အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

“လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်”

ကေဂျီ (KinderGarten)

ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌ အကြီးမားဆုံးသော ချိန်ခွင်လျှာ အပြောင်းအလဲတစ်ရပ်ကို ဖြစ်ပေါ်စေခဲ့သည်။

၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်၏ ခေတ်အဆက်ဆက် သမိုင်းတလျှောက်တွင် မကြုံဖူးသော ဒကစ (လောက်ကိုင်) ပထမဆုံးအကြိမ်အဖြစ် ကျရှုံးခဲ့ရသည်။ ကျရှုံးရပုံကလည်း ရိုးရိုးလေးပင်မဟုတ် အင်ပြည့်အားပြည့်ဖြင့် စိတ်ဓာတ်ကျကာ လက်နက်ချ အညံခံလိုက်ကြခြင်း ဖြစ်သည်။ ယင်းအချက်ကပင် စစ်ကောင်စီတပ် နိုင်ငံအနှံ့ အရှုံးများစွာ ကြုံတွေ့ချိနဲ့နေရသည့် လမ်းစဖြစ်လာခဲ့သည်။ ဒလိမ့်ကောက်ကွေး အကျနာကာ အဖတ်ပြန်ဆည် မရနိုင်တော့လောက်အောင် အခြေဖြတ်၍ အရိုက်ခံလိုက်ရခြင်းမျိုးဟုလည်း ဆိုနိုင်သည်။ အကျိုးဆက်အနေဖြင့် လက်ရှိကာလတွင် တော်လှန်ရေးအင်အားစုများက သိမ်းပိုက်၍ ထိန်းချုပ်ထားသည့် မြို့ပေါင်း ၇၈ မြို့ခန့်နီးပါး ရှိလာခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သည့် မန္တလေးမြို့သည်ပင် စစ်ကောင်စီလက်အောက်မှ ရုန်းထွက်ရန် ဟန်တပြင်ပြင်ဖြစ်နေသည့် အခြေအနေရှိလာသည်။ စစ်ရှုံး၍ အထိနာနေသော အနေအထားတွင် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများဖြင့် ဒေသအနှံ့က မြို့ရွာများအပေါ် နေ့မအား၊ ညမနား ဗုံးကြဲနေရုံသာ တတ်နိုင်တော့သည့်အတွက် အရပ်သားပြည်သူများ ထိခိုက်သေဆုံးရသည့် အရေအတွက်နှင့် မြို့ရွာပျက်ဆီး ဆုံးရှုံးမှုများသာ ပိုများလာခဲ့သည်။ 

အာဏာသိမ်းခဲ့သည် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှစ၍ လက်ရှိ ၂၀၂၄ စက်တင်ဘာ ၂၃ အထိ စစ်‌ကောင်စီကြောင့် သေဆုံးခဲ့ရသော ပြည်သူအရေအတွက်မှာ ၅၆၈၈ ဦးရှိခဲ့ပြီး သေဆုံးကြောင်း အတည်ပြုရန်လိုအပ်နေဆဲ ၂၅၀၀ ခန့်ရှိနေသေးသည်ဟု နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၂၃ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့အပြင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ အရေအတွက်မှာလည်း ၂ သောင်း ၇ ထောင်ကျော်ရှိခဲ့ကြောင်း အဆိုပါ တွေ့ရသည်။ အာဏာသိမ်းပြီးနောက် ၄ နှစ်နီးပါး ကာလတွင် ဆန္ဒပြ ပြည်သူလူထုကို ဖမ်းဆီးဖိနိုပ်မှုများမှ စတင်၍ ယနေ့အချိန်ကာလ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် အဖိုးအဖွားများပါမကျန် လူမျိုးတုန်း ဗုံးကြဲသတ်ဖြတ်နေသည်အထိ စစ်ရာဇဝတ်မှုများနှင့် ပတ်သတ်လာလျှင် စစ်ကောင်စီက မလုပ်ဘူးသည်ပင် မကျန်တော့။ ပြည်သူ့နွေဦးတော်လှန်ရေးအား ထိန်းချုပ်နိုင်ရန် အကြမ်းဖက်နည်းလမ်းမျိုးစုံကို သုံး၍ လုပ်ဆောင်ခဲ့ပြီး ဖြစ်သည်။ ၂၀၂၁ အာဏာသိမ်းစမှ ၂၀၂၄ စက်တင်ဘာ ၁၆ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၁၄၅၅ ခုအထိ ပြုလုပ်ခဲ့သည်ဟုလည်း BNI-Myanmar Peace Monitor ၏ စက်တင်ဘာ ၁၆ ရက်နေ့ မှတ်တမ်းတွင် ဖော်ပြထားသည်။

