အာဏာသိမ်းစစ်တပ်မှ ရေတွင်းကုန်းကျေးရွာ ပြည်သူများကို အစုလိုက် အပြုံလိုက်သတ်ဖြတ်

RNA_မတ်(၉)၊၂၀၂၆ခုနှစ်။

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာအတွင်းမှာ ပြည်သူ (၃၀) ကို အာဏာသိမ်းစစ်တပ်က အစုံလိုက်အပြုံလိုက် သတ်ဖြတ်မှု ၂၀၂၆ ခုနှစ် မတ်လ (၇) ရက်နေ့က ကျူးလွန်ခဲ့ကြောင်း KNU ကထုတ်ပြန်ထားသည်။

ရေတွင်းကုန်းကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကိစ္စနှင့် ပတ်သတ်ပြီး NUG ၏ ထုတ်ပြန်ချက်မှာ ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနှင့် သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦး ကျော်သေဆုံးခဲ့သည်။


မတ်လ (၇) ရက်နေ့က အာဏာသိမ်းအကြမ်းဖက်စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ဒရုန်း‌များ၊ ဂျက်ဖိုက်တာ‌များဖြင့် ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းစစ်တပ်ဖမ်းဆီးထားသည့် အရပ်သား ပြည်သူ (၂၅) ဦးခန့် ထိခိုက်သေဆုံးခဲ့ရပြီး (၅) ဦးကို အာဏာသိမ်းစစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ယနေ့ (မတ်လ ၉ ရက်) နံနက်ပိုင်းတွင် KNU ကထုတ်ပြန်ထားသည်။

စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်တပ်၏ ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ – ၄၃၉ ပူးပေါင်းစစ်ကြောင်းသည် မတ်လ (၅) ရက်နေ့တွင် ရေတွင်းကုန်း ကျေးရွာအုပ်စုအတွင်းရှိ အပြစ်မဲ့အရပ်သားပြည်သူ (၁၆၀) ဦး ခန့်ကိုအကြောင်းမဲ့ဖမ်းဆီးခဲ့ကြောင်း၊ စစ်ကြောင်းထိုးလာစဉ်အတွင်းမှာလည်း ကာမီကာဇေ၊ လက်နက်ကြီး၊ ဒရုန်းနှင့် လေယာဉ်များအသုံးပြုကြောင်း ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။


အာဏာသိမ်းအကြမ်းဖက်စစ်တပ်သည် နိုင်ငံရေးထွက်ပေါက်အဖြစ် အတုအယောင်ရွေးကောက်ပွဲကို ဦးဆောင်ကျင်းပခဲ့ပြီး ရွေးကောက်ပွဲကာလအတွင်းမှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့ရုံသာမက ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလများတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများအား ပိုမိုကျူးလွန်‌နေကြောင်း KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor