ဆိပ်မူကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံး (၆) လုံးကြဲ

RNA_ဖားကန့်၊ စက်တင်ဘာ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ၊ ရပ်ကွက်(၄)အား စစ်ကောင်စီီက လေယာဉ် နှစ်စီးဖြင့် ယနေ့ နေ့လယ် တစ်နာရီက ဗုံး (၆) လုံးကြဲသွားခဲ့သည့်အတွက် အပျက်အစီးများနှင့် အထိအခိုက်များရှိကြောင်း သိရသည်။

စစ်ကောင်စီကတိုက်လေယာဉ် နှစ်စီးဖြင့် ဆိပ်မူကျေးရွာအတွင်း ဗုံးခြောက်လုံး ကြဲချမှုတွင် ကျေးရွာအတွင်းအစောင့်ကျန်ခဲ့သူများ၊ ပိတ်မိနေသူများ ထိခိုက်နိုင်ပြီး ထိခိုက်သေဆုံးမှု အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။


စစ်ကောင်စီ စစ်ကြောင်းက ဆိပ်မူရွာအတွင်း ဝင်ရောက်ကာ Lucky Men ဟိုတယ်နှင့်KTV တွင် KIA/KPDF များကိုဝင်ရာက်ဖမ်းဆီးရာမှ စစ်ရေးတင်းမာမှုအစပြုခဲ့သည့် (၆) ရက်မြောက်နေ့တွင် စစ်ကောင်စီက ဆိပ်မူကျေးရွာအတွင်း လေယာဉ်ဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ (၇)ရက်နေ့ နံနက်(၁)နာရီခန့်မှစတင်ကာ ဆိပ်မူရွာအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သည် Lucky Men ဟိုတယ်နှင့် KTV သို့ဝင်ရောက်ကာ KIA/KPDF များနှင့်အရပ်သားအချို့ကို ပစ်ခတ်ဖမ်းဆီးခဲ့သည့်အတွက် KIA/KPDF များက ရပ်ရွာအတွင်းဝင်ရောက်လာသည့် ထိုစစ်ကောင်စီတပ်များကို ပြန်လည်ဝိုင်းဝန်းပိတ်ဆို့ထားခဲ့သည်။

အပြန်အလှန် ဝိုင်းဝန်းပိတ်ဆို့ထားမှုအခြေအနေတွင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ခေါင်းဆာင်တစ်ဦးဖြစ်သူ ဦးယွပ်ဇော်ခေါင်နှင့်အဖွဲ့ စစ်ကောင်စီ စစ်ကြောင်းနှင့် Lucky Men ဟိုတယ်တွင် ညှိနှိုင်းမှုပြုလုပ်စဉ် အဆင်မပြေခဲ့ပဲ စစ်ကောင်စီက ပစ်ခတ်သည့် ကျည်ထိကာဘယ်ဘက်ပါင်တွင် ဒဏ်ရာရရှိခဲ့သည်။

ထို့နောက် (၆) ရက်ကြာသည့် ယနေ့အထိ အပြန်အလှန် ပစ်ခတ်မှုများရှိနေခဲ့ပြီး ယနေ့နံနက် (၆) နာရီခန့်က ဆိပ်မူကျေးရွာတွင်းရှိ စစ်ကောင်စီ စစ်သားနှင့်ရဲများစုပေါင်း တပ်စွဲထားသည့် စခန်းကုန်းကို KIA/KPDF များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများထွက်ပြေးသွားပြီး စခန်းကို KIA/KPDF များက မီးရှို့ ဖျက်စီးခဲ့ကာ Lucky Men ဟိုတယ်ကို အခြေပြုထားသည့် စစ်ကောင်စီ၏ လှုပ်ရှားစစ်ကြောင်းကို ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

#RedNewsAgency #RNA

By Editor