အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force – ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။

“BPLA နဲ့ဆိုရင်လည်း ကျွန်တော်တို့ မဟာမိတ်ဆက်ဆံရေး ရှိပါတယ်။ ကျွန်တော်တို့ မကြာခင်မှာ BPLA နဲ့ ကျွန်တော်တို့ ကြားထဲမှာ ပူးပေါင်းဆောင်ရွက်မှု စစ်ရေးအရ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာပါလိမ့်မယ်” ဟု ကိုမင်းဟန်ထက်က Red News Agency နှင့် အင်တာဗျူးတွင် ပြောသည်။

Student Armed Force – ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် အာရက္ခတပ်တော်နှင့် မဟာမိတ်ဆက်ဆံရေးရှိသည့်အတွက် စစ်ရေးအတွေ့အကြုံယူရန် တိုက်ပွဲများတွင် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ BPLA နှင့်လည်း နိုဝင်ဘာ (၁၀) ရက်နေ့က တွေ့ဆုံဆွေးနွေးထားမှုများရှိကြောင်းလည်း ထုတ်ပြန်ထားပြီး၊ အခြေစိုက်ဒေသတွင်းရှိ တပ်ရင်းတပ်ဖွဲ့များ၊ ပ.က.ဖ၊ ပ.အ.ဖ နှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့်လည်း ပူးတွဲ တိုက်ပွဲဝင်များရှိကြောင်း သိရသည်။

ကျောင်းသားလက်ရုံးတပ်တော်အနေဖြင့် စစ်ကိုင်းစစ်ဒေသ၊ မကွေးစစ်ဒေသ၊ စစ်ကိုင်းအထက်ပိုင်း ထီးချိုင့်စစ်ဒေတို့တွင် အခြေချလှုပ်ရှားနေသည့်အပြင် ရခိုင်စစ်ဒေသအတွင်းမှာလည်း လှုပ်ရှားမှုများရှိကြောင်း သိရသည်။

#RedNewsAgency

By RNA Editor