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် သန်းရွှေတို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်

အချိန်ကာလရှည်ကြာလာသည်နှင့်အမျှ တော်လှန်ရေး၏ ရေချိန်က မြင့်သည်ထက် မြင့်လာလေဖြစ်လာနေပြီး စစ်တပ်၏ နယ်မြေစိုးမိုးနိုင်စွမ်းက တရိပ်ရိပ် ကျဆင်းလာဆဲ ကျဆင်းနေမြဲဖြစ်သည် BNI-Myanmar Peace Monitor ၏ စက်တင်ဘာ ၆ ရက်နေ့ မှတ်တမ်းအရ တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည့် မြို့ပေါင်း ၇၈ မြို့အထိရှိလာသည်ကို တွေ့ရသည်။ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းမှအပ အခြားသော တိုင်းနှင့် ပြည်နယ်များတွင်လည်း တော်လှန်ရေးအင်အားစုများက မြို့များကို ထိန်းသိမ်းထားခြင်းမရှိသော်လည်း ဒေသတွင်း နယ်မြေစိုးမိုးမှု အသာစီးရယူထားကြောင်း စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းများ နှင့် ကရင်ပြည်နယ်တို့၏ စစ်ရေးသတင်းများမှတဆင့် တွေ့မြင်နေရသည်။ ထို့အပြင် NUG အစိုးရ၏ ထုတ်ပြန်ချက်အရ သုံးနှစ်တာကာလအတွင်း CDM ပြုလုပ်လာသည့် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် ဦးရေ တစ်သောင်းခွဲရှိခဲ့သည်ကိုလည်း တွေ့ရသည်။ ဤသို့သော အကြောင်း အချက်များကိုကြည့်လျှင်ပင် စစ်တပ်အနေဖြင့် ရေရှည်ရပ်တည်နိုင်ရန် မလွယ်ကူတော့ဟု ဆိုနိုင်လာသည်။  

ထိုအနေအထားတွင် အာဏာစတင်သိမ်းစဉ်ကမှစ၍ နောက်ကွယ်မှတစ်မျိုး ကမ္ဘာ့မြင်ကွင်းတွင်တစ်ဖုံ စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် အထောက်အပံ့နှင့် အကာအကွယ်များ တောက်လျှောက်ပေးနေသည့် တရုတ်နိုင်ငံက သိသိသာသာ ပေါ်ပေါ်တင်တင်ပင် စစ်အာဏာရှင်ဘက်မှ ရပ်တည်၍ မြန်မာ့နိုင်ငံရေးကို ဝင်ရောက်စွက်ဖက်လာသည်ကို တွေ့ရှိရသည်။ ယခင်က မြန်မာ့အရေး ကမ္ဘာ့အစည်းအဝေးများတွင် တရုတ်နိုင်ငံက ပြည်တွင်းစစ်အဖြစ်သာ မှတ်ချက်ပြု၍ ဗီတိုအာဏာဖြင့် စစ်အာဏာရှင်ကို ကာကွယ်ပေးခဲ့ဖူးသည်။ ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ဆင်မှုကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ ကစဉ့်ကလျားဖြစ်လာသည့် အချိန်တွင်လည်း ကြားဝင်စေ့စပ်ပေးခြင်းဖြင့် အသက်ရှုပေါက်ချောင်လည်အောင် ဖန်တီးပေးခဲ့ပြန်သည်။ အပစ်အခတ်ရပ်ဆဲရေးရသည်အထိ ဆွေးနွေးပွဲကို ပြုလုပ်ပေးခဲ့ပြီး စစ်ကောင်စီကို အထိနာစေသည့် ၁၀၂၇ စစ်ဆင်ရေးကို ရပ်တန့်ပေးခဲ့သည်။ သို့သော်လည်း စစ်ဆင်ရေး ဒုတိယအကြိမ် ပြန်လည်အားကောင်းလာသည့်အခါတွင်တော့ ထပ်မံ၍ ကြားဝင်ညှိနှိုင်းပေးသော်လည်း မရနိုင်တော့ပေ။ 

