အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

“အညာရဲ့လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေနတ်ဝယ်ပြီး စစ်အာဏာရှင်ကို ကိုယ်ထူးကိုယ်ချွန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ”

ရန်နိုင်

အညာဒေသမှာ စစ်ကောင်စီတပ်တွေ နောက်ဆုတ်သွားချိန်မှာ ရွာသူ၊ရွာသား တွေသာမက တော်လှန်ရေး တပ်ဖွဲ့တွေလည်း လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ စိုးမိုးနယ်မြေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီ လက်လှမ်းမမှီတော့တဲ့ ကျေးရွာတွေမှာလည်း M4 ကိုင်နိုင်တဲ့ ပ.က.ဖ အဖွဲ့ဝင်တွေက ဒေသတွင်း တန်ခိုးထွားနေပြီး ဆိုင်ကယ်တစီးနဲ့သွားလိုရာကို သေနတ်ကိုင်ပြီးလျှောက်သွားလေ့ရှိကြောင်း ဝက်လက်မြို့ လက်လုပ်မိုင်း ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လုပ်ရေးတာဝန်ခံ ကိုမိုက်က ယ်(အမည်လွှဲ) က ပြောပြခဲ့ပါတယ်။

ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ အင်တာနက်အစား Starlink သုံးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ လုပ်ဆောင်ကြရပါတယ်။ Starlink ဆိုင်တွေဆိုတာ အမိုးအကာ လုံလုံခြုံခြုံလုပ်ပေးပြီးတော့ အင်တာနက် အသုံးပြုသူတွေထံကနေ အခကြေးငွေနဲ့ ပေးသုံးတာ ဖြစ်ပါတယ်။

စီးပွားရေး လုပ်နေတဲ့ Starlink ပိုင်ရှင်တဦးကတော့ “သူက ဘာလုပ်ပေးမလဲတော့မသိဘူး.. တို့ဆီက Starlink ဆိုင်တွေကိုတော့ တလကို လစဉ် ကြေး သိန်း ၃၀ လာတောင်းနေတယ်” ဆိုပြီး ဒေသတွင်း လက်နက်ကိုင် အာဏာပိုင် များကို မကျေနပ်တဲ့ လေသံနဲ့ ပြောပြပါတယ်။ မကွေးတိုင်းနဲ့ စစ်ကိုင်းတိုင်းမှာ Starlink ဆက်သွယ်ရေးလိုင်းတွေကို တစ်လ ယာယီရပ်ဆိုင်းထားဖို့ စစ်ဒေသ(၁)၊ ခရိုင်ပကဖ၊ မြို့နယ် ပကဖတွေကနေ စက်တင်ဘာ ၃၀ က စာထုတ်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။


စစ်ရေးသတင်းမပေါက်ကြားစေရန် ရည်ရွယ်ပြီး ပိတ်လိုက်တာလို့ ထုတ်ပြန်ထားပေမယ့်လည်း မယောင်ရာဆီလူးတာဖြစ်ကြောင်း ဂန့်ဂေါခရိုင် တော်လှန်ရေးရဲဘော်တယောက်က ပြောခဲ့တယ်။ အခကြေးငွေယူပြီး Starlink ဖွင့်နေတဲ့ ဆိုင်များအပေါ်စီးပွားရေးထိခိုက်မှုရှိကြောင်းနဲ့ မလေး၊ ထိုင်း၊ စင်္ကာပူ၊ ဂျပန်တို့မှာ အလုပ်သွားလုပ်နေသူတွေက မိဘတွေဆီ တလတခါငွေလွှဲဖို့အတွက် အခက်ခဲတွေ ဖြစ်သွားတယ်ဆိုပြီး ဒေသခံတွေကလည်း ပြောထားကြပါတယ်။ အညာမှာတော့ ဘာလုပ်လုပ် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အများစုက ထိန်းချုပ်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။ တနယ်နဲ့တနယ် ပုံစံသာကွာသွားမယ် လက်နက်အားကောင်း လူအင်အားများသူက ဗိုလ်ဖြစ်နေကြတာပါပဲ။

