RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။
တနင်္သာရီတိုင်း မြိတ်-ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ထံ ကော်သူးလေတပ်မတော် (KTLA) မှ ထုတ်ပယ်ခံထားရသည့် ဆာကပေါ်တပ်ရင်းတစ်ခုလုံးက လာရောက်ပူးပေါင်းခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် သတင်းပြန်ကြားရေးက ယနေ့ (စက်တင်ဘာ ၂၁ ရက်) တွင် ထုတ်ပြန်ထားသည်။
KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်းခဲ့သည့် ဗိုလ်စောအဲဖိုး ဦးဆောင်သည့် KTLA ဆာကပေါ်တပ်ရင်းသည် တနင်္သာရီတိုင်းအတွင်း အခြေစိုက်စစ်ရေးလှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့ဖြစ်သည်။
စစ်အုပ်စုတပ်ဖွဲ့များနှင့်ဖြစ်ပွားခဲ့သည့်တိုက်ပွဲများအတွင်း KNLA တပ်ဖွဲ့များနှင့် စစ်ရေးပူးပေါင်းလှုပ်ဆောင်နေသည်ဟုဆိုကာ ဆာကပေါ်တပ်ရင်းတစ်ခုလုံးကို စောနယ်ဒါးမြ ဦးဆောင်သည့် KTLA မှ ထုတ်ပယ်ကြောင်း ပြီးခဲ့သည့် ဩဂုတ် (၂၈) ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။
KNLA တပ်မဟာ (၄) ထံ လာရောက်ပူးပေါင်းခဲ့သည့် ဆာကပေါ် ဗိုလ်စောအဲဖိုး၊ တပ်ရင်းတာဝန်ရှိသူများနှင့်အတူ တပ်ဖွဲ့ဝင် (၂၅) ဦးပါဝင်ပြီး KNLA တပ်မဟာ (၄) က အခမ်းအနားဖြင့် ကြိုဆိုခဲ့ကြောင်း သိရပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ခြင်းနှင့်အတူ တာဝန်ရှိသူများက ဂုဏ်ပြုစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် KNLA နှင့် လာရောက်ပူးပေါင်းခဲ့သည့် ဆာကပေါ်တပ်ရင်းမှ ဘတ်တံဆိပ်များကို ဖြုတ်သိမ်းပြီး KNLA ဘတ်တံဆိပ်များကို ပြောင်းလဲတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ KTLA ဆာကပေါ် တပ်ရင်းတစ်ခုလုံး KNLA တပ်မဟာ (၄) နှင့် ပူးပေါင်းနှင့်ပတ်သက်၍ KNLA မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး စောအယ်နားကို Red News Agency က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။