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် သန်းရွှေတို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်

ထို့အတွက်ကြောင့် ဩဂုတ် ၁၄ တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိကိုယ်တိုင် မြန်မာနိုင်ငံသို့ လာ၍ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပါအဝင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေတို့နှင့်ပါ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြန်သည်။ ဆွေးနွေးမှုရလဒ်ဖြစ်သည့် မြန်မာ့နိုင်ငံရေးတွင် တရုတ်နိုင်ငံက ထားရှိသောစည်း ၃ စည်းကို ဩဂုတ်လ ၁၆ ရက်နေ့ ထိုင်းနိုင်ငံတွင် ကျင်းပသည့် () ကြိမ်မြောက် မဲခေါင်လန်ချန်း အစည်းအဝေးအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယိက ထုတ်ဖော်ပြောကြားခဲ့သည်။ မြန်မာ့အရေးတွင် ပြည်ပ၏ ဝင်ရောက်စွက်ဖက်ခြင်းကို တရုတ်နိုင်ငံက လုံးဝခွင့်မပြုကြောင်း၊ မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုများနှင့် ပြည်တွင်းစစ်ကို ဆန့်ကျင်ကြောင်း၊ နှစ်နိုင်ငံကြား သွေးကွဲစေရန် တရုတ်နိုင်ငံအပေါ် စွပ်စွဲပြောဆိုခြင်းများကို ဆန့်ကျင်ကြောင်း တို့ဖြစ်သည်။ ထိုစည်းသုံးစည်း ကန့်သတ်ချက်အား ခိုင်မာစွာထိန်းသိမ်းမည်ဟုလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ စက်တင်ဘာ ၁၄ က ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံက ထားရှိသော စည်း ၃ စည်းသည် တရုတ်နိုင်ငံမပါဝင်သော ပြည်ပနိုင်ငံများအတွက်သာ ဖြစ်ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပြောဆိုထားပြီး ရက်သတ္တပတ် ၂ ပတ် မပြည့်မီ ဩဂုတ်လ ၂၉ ရက်နေ့တွင် တရုတ်ဘာသာဖြင့် ရှမ်းမြောက်က တိုက်ပွဲများအမြန်ဆုံးရပ်တန့်ရန် TNLA ထံသို့ ခြိမ်းခြောက်ထားသည့် စာတစ်စောင်သည် ရွှေလီမြို့ နိုင်ငံတော်လုံခြုံရေးကော်မတီ အမည်ဖြင့် ထွက်ပေါ်လာသည်။ စစ်ကောင်စီ လက်အောက်ခံအဖွဲ့များမှ ပြည်ပအားကိုး ပုဆိန်ရိုးဟု ဆိုခဲ့ကြသူများလည်း တိတ်တိတ်ဆိတ်ဆိတ် ဖြစ်သွားကြသည်။ မျိုးချစ်စိတ်ဓာတ်ဖြင့် ရှမ်းပြည်မြောက်ပိုင်းက တရုတ်၏ ပြည်ပကျူးကျော်စစ်အား ကာကွယ်ရန် ဗမာတမျိုးသားလုံးတွင် တာဝန်ရှိပါသည် ဆိုခဲ့ကြသူများကလည်း ပေါက်ဖော်ဆွေမျိုးဆိုသည့် စကားလုံးအား တရေးနိုးထယောင်မိလျှင်ပင် အသံထွက်မမှားစေရန် တိုးတိုးတိတ်တိတ် အလွတ်ကျက်နေ ကြပြန်သည်။ သို့သော်လည်း စာထုတ်ပြန်ပြီး တလပြည့်ခါနီး လက်ရှိကာလအထိ TNLA က နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ် ၂၀၆ နှင့် တောင်ခမ်း ၉၀၂ တပ်စခန်းတို့တွင် ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ နေပြည်တော် ခရီးစဉ်အပြီး ပြောင်းလဲသွားသည့် စစ်ကောင်စီ၏ အကြမ်းဖက်ဟန်ပန်သည် မကောင်းဆိုးရွားသဏ္ဍာန်အဖြစ် ပိုမိုရုပ်လုံးကြွ ပြောင်မြောက်လာသည်။ စက်တင်ဘာ ၂ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်က အကြမ်းဖက်အဖြစ် သတ်မှတ်သည့် အကြမ်းဖက်အဖွဲ့ ကြေငြာချက်ထွက်လာပြန်သည်။ ထိုကြေငြာချက်တွင် MNDAA TNLA နှင့် AA တို့ပါဝင်ခဲ့ပြီး စစ်ကောင်စီ အနေဖြင့် ၎င်းတို့အဖို့ ဆွေးနွေး၍ ရနိုင်စရာ ရှိနေသေးသည်ဟု ထင်ရသည့် အဖွဲ့အစည်း တစ်ချို့ကိုမှု သတ်မှတ်ရန် မတို့ရဲမထိရဲသေး။ သို့သော်လည်း တရုတ်အားကိုးဖြင့် အရဲကိုးလာသည့် စစ်ကောင်စီကြောင့်ဖွတ် မိချောင်းဖြစ် မြစ် မချမ်းသာဆိုသလို ဒေသခံ ပြည်သူများအဖို့တော့ ယခင်ကထက် မျက်ရည်တရွှဲရွှဲဖြင့် ပိုကြုံလာရပြန်သည်။  

