“ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ”
တာမခန် ၁၂ ရက် (အပိုင်း – ၁)
၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။
ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။
“အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်” မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။
အတော်လေးကြာတဲ့အချိန်ကျမှ “ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ” ဆိုတဲ့သတင်းရောက်လာတယ်။ အဲ့နောက်မှ တပ်ပေါင်းစု စစ်ကြောင်းက ဆက်လက်ချီတက်ခဲ့တယ်။ ရန်သူက ပြင်ဆင်ပြီးစောင့်နေလောက်ရောပေါ့။
ကျနော်တို့တပ်စိတ်က သတ်မှတ်ထားတဲ့ တောင်ကုန်းပေါ်တက်ခဲ့ကြတယ်၊ တောင်ကုန်းက ခပ်ပြေပြေပါပဲ၊ နာနတ်ပင်တွေ အများကြီးနဲ့စိုက်ခင်းတစ်ခုဖြစ်လိမ့်မယ်။ သတ်မှတ်နေရာရောက်တော့ ကတုပ်ကျင်းတူးဖို့ နေရာရှာနေကြတုန်း သေနတ်သံတွေစကြားရတယ် ကျနော်တို့လည်း နီးစပ်အပင်တွေနောက်မှာကွယ်ပြီးနေရာယူထားလိုက်ကြတယ်။
တိုက်ပွဲစပြီ
“ဟေ့ကောင် အဲ့ဖက်လမ်းကိုသေချာကြည့်ထား သူတို့တက်လာနိုင်တယ် အဲ့တာသူတို့ဆုတ်လမ်းဟုတ်တယ်” ဗိုလ်ကြီးက ကျနော့်ကိုလှမ်းအော်ပြောတယ်။ ကျနော်အပါဝင်ရဲဘော်သုံးယောက် လမ်းဆီကို မမှိတ်မသုန်ကြည့်နေရတာပေါ့။
” ဝုန်း” ကနဲပေါက်ကွဲသံတစ်ချက်ထွက်လာပြီး ကျနော့်ကိုလေလာဟပ်တာခံစားလိုက်ရတယ် ကျနော့်နားခပ်နီးနီးမှာ 40 မမလာကျတာသိလိုက်တယ်၊ သိပ်မကြာခင်မှာပဲ နောက်ထပ်လက်နက်ကြီးကျည်တွေနေရာအနှံ့မှာကျလာတော့တယ် ကျနော်တို့သုံးယောက် မြေကြီးပေါ်မှာပဲ ပြားအောင်ဝပ်နေရတာပေါ့။
” ဟေ့ကောင်တွေ မရတော့ဘူး နေရာရွေ့မယ်”
ကျန်တဲ့ရဲဘော်နှစ်ယောက်ကိုခေါ်ပြီး ကျနော်လည်း ဗိုလ်ကြီးတို့ရှိတဲ့ဖက်ကို ပြေးလာခဲ့တယ်။ ကျန်ရဲဘော်တွေက ကျနော်တို့လမ်းစောင့်နေတုန်း ကတုပ်တူးပြီးပြီမို့ ကျနော်တို့လည်း ကတုပ်ကျင်းတွေထဲလူခွဲဝင်လိုက်တယ် ၊ ကျနော်ရယ် ကျနော့်သူငယ်ချင်းရယ်ကတကျင်း ဒီကောင်နဲ့ကျနော်ကတောတူတူခိုခဲ့တာလေ။
ကျနော်တို့သေနတ်အသေးတွေကမမှီတာနဲ့ Pading (KIA ထုတ် 40 မမ ဗုံးပစ်လောင်ချာ) နှစ်လက်ရယ်၊ လက်ထောက်တွဲရယ်နဲ့ပဲ ပြန်ပစ်ရတယ် ကျနော်တို့ဖက်က လက်နက်ကြီးတွေ ဒရုန်းတွေကလည်း သဲကြီးမဲကြီး ပစ်နေကြတယ််။ တစ်ချိန်တည်းမှာပဲ တာမခန် ရဲစခန်းကုန်းကို တခြား တပ်ဖွဲ့တွေကလည်း တိုက်ခိုက်နေကြပြီ။