People’s Revolution Alliance ရဲဘော်များ

မြန်မာနိုင်ငံမှာ ဘုန်းကြီးနဲ့ စစ်သား အများဆုံးထွက်ပေါ်လေ့ရှိတဲ့ အညာဒေသ နဲ့ မြေလတ်ဒေသမှာ ၂၀၂၁ အာဏာသိမ်းပြီးကတည်းက စစ်အာဏာရှင်တော်လှန်ရေးအတွက် လက်နက်ကိုင်ပြီး မိမိဒေသကို မိမိတို့နည်းနဲ့ ကာကွယ်နေကြရတယ်။ အခုဆိုရင် စစ်ကောင်စီမစိုးမိုးနိုင်တဲ့နေရာတွေဟာ အတော်လေးများလာပြီဖြစ်ပါတယ်။ ဒေသတွင်း ဖြစ်ပျက်သမျှ အားလုံးကိုတော့ လက်နက်ကိုင်များက ထိန်းချုပ်ထားတယ်လို့ ပြောရမှာပါ။ လက်နက်ကိုင်အများစုကိုတော့ NUG/MOD က ထိန်းချုပ်ဖို့ ကြိုးစားနေတာလည်း တွေ့ရပါတယ်။

ဒေသတွင်း စစ်အာဏာရှင်တော်လှန်ရေးမှ ပေါ်ပေါက်လာတဲ့ ကိုယ်ပိုင်အဖွဲ့ ကိုယ်ပိုင်လက်နက်ငယ်တွေရှိပြီး အားကောင်းတဲ့ အညာဒေသက လက်နက်ကိုင် အဖွဲ့ငယ်တွေကို တော်လှန်ရေးရဲ့တပ်ဦးလို့ ကိုယ်တိုင်ခံယူထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဘယ်ပုံ စည်းရုံးထားနိုင်လဲ.?။ ဘယ်လောက်ထိ ထိန်းချုပ်ထားနိုင်လဲ..?။ တလျှောက်လုံး ပြောနေတဲ့ (Chain of Command-COC) ဘယ်လောက်ထိ အသက်ဝင်နေလဲ…? ဆိုတာတော့ မေးခွန်းထုတ်စရာရှိပါတယ်။ အညာဟာ တော်လှန်ရေးအားကောင်းတာကိုလည်း ငြင်းပယ်မရပေမဲ့ လက်နက်ကိုင်အဖွဲ့ပေါင်း သောင်းခြောက်ထောင်နဲ့ ကိုယ်ပိုင်အဖွဲ့လို ထင်ရာစိုင်းနေသူတွေလည်း ရှိနေတာ အားလုံးအသိဖြစ်ပါတယ်။

အညာရဲ့လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေနတ်ဝယ်ပြီး စစ်အာဏာရှင်ကို ကိုယ်ထူးကိုယ်ချွန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ ဖြစ်ကြတယ်။ နောက်ပိုင်းမှသာ လက်နက်အင်အား လူအင်အားတောင့်တင်းလာပြီး တပ်ရင်းတပ်ဖွဲ့ ဝင်သွားကြတာတွေ ရှိလာတာဖြစ်ပါတယ်။ အခုချိန်ထိ MOD အသိအမှတ်ပြုခံချင်သော်လည်း အသိအမှတ်ပြုမခံရသေးတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေဆဲဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန NUG/MOD ပေါ်လာပြီးနောက်မှ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကွဲသွားခဲ့တာမျိုးတွေလည်းရှိပါတယ်။ NUG/MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နဲ့ NUG/MOD လက်အောက်ခံမဟုတ်သော ဒေသခံကာကွယ်ရေးတပ် LPDF ဆိုပြီး ဖြစ်လာခဲ့တယ်။ နောက်ထပ်အမျိုးအစားကတော့ NUG/MOD လက်အောက်ခံမဟုတ်တဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေလည်း ရှိနေပါသေးတယ်။ အဲဒါကြောင့်လည်း စစ်ကောင်စီမစိုးမိုးနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ အဖွဲ့အစည်းအားလုံးသာ နိုင်ငံရေးသဘောတရားနဲ့ ဗိုလ်လုပ်ချင်စိတ်တွေ လုပ်ပိုင်ခွင့် ရပိုင်ခွင့်တွေထက် တော်လှန်ရေးကို အားစိုက်လုပ်မယ်ဆိုရင် အညာဒေသဟာ အခုထက်ပိုပြီး အောင်မြင်မှုတွေ ရနေမှာဖြစ်ပါတယ်။