မင်းအောင်လှိုင်ဦးဆောင်သည့် စစ်ကောင်စီတပ်သည် နွေဦးအဖြစ် အစပြုခဲ့သော တော်လှန်ရေးအရှိန်အဝါကြောင့် လက်ရှိကာလတွင် ကျားတော့ကျား သို့သော် လှောင်အိမ်ထဲက ကျားဖြစ်သွားခဲ့သည်။ သို့သော် ထိုလှောင်အိမ်ကို ဖွင့်ဖောက်ပေးရန် ကြိုးပမ်းသူရှိလာခဲ့သောအခါ မာန်တဖီဖီနှင့် အစွယ်တပြပြ ဖြစ်လာသည်။ ပြည်သူကို မျက်နှာမူပါသည်ဟု ဆိုထားသော တရုတ်နိုင်ငံ၏ ချစ်ကြည်ရေးမူဝါဒနှင့် ပြည်သူကို ကယ်တင်နေပါသည်ဆိုသော အကြမ်းဖက်စစ်တပ်တို့၏ ပူးပေါင်းမှုအကြားတွင် သန်းပေါင်းများစွာသော မြန်မာပြည်သူပြည်သားများသည် ဆင်းရဲဒုက္ခနှင့် အသက်ဘေးအန္တရာယ်များကို နိစ္စဓူဝ ရင်ဆိုင်နေရသည့် အခြေအနေမှ ရင်ခြင်းအပ်၍ ပေါင်းသင်းနေထိုင်ရတော့မည့် အနေအထားဖြစ်လာသည်။ 

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်

 