တစ်ညလုံးနီးပါး လက်နက်ကြီး ဒရုန်း စတာတွေနဲ့ပစ်ခတ်တိုက်ခိုက်ပြီးတဲ့နောက် ၂၇ ရက်နေ့ မနက် ၄ နာရီလောက်မှာ စခန်းကုန်းနားအထိ ကပ်နိုင်သွားပြီ။
မနက် ၉ နာရီဝန်းကျင်လောက်ရောက်တော့ ကျနော်တို့တပ်စိတ်လည်း နေရာယူထားတဲ့ကုန်းပေါ်ကနေ စုရပ်နေရာဆီပြန်ဆုတ်ခဲ့တယ်
လမ်းမှာ ရဲဘော်သုံးယောက် တံပိုးနဲ့လျှိုပြီး အလောင်းတစ်လောင်းထမ်းလာတယ်။
“ဘယ်သူလဲ” ပြောပြောဆိုဆိုနဲ့ စောင်အသာလှပ်ကြည့်လိုက်တော့ ရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့မျက်နှာတစ်ခု။
” ဟာ ဗိုလ်လေး ” ကျနော်ယောင်ပြီးအော်မိတယ်။
ကိုယ့်ဖက်ကတစ်ယောက်ပေးလိုက်ရပြီ၊ ကျနော်တို့လည်း ကိုယ့်ခရီးကိုယ်ဆက်ခဲ့တယ်။ စုရပ်ကိုရောက်ပြီးသိပ်မကြာခင် လေယာဉ်ပျံလာပြီး ရှေ့ကအဖွဲ့တွေကိုကျဲတယ်။ နောက်တော့ သတင်းရောက်လာတယ် ကျနော်တို့ ရင်းက ရဲဘော်နှစ်ယောက်ပွဲချင်းပြီးကျတယ်တဲ့ ကျနော်တို့ အားလုံးတောက်တခတ်ခတ်နဲ့ပေါ့။
တိုက်ပွဲကတစ်နေကုန်ဖြစ်နေတယ် ကျနော်တို့တပ်စိတ်ကတော့စုရပ်ကနေမရွေ့ရသေးဘူး။ ညနေစောင်းလောက်ကျတော့ လူလာခေါ်တယ် ရှေ့ဖက်ကိုသွားဖို့တဲ့ ကျနော်လိုက်သွားလိုက်တယ်။ ဟိုရောက်တော့ လူနာတစ်ယောက်ရယ် အလောင်းသုံးလောင်းရယ်ကျနော်တို့ထမ်းထုတ်ရတယ်။
မနက်က ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ် သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲနေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ။
အဲ့ကနေပြန်လာတော့ ကျနော့်သေနတ်မှာသွေးတွေစွန်းနေတယ် ကျနော်သုပ်ပစ်ဖို့ မတွေးတော့ဘူး ငါ့ရဲဘော်တွေရဲ့သွေးတွေ တိုက်ပွဲပြီးမှသုပ်မယ်လို့ ဆုံးဖြတ်လိုက်တယ်။
တိုက်ပွဲကပိုပြင်းထန်လာတယ်၊ လေယာဉ်တွေက နေ့စဉ်နဲ့အမျှဗုံးလာကြဲနေတယ် ဖားကန့်ဗျူဟာကပစ်တဲ့ လက်နက်ကြီးတွေကလည်း မကြာမကြာရောက်ရောက်လာတယ်။ ကျနော်တို့ကိုစားနပ်ရိက္ခာပို့ပေးတဲ့ အရပ် သားတွေရဲ့ ရဲဝံ့မှုကိုလည်းကျနော်တို့အသိမှတ်ပြုရမယ် တိုက်ပွဲ ဧရိယာထဲအထိ အရောက်လာပို့ကြတယ်..။
