားစုဝင် (၃) ဦး သေဆုံးခဲ့ပြီး အသက် (၁၁) လအရွယ် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အညာမြေတပ်ပေါင်းစုက ထုတ်ပြန်ထားသည်။
ယနေ့ (အောက်တိုဘာ ၂၄ ရက်) နံနက် (၁၀) နာရီဝန်းကျင်က မန္တလေးတိုင်း ညောင်ဦးမြို့မှတက်လာသည့် ဂျိုင်ရိုကော်ပတာကို အသုံးပြုကာ စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် တောင်ရိုးကျေးရွာအနီးမှ နေအိမ်တစ်လုံးကို ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
အညာမြေတပ်ပေါင်းစု၏ ထုတ်ပြန်ချက်၌ ကျေးရွာအမည်ကို မဖော်ပြထားသော်လည်း ဗုံးကြဲခံရသည့် နေရာသည့် တောင်ရိုးကျေးရွာအနီး၌ဖြစ်ကြောင်း မြိုင်မြို့နယ် ဒေသတွင်းသတင်းများ၌ ဖော်ပြထားသည်။ တောင်ရိုးကျေးရွာသည် ပေါက်မြို့နယ်နှင့်ကပ်လျက်ရှိပြီး မန္တလေး-မြစ်ကြီးနား ရထားလမ်းမဘေး၌ ရှိသည်။
စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်အတွင်းရှိနေသည့် အမျိုးသား (၂) ဦးနှင့် အသက် (၄၀) နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့ သေဆုံးခဲ့ပြီး ယင်းအမျိုးသမီး၏ ကလေးငယ် (၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်အနီး ရေနံမြေလုပ်ကွက်များကို ထိန်းချုပ်နိုင်ရန် စစ်အုပ်စုတပ်ဖွဲ့များက မြေပြင်စစ်ကြောင်းထိုးမှုများနှင့် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နီးပါး လုပ်ဆောင်နေပြီး တနိုင်တပိုင် ရေနံတူးဖော်သည့်လုပ်ငန်းခွင်များကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်နေသည်။