ပြည်တွင်းစစ်ကိုရပ်တန့်ပေးပြီးရွေးကောက်ပွဲလမ်းကြောင်းပေါ်သို့ စစ်ကောင်စီကို ဒရွတ်တိုက်ဆွဲခေါ်ကာ တင်ပေးချင်နေသည့် တရုတ်၏ မူဝါဒသည် မြန်မာပြည်သူလူထုကို မျက်နှာမူပါသည်ဟု မည်မျှပင်ဆိုဆို ၎င်းတို့၏ အကျိုးစီးပွားအပေါ်မူတည်၍ အခြေခံတည်ဆောက်ထားခြင်းဖြစ်သည့်အတွက် ခေါင်းစဥ်တပ်သတ်မှတ်ချက်များက ယေဘူယျဆန်လွန်းနေသည်။ ယင်းအချက်များကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့သမိုင်းတွင် အလွန်တရာကြီးမားသော အမဲစက် စွန်းထင်စေနိုင်သည့် အမှားကို ဝင်ရောက်၍ ကျူးလွန်လိုက်ခြင်းပင် ဖြစ်သွားနိုင်သည်။ ASEAN Studies Center ၏ ဇူလိုင်လ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုနှင့် စီးပွားရေးလုပ်ကိုင်မှုသည် ၆၀ ရာခိုင်နှုန်းရှိကြောင်းတွေ့ရှိရသည်။ ၂၀၂၃ ခုနှစ် တွင် မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းပေါင်း ၅၉၇ ခုရှိခဲ့ပြီး ပမာဏအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ ဒဿမ ၈၆၃ ဘီလျံရှိခဲ့သည်ကို စစ်ကောင်စီ၏ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်၏ ပြောဆိုချက်အရ သိရသည်။ တရုတ်နိုင်ငံအနေဖြင့်  မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း၊ လက်ပံတောင်းတောင် ကြေးနီသတ္တုတူး ဖော်ရေးစီမံကိန်း၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုံစီမံကိန်းစသည့် ရင်းနှီးမြုပ်နှံမှုကြီးမားသော စီမံကိန်းများရှိနေပြီး ပြည်သူရွေးချယ်တင်မြှောက်သည့် ၂၀၁၅ ရွေးကောက်ပွဲ အစိုးရထက် စစ်တပ်အာဏာသိမ်းပြီး စစ်ဗိုလ်ချုပ်အစိုးရများနှင့်သာ ပို၍ စီးပွားရေးပနံသင့်ခဲ့သည်။

ထို့ကြောင့် လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံကပြည်တွင်းစစ်အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင် တော်လှန်ရေးကာလကို ဖြတ်သန်းခဲ့ဖူးပြီး လက်ရှိကာလတွင် အောင်မြင်နေသည့် နိုင်ငံကြီးတစ်ခုက တော်လှန်ရေး၏ အနှစ်သာရကို မသိကျေးကျွန် ပြုထားခြင်းသည် ၎င်းတို့၏ အကျိုးစီးပွားအတွက်သာ ရည်ရွယ်၍ လုပ်ဆောင်ခြင်းဖြစ်ကြောင်းကို မြင်သာအောင် မီးမောင်းထိုးပြနေသည်။ ယခုကာလတွင် စစ်ကောင်စီကို အဓိက ထိုးနှက်နေပြီး အကြပ်ရိုက်စေသည့် စစ်အင်အားကောင်းသော  MNDAA နှင့် TNLA တို့အပေါ် စစ်ပွဲများ ချက်ခြင်းရပ်တန့်ရန် တရုတ်က တဖက်သတ် ဖိအားပေးနေပြန်သည်။ ထိုအချက်သည်လည်း အကြမ်းဖက်စစ်အုပ်စုကို အားပေးရာရောက်၍ လေကြောင်း ဗုံးကြဲ လူသတ်ပိုင်ခွင့်ပြုသည့်လိုင်စင် ထုတ်ပေးလိုက်ခြင်းမျိုး ဖြစ်လာသည်။ ထိုအကြောင်းနှင့် ဆက်စပ်၍ BNI – Myanmar Peace Monitor ၏ မှတ်တမ်းအရ စစ်ကောင်စီသည် စက်တင်ဘာလ ၁၆ ရက်တာကာလအတွင်း မြို့နယ်ပေါင်း ၂၉ ခုတွင် လေကြောင်းတိုက်ခိုက်မှု ၅၁ ကြိမ်ပြုလုပ်ခဲ့သည်။ 

