ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် (၇၀၀) ခန့်သေဆုံး

Written by

in

RNA_ဒီဇင်ဘာ(၃၀)၊၂၀၂၄ ခုနှစ်။

အာရက္ခတပ်တော် (AA) အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း နောက်ဆုံး သိမ်းပိုက်ရရှိလိုက်သော ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ (၇၀၀) ခန့်သေဆုံးနိုင်သည်ဟု AA ကထုတ်ပြန်လိုက်သည်။

ဂွမြို့သိမ်းတိုက်ပွဲအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၉) ရက်နေ့၊ မွန်းတည့် (၁၂) နာရီအချိန်တွင် အဆိုပါ ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းစလုံးအား ရှေ့ဆင့် နောက်ဆင့် တစ်ရက်တည်း၌ သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

“တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့သေဆုံးခဲ့ပြီး အခြားအဆင့်အမြောက်အမြားသေဆုံးခဲ့သည်။တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံ့ပန်းအများအပြားကို ဖမ်းဆီးရမိခဲ့သည်။ ဂွမြို့ ထိုးစစ်အစမှ အဆုံးအထိ တိုက်ပွဲအတွင်း ခန့်မှန်း ရန်သူ (၇၀၀) ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင်အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်၊ သိမ်းဆည်းရမိ စာရွက်စာတမ်းများအရ သိရှိရသည်” AA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂွမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဂွအခြေစိုက် တပ်ရင်းများအပြင် ဂွမြို့သို့စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊ တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရသည်ဟု သိရသည်။

#RedNewsAgency #REDNEWS #RNA