RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ကျသောင်းဆိပ်ရွာကို စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနှင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ယနေ့ (စက်တင်ဘာ ၂၁ ရက်) ထုတ်ပြန်ထားသည်။
ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ်ရှိ ကျသောင်းဆိပ် (ယိုကလား)ရွာအနောက်ြခမ်းနှင့် အရှေ့ခြမ်းတို့ကို စစ်အုပ်စု စက်တင်ဘာ (၁၉) ရက် ည (၁၁) နာရီဝန်းကျင်တွင် ဂျက်ဖိုက်တာလေယာဉ်ဖြင့် ပေါင် (၅၀၀) ဗုံး (၄) လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်အုပ်စုဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျသောင်းဆိပ်အနောက်ဘက်ရှိ စာသင်ကျောင်း အဆောက်အအုံ (၃) လုံး၊ ဝန်ထမ်းအိမ်ရာ (၁) လုံးနှင့် နေအိမ် (၂) လုံးထိခိုက်ပျက်စီးခဲ့ပြီး ကျသောင်းဆိပ်ရွာအရှေ့ဘက်ခြမ်းရှိ စာသင်ကျောင်း အဆောက်အအုံ (၂) လုံး၊ ဒေသခံနေအိမ် (၃၆) လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
ထို့ပြင် စစ်အုပ်စုက ယင်းနေ့ည (၁၂) နာရီဝန်းကျင်၌လည်း ကျသောင်းဆိပ်ရွာ အနောက်ခြမ်းကို ၁၂၀ မမ လက်နက်ကြီးများဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအနီးရှိ စိုက်ပျိုးရေးခြံများ ထိခိုက်ပျက်စီးခဲ့ကြောင်း KNU က ဖော်ပြထားသည်။
ယခုလ စက်တင်ဘာ (၆) ရက်ကလည်း ကျိုက်ထိုမြို့နယ် အလူးကျေးရွာအုပ်စု ညောင်ထောက်ရွာအတွင်းသို့ စစ်အုပ်စုက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် (၁၀) နှစ်အရွယ် မိန်းကလေးငယ် (၁) ဦး သေဆုံးကာ အသက် (၄၆) နှစ်အရွယ် မိခင်ဖြစ်သူဖြစ်သူ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။