ပြည်သူလူထု၏ အားပေးထောက်ခံမှုကိုသာ မရရှိခဲ့လျှင် NUG နှင့် PDF များ မြောက်ပိုင်းညီနောင်မဟာမိတ်များအပါအဝင် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များသည်လည်း ၃ နှစ်ကျော် ၄ နှစ်ကာလတိုအတွင်း ယနေ့အခြေအနေ ယနေ့အဆင့်အတန်းအထိ ဖြစ်လာနိုင်လိမ့်မည်မဟုတ်။ ပြည်တွင်း ပြည်ပမှ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းအုံ၍ မျက်နှာမှုထားကြပြီး အားကောင်းမောင်းသန် ဖြစ်လာစေရန် ထောက်ပံ့ ပြုစုပျိုးထောင်ပေးထားကြသည့် ထိုအဖွဲ့အစည်းများကို တရုတ်မူဝါဒတွင် ဆန့်ကျင်ထားပြန်သည်။ ထို့နောက် လူမြင်ကောင်းရုံမျှ ရပ်တည်နိုင်ရန်ပင် အခြေမခိုင်တော့သည့် စစ်ကောင်စီကို ဂုတ်ကဆွဲကိုင် ကျားကန်ပေးနေရသည်ကိုလည်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု မူဝါဒအရ မြန်မာပြည်သူလူထုကို မျက်နှာမူထားပါသည်ဟု လှည့်ဖျား၍ ပြောဆိုခဲ့ပြန်သည်။ စိတ်ထင်ရာစိုင်းနေသည့် စစ် ၃ စစ်၏ အရိပ်အခြေကိုကြည့်၍ ဒုက္ခအကြပ်အတည်းများကြားတွင် အကြောက်တရားအပြည့်ဖြင့် လှုပ်ရှားရုန်းကန်နေရသည့် မြန်မာပြည်သူလူထု၏ ညည်းညူ ငိုယိုသံများကို တရုတ်က နားမစွင့်ခဲ့။ စစ်အာဏာရှင်လက်စွဲ ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကိုအခြေခံသည့် ရွေးကောက်ပွဲကို ဖြစ်သလို ကျင်းပပေး၍ စစ်အာဏာရှင်ထွက်ပေါက်ကို ဖွင့်ပေးချင်နေသည်။ 

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး H. E. Mr. Wang Yi နှင့် မင်းအောင်လှိုင်တို့ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်၌ တွေ့ဆုံစဉ်

 

ပြည်သူလူထုအား စစ်မှန်စွာ ကိုယ်စားပြုနိုင်သည့် ပါတီများမပါဝင်ဘဲ စစ်အာဏာရှင် ပုံပြောင်းရန် ဖန်တီးထားသည့် တရားမဝင်ရွေးကောက်ပွဲတွင် အမြင့်ဆုံး အနိုင်ရမည့် ပါတီမှာ ကြံခိုင်ရေးပါတီသာ ဖြစ်လာမည်ကိုလည်း ပြည်သူလူထုက ကြိုတင်သိရှိထားကြပြီး ဖြစ်သည်။ စစ်ကောင်စီလက်အောက်ခံပါတီများဖြစ်သည့် ကြံခိုင်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့သည် ဇူလိုင်လအတွင်းက တရုတ်ကွန်မြူနစ်ပါတီ၏ တစ်ပတ်ကြာ နိုင်ငံတကာလေ့လာရေးခရီးစဉ် ဖိတ်ကြားခြင်းခံခဲ့ရသည်ဟု ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေး BACS မှ ထုတ်ပြန်သော အစီရင်ခံစာတွင် တွေ့ရှိရသည်။ ထိုသို့ စစ်အာဏာရှင်ထွက်ပေါက်ရ၍ သက်ဆိုးရှည်စေနိုင်ရန် အကွက်ကျကျ စီစဉ်ဆောင်ရွက်မှုများ ရှိနေသော်လည်း မြန်မာပြည်သူလူထုအား မျက်နှာမှုထားပါသည် ဟု ဆိုထားလေသောကြောင့် တရုတ်နိုင်ငံသည် ၎င်းတို့၏ အကျိုးစီးပွားနှင့် မြန်မာပြည်သူ မည်သည်ကို မှန်ကန်စွာ မျက်နှာမှုထားသည်မှာ မေးခွန်းထုတ်စရာမလိုတော့ပေ။ 

