RNA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်။
ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ၎င်း ထိန်းချုပ်ဒေသအတွင်း ရုံးသုံးဘာသာစကားနှင့် မြေယာပိုင်ဆိုင်မှု ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုသည် ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း ရှမ်းပြည် ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) က ယနေ့ (အောက်တိုဘာ ၂၃ ရက်) ထုတ်ပြန်ထားသည်။
MNDAA အကောင်အထည်ဖော်နေသည့် ရုံးသုံးဘာသာစကား ပြုပြင်ပြောင်းလဲမှုသည် ဒေသခံပြည်သူအများစုနှင့် ရင်းနှီးကျွမ်းဝင်မှု လုံးဝမရှိသော၊ အသုံးပြုလေ့မရှိသော ဘာသာစကားကို အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် မဖြစ်မနေ အသုံးပြုရန် ဖိအားပေး စေခိုင်းမှုများရှိနေကြောင်း SSJAC က ဖော်ပြထားသည်။
MNDAA မဖြစ်မနေ အသုံးပြုခိုင်းသည့် ရုံးသုံးဘာသာစကားသည် မည်သည့်ဘာသာစကား ဖြစ်သည်ကို SSJAC က သီးခြားမဖော်ပြထားသော်လည်း MNDAA ထိန်းချုပ်ဒေသအတွင်း အသုံးပြုနေသည့် တရုတ်ဘာသာစကားဟု Red News Agency မှ ယူဆသည်။
ထို့ပြင် ဒေသခံပြည်သူများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လုပ်ကိုင်လာသည့် မြေယာပိုင်ဆိုင်မှုစနစ်များကိုလည်း ဒေသခံပြည်သူများ၏ သဘောဆန္ဒမပါဘဲ အတင်းအကြပ် ပြုပြင်ပြောင်းလဲခြင်း၊ သိမ်းဆည်းခြင်းများ လုပ်ဆောင်မှုနေကြောင်း၊ ယင်းလုပ်ရပ်များအား ကန့်ကွက်သည့် ဒေသခံများကို MNDAA တာဝန်ရှိသူများက ဖမ်းဆီးဖိနှိပ် နှိပ်စက်ခြင်းများ လုပ်ဆောင်နေကြောင်း SSJAC က ဖော်ပြထားသည်။
ယခုကဲ့သို့ ဒေသခံပြည်သူများ၏ မူလအခွင့်အရေးကို ထိခိုက်စေသည့် MNDAA ၏ လုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ကြောင်း ဖော်ပြထားပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုသာမက ရည်မျှော်သည့် ဖက်ဒရယ်ပြည်ထောင်စုစနစ်၏ အခြေခံမူများကိုပါ တိုက်ရိုက်ချိုးဖောက်ရာရောက်ကြောင်း SSJAC က ဆိုသည်။
မြေယာပိုင်ဆိုင်မှု ပြုပြင်ပြောင်းလဲရေးများကြောင့် နိုင်ငံခြားသားများ အတားအဆီးမရှီ ဝင်ရောက်လာနိုင်ခြင်းနှင့် နိုင်ငံခြားသားများ မြေပိုင်ဆိုင်ခွင့်ရရှိစေမည့် တိုက်ရိုက်နှင့် သွယ်ဝိုက်နည်းလမ်းများကို ဖြစ်ပေါ်စေနိုင်ကြောင်း SSJAC က ဖော်ပြထားပြီး ဒေသခံပြည်သူများ၏ ဆန္ဒနှင့် ဆန့်ကျင်နေသော လုပ်ရပ်များကို MNDAA အနေဖြင့် ချက်ချင်းရပ်တန့်ရန် SSJAC က တောင်းဆိုထားသည်။