ကျနော်တို့အဖွဲ့တွေက စခန်းကုန်းထဲထိမဝင်နိုင်သေးဘူး၊ ခြံစည်းရိုးနဲ့မလှမ်းမကမ်းမှာတင်ကတုပ်တွေတူးပြီးနေထားကြတယ် အဲ့ကနေပဲပစ်ကြတယ်။ ခြံစည်းရိုးကိုလုံးဝမဖောက်နိုင်ဘူးဖြစ်နေတယ်။ ဘန်ကာတွေကလည်း အရမ်းမာနေတော့ Drop bomb တွေလည်းမတိုးဘူး၊ ကိုယ့်လူတွေက စခန်းနားကပ်ကုန်ပြီဆိုတော့ လက်နက်ကြီးတွေလည်းပစ်မရတော့ဘူး။
ရန်သူကလည်း သူတို့ကိုယ်တိုင်ခံပစ်တာထက် လေကြောင်းပစ်ကူပဲမကြာမကြာခေါ်နေတော့တယ်။ နေ့ညမပြတ် သူ့ဖက်ကိုယ့်ဖက်ပစ်နေခဲ့တာ
၃ ရက်မြောက်နေ့မှာ အင်အားထပ်ဖြည့်တဲ့အနေနဲ့ ကျနော်တို့တပ်စိတ်ကို အရှေ့ဖက်ဝင်ပေါက်စီလွတ်လိုက်တယ်၊ ကျနော်တို့လည်း ရောက်တာချက်ချင်း ကတုပ်တွေထဲနေရာယူပြီး သဲကြီးမဲကြီးကိုပစ်တော့တာပဲ ၊ ညရောက်တော့ အမှောင်ထုကို အခွင့်ကောင်းယူပြီး ကျနော်တို့ဆီက ရဲဘော်နှစ်ယောက် ခြံစည်းရိုးကို ဓာတ်ဆီသွားဖြန်းတယ် တော်တော်စွန့်စွန့်စားစားလိုပြောရမယ် အဲ့နောက်တော့ မီးပုလင်းတွေနဲ့ပစ်ပြီးခြံစည်းရိုးကိုမီးရှို့ကြတယ်။
ကျနော်တို့ပစ်ကြတယ်၊ ကတုတ်တွေကို လမ်းတဖက်ဆီမှာအရှည်လိုက်တူးထားတာမို့ ပစ်တဲ့အခါ လမ်းမပေါ်တက်ပစ်ကြတယ်၊ တဖက်ရန်သူက ဘန်ကာထဲကနေ ခံပစ်နေတာကို ကျနော်တို့ရဲဘော်တွေဟာ လမ်းမပေါ်ကနေ မတ်မတ်ရပ်လို့ပစ်ပြခဲ့တယ်၊ စိတ်ဓာတ်ချင်းရိုက်ချိုးတဲ့နေရာမှာ အပြတ်သတ်သာခဲ့ပြီ။
ခြံစည်းရိုးက စုစုပေါင်းလေးထပ်ရှိတယ် ကြားမှာလူသတ်ကျွင်းတွေ မိုင်းတွေရှိတယ် ကျနော်တို့ဝင်လို့အဆင်မပြေဘူး၊ ကံကောင်းတာက အဲ့ဒီနေ့မှတ်မှတ်ရရ လေယာဉ်မလာဘူး ကျနော်တို့ကတုပ်ကျင်းထဲအိပ်ကြတယ်။
မနက်လင်းတာနဲ့ တခါပြန်စပစ်ကြတယ် ကျနော်တို့ဒရုန်းတွေကလည်းနေ့ရောညပါကြဲတာ ၄ ရက်မြောက်တဲ့နေ့မှာတော့ လူကြီးတွေက ဗျူဟာပြောင်းဖို့ စီစဉ်ကုန်ကြပြီ။
လမ်းမပေါ်တက်တက်ပစ်နေတာကိုကြည့်ပြီး စီနီယာရဲဘော်ကြီးတစ်ယောက်က “ညီလေးတို့ရာ အဲ့လောက်မရဲပါနဲ့” စိတ်ပူပြီးလိုက်တားရှာတယ်။
“ဘာမှမဖြစ်ဘူး ကိုကြီး အေးဆေး” ကျနော်တို့ရဲ့စိတ်ဓာတ်တွေဟာ အမြင့်ဆုံးမှာရောက်နေပြီ၊ ကိုယ့်လူတွေလည်း တစ်ယောက်ပြီး တစ်ယောက်ကျသွားတာကိုမြင်တိုင်း ဆုံးဖြတ်ချက်တွေဟာပိုခိုင်မာလာတယ်၊ ကျနော်တို့ အရှေ့ဖက်အဖွဲ့တွေကိုဦးဆောင်တဲ့ ဗိုလ်လေးက ” ဒီကုန်းမရမချင်း ပြန်မဆုတ်နိုင်ဘူး” တဲ့ သူကလည်း သူ့သူငယ်ချင်းကိုရင်းထားရတာ။
Ernesto Ba Chan
#RedNewsAgency #RNA