လောကတွင် အသက်ရှင်ကျင်လည်နေရသမျှ ကာလပတ်လုံး၌ အဆိုးအကောင်း၊ အနိမ့်အမြင့်၊အတက်အကျ၊ အဖြစ်အပျက်များကို လောကဓံအဖြစ် ကြုံကြိုက်နေရပေဦးမည်။ လက်ဗလာမှစတင်ခဲ့သော နွေဦးတော်လှန်ရေးသည် ကြာမြင့်ခဲ့သည့် အချိန်ကာလနှင့် မလိုက်အောင်ပင် လောကဓံကြမ်းကြမ်းတွင် လေဆန်နှင်ရင်းနှင့် တိုးတက်မှုအရှိန်အဟုန်က မြင့်မားလာသည်ဟု ဆိုနိုင်သည်။ ထို့အတွက်ကြောင့် ရှေ့ဆက်၍လည်း မိမိတို့ရည်ရွယ်ရာ ပန်းတိုင်သို့ရောက်ရှိနိုင်ရန်အကျိုးအကြောင်း၊ အကျိုးအမြတ်နှင့် အကန့်အသတ်များအပေါ်မှုတည်၍ လုပ်နိုင်စွမ်းရှိသမျှဖြင့် အကောင်းဆုံး ကြိုးစားလုပ်ဆောင်နေရပေမည်။ အလုပ်များကို ကောင်းမွန်စွာ ဖြစ်ပေါ်နေစေရန် အရွေ့များကို ဖန်တီးနေကြဖို့ အဓိကလိုအပ်သည်။ ထို့အပြင် မိမိတို့ ကိုယ်တိုင်ဖန်တီးယူ၍မရဘဲ သဘာဝအလျှောက် ပေါ်ပေါက်လာသည့် ဖြစ်ပျက်ပြောင်းလဲမှုများ၏ ပကတိအကျိုးဆက်များကိုလည်း သတိပြု၍ စောင့်ကြိုနေရမည်။ သို့မှသာ ပကတိသဘာဝမှ ပေါက်ကွဲထွက်ပေါ်လာမည့် တွန်အားများနှင့် မိမိတို့ ဖန်တီးရယူထားသော လုပ်အားအကျိုးပေးများ ပေါင်းစပ်နိုင်သည့် အချိန်အခါတွင်တော့ ကြီးမားသော အရွေ့နှင့် အောင်မြင်မှု ပန်းတိုင်ကို ရယူဆုပ်ကိုင်နိုင်ပေလိမ့်မည်။

တိုက်ပွဲပြန် ရဲဘော်များကို ပြည်သူများ ဝမ်းသာအားရ ကြိုဆိုနေမှုမြင်ကွင်း

နိဂုံးချုပ်ရသော် စစ်ရေးပိုင်းဗျူဟာနှင့် ပတ်သတ်လျှင်မိမိတပ်မိမိ အသင့်ပြင်ထားပြီး ရန်သူကို ပြင်ဆင်ချိန်မပေးဘဲ တိုက်နိုင်သောသူ၊ မိမိထက် အင်အားများသော ရန်သူ သို့မဟုတ် နည်းသော ရန်သူကို မည်သို့ကိုင်တွယ်ရမည် သိသောသူက နိုင်လိမ့်မည်။ ထို့အပြင်တာဝန် အဆင့်အတန်းများအားလုံး တသွေးထဲ၊ တသားထဲ စိတ်ဓာတ်ဖြင့် လှုပ်ရှားနေသော တပ်ကသာ နိုင်လိမ့်မည်ဟုလည်း တရုတ်စစ်ရေးဗျူဟာရှင်ကြီးက မိန့်ဆိုသည်။ လက်ရှိကာလတွင် တရုတ်နိုင်ငံ၏ မစစ်မှန်သော မူဝါဒဖြင့် ဝင်ရောက်စွပ်ဖက်မှုကြောင့် သံသရာရှည်သွားနိုင်သည့် မြန်မာ့နွေဦးတော်လှန်ရေးအတွင်းတွင် တရုတ်ပြည် ဂန္တဝင်မြောက် စစ်ဗျူဟာမှူးကြီး ဆွန်ဇူး၏ စစ်သေနင်္ဂဗျူဟာများကသာ အလုပ်ဖြစ်အောင် အသုံးချနိုင်ပါလျှင် အကျိုးအမြတ်ရှိ၍ အနှစ်ကျန်မည်ဖြစ်သည်။

Red News Agency

By Editor