MOD အမှတ်(၁)စစ်ဒေသရုံးက ဇူလိုင် နောက်ဆုံးပတ်ထဲမှာ ညွှန်ကြားချက်တစောင်ထုတ်ပြန်ခဲ့တယ်။ ၎င်းညွှန်ကြားချက်မှာ NUG အစိုးရအောက်မှာ မရှိတဲ့ အခြားအဖွဲ့အစည်းများနဲ့ပူးပေါင်း ဆက်သွယ်ခြင်း မလုပ်ရန် နဲ့ NUG အစိုးရအောက်မှာ မရှိတဲ့အဖွဲ့အစည်းတွေကိုလည်း ဒေသတွင်းဝင်ရောက်နေထိုင်ခွင့် မပြုဖို့အတွက် ညွှန်ကြားထုတ်ပြန်ခဲ့တယ်။ တကယ့်လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်တဲ့ MOD လက်အောက်ခံမဟုတ်တဲ့အဖွဲ့တွေနဲ့ ဒေသတွင်း MOD လက်အောက်ခံတွေကြား ပွတ်တိုက်မှုတွေ ဖြစ်ပေါ်နေတာလည်း အားလုံးအသိဖြစ်ပါတယ်။

မြေပြင်မှာရှိနေတဲ့ LPDF တွေကို NUG/MOD ကာကွယ်ရေးဝန်ကြီးဌာနက ချုပ်ကိုင်ပြီး နယ်မြေတွေကို ထိန်းချုပ်လာပေမယ့် MOD လက်အောက်ခံ ပသုံးလုံးဖြစ်တဲ့ ပကဖ၊ ပအဖ၊ ပလဖ အဖွဲ့ဝင်တွေက NUG ဖြေရှင်းမပေးနိုင်တဲ့အပြင် တာဝန်မယူရဲ့တဲ့ ဥပဒေမဲ့လုပ်ရပ်များကို တချို့သော မြို့နယ်တွေ ကျေးရွာတွေမှာ ဆက်တိုက်တွေ့လာရတယ်။ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ပကဖ နဲ့ ပအဖ အဖွဲ့တာဝန်ခံတွေကို အလိုမရှိကြောင်း ဩဂုတ်လ ပထမပတ်အတွင်းမှာ ဒေသခံ ၂၀၀ ကျော်က ဆန္ဒပြခဲ့ကြတယ်။

NUG မှ ခန့်အပ်ထားတဲ့ အဖွဲ့ခေါင်းဆောင်တွေရဲ့ လုပ်ရပ်များကို မကြိုက်တာကြောင့် ဒေသခံလူထုက မိမိတို့နှစ်သက်တဲ့ မြေပြင်မှာတကယ်အလုပ် လုပ်နေတဲ့ ခေါင်းဆောင်ကို ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်တယ်။ ဒီလို ဒေသခံတွေက NUG ခန့်ထားတဲ့ ပကဖ အဖွဲ့တာဝန်ခံတွေကိုအလိုမရှိဘူးဆိုတဲ့ ဆန္ဒပြမှုတွေ ဖြစ်လာစေတဲ့ ဒေသတွင်းမကျေလည်မှုတွေက များပြားလွန်းလှတယ်။ ထင်ထင်းရှားရှားဖြစ်စဉ်တွေအဖြစ် မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာ ရေလယ်ကျွန်း တပ်ပေါင်းစုအဖွဲ့က မြင်းခြံအခြေစိုက် MG6 ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် တစ်ဦးကို ပစ်ခတ်တိုက်ခိုက် သတ်ဖြတ်ခဲ့တယ်။

MG6 ပြောက်ကျားတပ်ဖွဲ့တွင်တွေနဲ့ သေဆုံးခဲ့တဲ့ခေါင်းဆောင်ရဲ့ မိသားစုဝင်တွေကို လည်း ဖမ်းဆီးထားခဲ့တယ်။ ဒါတွေကို ဘယ်သူမှ တာဝန်မယူကြသလို ဘယ်သူမှလည်း မဖြေရှင်းကြဘူးဖြစ်နေတယ်။ တော်လှန်ရေးဘက်တော်သားချင်းတောင် သတ်ဖြတ်မှုတွေ ကြုံတွေ့နေကြရတဲ့ အခြေ အနေတချို့ဟာလည်း မြေပြင်မှာတကယ်ဖြစ်နေတယ်ဆိုတာ အညာကလူတွေက အကုန်သိပါတယ်။ အရှိကို အရှိအတိုင်း အမှန်ကို အမှန်အတိုင်း မပြောရဲတဲ့ အဖြစ်အပျက်တွေက အညာမှာ တကယ်ရှိနေပါပြီ။

