ဝက်လက်အရှေ့ခြမ်း ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်အတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်

စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့ဝင် (၁၀၀) ကျော်ကို ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကားနှင့် ဒရုန်းများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း ရွှေဘိုခရိုင် အမှတ် (၂) တပ်ရင်းက စက်တင်ဘာ (၂၀) ရက်တွင် ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့်နှစ် ၂၀၂၅ ဒီဇင်ဘာ (၂၄) ရက်မှ ၂၀၂၆ ခုနှစ် ဇူလိုင်လ (၃၁) ရက်အထိ (၇)လတာအတွင်း စစ်အုပ်စုတပ်ဖွဲ့များနှင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ထိတွေ့တိုက်ပွဲပေါင်း (၁၅) ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ စစ်အုပ်စုဘက်မှ အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၃၃)၊ အမှတ် (၁၂၊ ၁၃) ခြေမြန်တပ်ရင်းများနှင့် လက်အောက်ခံ မင်းကွန်းပြည်သူ့စစ်အဖွဲ့ ပူးပေါင်းအင်အား (၃၀၀) ခန့် ပါဝင်ခဲ့ကြောင်း သိရသည်။

ဒေသတော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ရာနှင့်ချီ သေဆုံးခဲ့ပြီး စစ်ကား (၄) စီးကို သိမ်းဆည်းနိုင်ခဲ့ပြီး ဒရုန်းဖျက် (Jammer) ကားတစ်စီးကို ဖျက်ဆီးနိုင်ခဲ့ကာ ဒရုန်း (၂) စီးကို ပစ်ချနိုင်ခဲ့ကြောင်းနှင့် တိုက်ပွဲများအတွင်း လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ ထုံးဘိုးကုန်းရွာ၊ ရှားကွဲရွာ၊ ရေကမိုးရွာ၊ ရွာသစ်ရွာ၊ လှေပို့ဆိပ်ရွာနှင့် သစ်ဆိမ့်ကြီးရွာတို့တွင် စစ်အုပ်စုတပ်ဖွဲ့များနှင့် လက်အောက်ခံ ပြည်သူ့စစ်များ တပ်စွဲထားမှုရှိနေပြီး အရပ်သားပြည်သူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးမှုများရှိနေကြောင်း သိရသည်။

စစ်အုပ်စုတပ်ဖွဲ့ထားသည့် ကျေးရွာများအနီးဝန်းကျင်၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်ပွားနိုင်ခြင်းကြောင့် ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုသွားလာကြရန်ကိုလည်း ရွှေဘိုခရိုင် တပ်ရင်း (၂) က အသိပေးထားသည်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် (၇) လတာ စစ်ဆင်ရေးကို အမှတ် (၂) ရွှေဘိုခရိုင် စစ်ဌာန၏ ကွပ်ကဲမှုနှင့်အတူ အမှတ် (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၁၅၊ ၁၇၊ ၁၈၊ ၂၃၊ ၂၆၊ ၉၇၀၆ တပ်ရင်းများ၊ ၁၂၂၂ ဗျူဟာ၊ အမှတ် ၉၇၀၈ တပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း (၂) ဒရုန်းတပ်ဖွဲ့၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တို့ ပူးပေါင်းဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုက စစ်အင်အားဖြည့်တင်းမှုများကို မန္တလေး ဂေါဝိန်ဆိပ်ကမ်းမှတဆင့် တိုက်ခိုက်ရေးသင်္ဘောများ၊ တွဲတွန်းသင်္ဘော၊ ဝမ်းပြားသင်္ဘောများဖြင့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် အထက်သို့ ဗန်းမော်အထိ ဆန်တက်ကာ စစ်ကူအင်အား၊ လက်နက်ခဲယမ်းများ ဖြည့်တင်းများ လုပ်ဆောင်နေသည်။

By RNA Editor