နောက်ပြီးတော့ ချောင်းဦးမြို့နယ်က ကလေးနဲ့ အမျိုးသမီး ၄ ဦးအပါအဝင် (၇) ဦးကို ရပ်ကျေး ပကဖ က အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့ကြတယ်။ ဒီဖြစ်စဉ်က တနှစ်ကျော်လာတဲ့အထိ ရုံးချိန်းတကြိမ်သာ ယူခဲ့သလို ပြစ်မှုကျူးလွန်သူ ပကဖ ရပ်ကျေးခေါင်းဆောင်ကလည်း ချောင်းဦးမြို့နယ် ပလဖ အချုပ်ကနေ ထွက်ပြေး လွတ်မြောက်နေခဲ့တယ်။ အရေးယူမှုမရှိ တိုင်လို့မရ ပြောမလို့မရတဲ့ ဒီလိုဖြစ်စဉ်တွေဟာ တော်လှန်ရေးကို တကယ်ထိခိုက်ပြီး ပြည်သူတွေ နစ်နာရတာ အမှန်ပါပဲ။ လက်နက်ကိုင် ဦးနှောက်မဲ့ ထိုင်ရာစိုင်းနေတဲ့ အာဏာရှင်စရိုက်ဆိုးမျိုး တချို့သော လူတွေဆီမှာ ရှိနေတာ သေချာပါတယ်။

ABSDF Column – 3 ရဲဘော်များ

၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာ ပလဖ နဲ့ ပကဖအဖွဲ့တွေ အချင်းများရာက ကိုယ်ဝန်ဆောင် ပရဟိတကျောင်း ဆရာမလေးတစ်ဦး ကိုယ်ဝန်ပျက်ကျခဲ့တယ်။ ဒီဖြစ်စဉ်မှာလည်း NUG/MOD ရဲ့လက်အောက်ခံဆိုတဲ့ ပလဖ နဲ့ ပကဖ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အချင်းများမှုကြောင့် အရပ်သားတွေ ထိခိုက်နစ်နာ ခဲ့ပေမယ့် NUG က လူသိရှင်ကြားဖြေရှင်းပေးတာ မတွေ့ရသေးဘူး။

လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ စိုးမိုးမှုအားကောင်းရာ ဒေသတစ်ခုဖြစ်တဲ့ ဆားလင်းကြီးအတွင်း တော်လှန်ရေတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ အမှတ်(၆)ချည်မျှင်နဲ့အထည်စက်ရုံမှ သံထည်များကို ဝင်ရောက် ယူနေသည့် ဒေသခံများအပေါ် NUG ရဲ့ “ပသုံးလုံး”အဖွဲ့က တင်းတင်းမာမာ ကိုင်တွယ်နေကြတယ်။ စက်ရုံဝင်းအတွင်းပစ္စည်းဝင်ယူမှုကြောင့် သေဆုံးသူ ၄ ဦးထိရှိခဲ့ပါပြီ။ဆားတုံးရွာသာ ကိုဇော်ဆန်းလှိုင် သေဆုံးပြီးနောက် “ပသုံးလုံး” အဖွဲ့တွေကို အလိုမရှိကြောင်းဒေသခံ ပြည်သူတွေက စက်တင်ဘာ ၂၆ မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်။

ပြည်သူကို မျက်နှာမူထားသည်ဟု ပြောဆိုခဲ့ပေမယ့် ပြည်သူတွေက မင်းမဲ့စရိုက်ဆန်ဆန် ပြည်သူပိုင်ပစ္စည်း တွေကို ခိုးယူတာကြောင့် ၁၄၄ ထုတ်ပြီး ပစ်ခတ်ဖြေရှင်းရခြင်းဖြစ်ကြောင်း မြို့နယ် ပလဖ တာဝန်ခံက ပြောခဲ့တယ်။ “ကျနော်တို့ကတော့ ပြည်သူတွေကို မျက်နှာမူပြီးလုပ်တာပဲလေ၊ ပြည်သူက ပြည်သူမဆန်ပဲနဲ့ မင်းမဲ့စရိုက်တွေကိုတော့ ကျွန်တော်တို့က တက်နိုင်သလောက်တော့ ထိန်းသိမ်းကာကွယ်သွားမှာပါပဲ” ဟု ဆားလင်းကြီး မြို့နယ် ပလဖ တာဝန်ခံက ပြောခဲ့တယ်။

တိုင်းတပါးနိုင်ငံတွေမှာက ပြည်သူကို ကာကွယ်ဖို့ ၁၄၄ အမိန့်ကိုထုတ်ပြန်တာ ဖြစ်ပေမယ့် ဒီမှာကတော့ ပြည်သူကိုပစ်သတ်တယ်ဆိုတဲ့ အခြေနေက စစ်တပ်နည်းတူ ဆက်ဆံလိုက်တဲ့အခြေနေဖြစ်တယ်လို့ ဆားလင်းကြီးအရေး တက်ကြွလှုပ်ရှားသူတယောက်က သုံးသပ်ထားပါတယ်။ NUG လက်အောက်ခံ “ပသုံးလုံး” အဖွဲ့တွေက ဒေသခံတွေနဲ့တင်းမာမှုတွေ၊ NUG လက်အောက်ခံ မဟုတ်တဲ့ ဒေသံခံကာကွယ်ရေးတပ်တွေနဲ့ တင်းမာမှုတွေ ရှိနေနေတာလည်း အားလုံးအသိဖြစ်တယ်။

တော်လှန်ရေးဆိုတဲ့အတိုင်း တချို့နေရာတွေမှာ အဖုအထစ်တွေရှိနေပေမဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းအတွင်းက နေရာတော်တော်များများမှာတော့ ဒေသတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကိုတော့ အတူပူးပေါင်း တိုက်ပွဲဆင်နိုင်ခဲ့ကြတာကိုလည်း တွေ့ရှိရပါတယ်။ ပူးပေါင်းတိုင်းပွဲတွေတော်တော်များများမှာလည်း အောင်မြင်နေတာကို တွေ့ရှိရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဘုတလင်မြို့နယ်၊ ကူတော်ရွာမှထွက်လာတဲ့ စစ်ကောင်စီရဲ့ အင်အား ၁၀၀ နီးပါးရှိ စစ်ကြောင်းတခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြတ်အသက် ချေမှုန်းနိုင်ခဲ့တယ်။

ULF (ယင်းမာပင်ခရိုင်)စစ်ကြောင်း၊ SAF (ကျောင်းသားလက်ရုံးတပ်တော်)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော် မုံရွာခရိုင်တပ်ရင်း-၂၀၊ (ဘုတလင်-ပကဖ) နဲ့ ဘုတလင်မိုဘိုင်းတပ်ဖွဲ့ ၊ PLA (ပြည်သူ့လွတ်မြောက်ရေး တပ်မတော်)၊ YRF ရတနာပုံတော်လှန်ရေးတပ်ဖွဲ့၊ 96 Soilders PDF စတဲ့ မဟာမိတ်ပူးပေါင်းတပ်များ စုပေါင်းပြီးဟန်ချက်ညီညီ တိုက်ခိုက်နိုင်ခဲ့တယ်။ အဲဒီအထဲမှာ ပကဖနဲ့ ပအဖ အဖွဲ့တွေလည်း ပါဝင်ခဲ့ပါတယ်။ အနောက်မြောက်တိုင်း စစ်ဌာနချုပ် (နမခ) နဲ့ အနီးဆုံးမှာရှိပြီး အင်အား ၁၀၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းကို အညာဒေသလက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ တွေ စုစုစည်းစည်းနဲ့ ချေမှုန်းလိုက်နိုင်ခြင်း ဖြစ်တယ်။

ဓာတ်ပုံ : မြိုင်မြို့နယ် ကိုင်းတောမ ရဲတပ်စခန်းသိမ်း တိုက်ပွဲအပြီး တွေ့ရသည့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲဘော်များ။

နောက်တခုကတော့ အညာဒေသမှာ “၃ ပေ တဂိတ်” ဆိုတဲ့ ဟာသတွေနဲ့ လမ်းခရီးတွေမှာ ဂိတ်ကြေးတွေက အခွန်အခ ကောက်ယူတာတွေရှိနေပြီး စစ်ကိုင်းတိုင်း သပိတ်ကော်မတီဝင် တစ်ဦးကတော့ သူတို့ဒေသမှာ အခွန်ကောက်မှု ပွင့်လင်းမြင်သာမှု မရှိဘူးလို့ ပြောထားပါတယ်။ အမှန်တော့ စစ်ကိုင်းတိုင်းမှာ မဟုတ်ပါဘူး မကွေးတိုင်းမှာလည်း အခွန်ကောက်တယ်၊ အလှူခံတယ်၊ နောက်ဆုံး ရေနံလက်ယက်တွင်းတွေကအစ ပိုင်ဆိုင်နေကြပြီ။ ဒါတွေဟာ NUG ပြောတဲ့ တနှစ်ဘယ်လောက်ရပါတယ် ဘယ်လောက်ကုန်ပါတယ်ဆိုတာနဲ့ပဲ ပြီးသွားခဲ့တာပါပဲ။

အတည်မပြုနိုင်တဲ့ ဒေသတွင်း သတင်းတွေအရ ရွှေလုပ်ကွက်တွေရှိတဲ့ အညာဒေသက အခွန်တွေနဲ့ ဒေသတွင်းသစ်ထုတ်လုပ်မှု လုပ်ငန်းတွေက NUG အတွက် ဘဏ္ဍာတွေရရှိနေခဲ့တယ်လို့ ပြောဆိုနေကြတယ်။ ၂၀၂၃ ခုနှစ် တနှစ်တာအတွင်း NUG ထိန်းချုပ်တားတဲ့ ၄၂ မြို့ကနေ အမေရိကန်ဒေါ်လာ ၂၂ သန်းထိ ရရှိခဲ့ကြောင်း NUG က ဖော်ပြခဲ့တယ်။ NUG အတွက် အခွန်ဆောင်ပေးနေတဲ့ အညာဒေက ကိုယ်ပိုင်ဝင်ငွေ ရှိတာကြောင့် NUG လက်အောက်ခံ မဟုတ်တဲ့ Local PDF တွေအတွက် NUG က တော်လှန်ရေး မဟာမိတ် တခုလောက်ပဲ ရှိနေခဲ့တယ်။ အခွန်ဆိုတာ ဒါမှမဟုတ် ငွေကြေးဟာ လက်နက်ကိုင်အဖွဲ့တိုင်းအတွက် လိုအပ်ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း အခွန်ကောက်ယူမှုတွေ ပြုလုပ်ကြရတာပါပဲ။ သို့သော် သူ့လူထုနဲ့ သူ့အနေအထားအရ စည်းစနစ်တကျရှိဖို့ ပွင့်လင်းမြင်သာမှုရှိဖို့တော့ လိုအပ်ပါတယ်။

တကယ်တော့ အညာဒေသတွင်း အခြေအနေတွေနဲ့ ပတ်သက်ရင် NUG အနေနဲ့ တော်လှန်ရေးအစိုးရ တစ်ရပ်အဖြစ် ကိုယ်တိုင်ခံယူထားတာပဲ ရှိပြီးတော့တော်လှန်ရေး လက်နက်ကိုင် အင်အားစုတွေကို စုဖွဲ့မှုကောင်းကောင်းနဲ့စည်းရုံးထားတာကို မတွေ့ရပါဘူး။ အညာဒေသမှာ LPDF တွေကို ကန့်သတ်ချုပ်ချယ် တိုက်ခိုက်မှုတွေရှိနေပေမယ့် လက်အောက်ခံ ပကဖ၊ ပလဖ၊ ပအဖ တွေရဲ့ ပြည်သူတွေအပေါ် ကျူးလွန်မှုတွေကိုတော့ ဖြေရှင်းပေးနိုင်တာမတွေ့ရဘူး။ ဒီအတိုင်းသာသွားရင် အညာဒေသကို NUG အတွက် ပါးစပ်ကသာ အဆင်ပြေနေပေမဲ့ မြေပြင်မှာတော့ သူတလူငါတမင်းနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့အတွက် အညာပြည်သူတွေ လစ်လျူရှုမှုကြောင့် တဖြည်းဖြည်းနဲ့ အညာမှာ အထီးကျန် လာလိမ့်မယ်။ မြေပြင်အခြေအနေကို တကယ်သိပြီး တကယ်ညီညွတ်မှုကို တည်ဆောက်နိုင်မှ ဖြစ်ပါတယ်လိမ့်မယ်။

လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အသည်းနှလုံးက အညာလို့သတ်မှတ်ထားတာကြောင့် အညာအောင်မှ တော်လှန်ရေးအောင်မှာ ဖြစ်ပါတယ်။ NGU အစိုးရအနေနဲ့ အညာဒေသ အင်အားစုတွေအပေါ်မှာ စုစုစည်းစည်းနဲ့ တိုက်ပွဲတွေ ဝင်ဖို့လိုနေပြီဖြစ်ပါတယ်။ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက တစ်မြို့တစ်ရွာမဟုတ် တပြည်နယ်လုံးအထိ သိမ်းနိုင်နေတဲ့အနေအထားကို အားကျကျေနပ်နေရုံနဲ့တော့ NUG ရဲ့ တော်လှန်ရေးက အောင်မြင်လာမှာမဟုတ်ပါဘူး။

ဓာတ်ပုံ : မြိုင်မြို့နယ် ကိုင်းတောမ ရဲတပ်စခန်းသိမ်း တိုက်ပွဲအပြီး တွေ့ရသည့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ရဲဘော်များနှင့် မဟာမိတ်များ။

တကယ့်ဖြစ်ရပ်မှန်ကတော့ NUG ရဲ့စိုးမိုးနယ်မြေဆိုတာ ကရင်မှာလည်း မရှိဘူး၊ ကချင်မှာလည်း မရှိဘူး။ ရခိုင်မှာလည်း မရှိဘူး၊ ရှမ်းမှာလည်း မရှိဘူး၊ ကိုးကန့်မှာလည်း မရှိသလို TNLA မှာလည်း မရှိပါဘူး။ တကယ်တော့ အညာမှာရှိဖို့ လိုအပ်နေပါပြီ။ NUG အနေနဲ့ အညာဒေသက လက်နက်ကိုင်အင်အားစုတွေကြား ပွတ်တိုက်မှုတွေကို ရင်ဘတ်ကျယ်ကျယ်နဲ့ စည်းရုံးထားနိုင်တာ မတွေ့ကြောင်းနဲ့ ၁၀၂၇ မှာလည်း စစ်ဆင်ရေးကို အညာအင်အားစုတွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဟန်ချက်ညီအောင် မစွမ်းဆောင်နိုင်ခဲ့သလို လက်ရှိ ဒုတိယအကျော့မှာလည်း မန်းရှမ်း စစ်ဆင်ရေးရယ်လို့ အမည်တပ်ထားနိုင်တဲ့ အခြေအနေ အနည်းငယ်ကိုသာ တွေ့ရပါတယ်။

အညာဒေသက မြေပြင်အခြေအနေမှာ ငါ့လုပ်ကွက်၊ ငါ့နယ်မြေဆိုတာတွေကို NUG အနေနဲ့ တကယ်ထိန်းချုပ်နိုင်ပြီးတော့ အုပ်ချုပ်ရေး၊ လုံခြုံရေး၊ ကာကွယ်ရေးတွေကို စနစ်တကျအကောင်အထည်ဖော်ရင်း အခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့လည်း စစ်ရေး၊ နိုင်ငံရေးတွေကို ပူးတွဲလုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ တော်လှန်ရေးကာလဆိုပြီး ထင်ရာစိုင်းနေသူတွေကို မထိန်းသိမ်းနိုင်ရင်တော့ ကိုယ်မွေးတဲ့မြောက်က ကိုယ့်ပြန်ခြောက်တာ ခံရဖို့ များနေပါပြီ။ NUG အနေနဲ့ ပြင်ဆင်ဖို့ အချိန်မနှောင်းသေးကြောင်း မြေပြင်အခြေအနေများကို ဦးတည်ပြီး အကြံပြု တိုက်တွန်းလိုက်ပါတယ်။

Red News Agency

By RNA Editor