RNA_စက်တင်ဘာ(၁၁)၊၂၀၂၄ ခုနှစ်။
ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်သည့်အတွက် ကော့သောင်းမှတဆင့် ပြန်ပို့ခံရပြီး အဓမ္မစစ်မှုထမ်း စုဆောင်းခံရသူများထဲက (၂၇) ဦးသည် ပလောက်မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် စက်လှေဖြင့် သွားစဉ် စက်လှေပေါ်ပါလာသည့် စစ်ကောင်စီတပ်သား (၂) ဦးကို ရေထဲတွန်းချပြီး လက်နက်နှင့်စက်လှေယူဆောင်ကာ KNDO ထံ ခိုလှုံခဲ့ကြကြောင်း Kwe Ka Lu News -ကွဲၤကလုၢ်တၢ်ကစီၣ် တွင် ဖော်ပြထားသည်။
ကော့သောင်းမှ ပြန်အလွဲခံရပြီးနောက် မြိတ်မြို့တွင် အဓမ္မစစ်သားစုဆောင်းခံရပြီး စက်တင်ဘာ ၈ ရက်နေ့တွင် ပလောက် မြို့အခြေစိုက် တိုင်းဗဟို ၁၂ သို့ ပို့ဆောင်ရန် ငါးဖမ်းစက်လှေ ၃ စီးဖြင့်ထွက်ခွာခဲ့ရာ ပုလောမြို့နယ်အတွင်းရောက်စဉ် စက်လှေတစီးပေါ်တွင်ပါသည့် စစ်ကောင်စီတပ်သား ၂ ဦးကို လုံးထွေးသတ်ပုတ်ကာ ရေထဲတွန်းချပြီးနောက် သေနတ် ၂ လက်နှင့်အတူ စက်လှေကိုယူပြီး KNU တပ်မဟာ ၄၊ KNDO တပ်ရင်း (၇) ထံသို့ ဝင်ရောက်ခိုလှုံခဲ့ကြောင်း သိရသည်။
KNDO တပ်ရင်း (၇) ထံ အလင်းဝင်ရောက်ခဲ့သူ (၂၇) ဦးသည် ထိုင်းနိုင်ငံ၌ တရားမဝင်နေထိုင်မှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ချမှတ်ခံရပြီးနောက် ကော့သောင်းမြို့ ဆိပ်ခံဘောတံတား၌ စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်း ပို့ဆောင်ခံရပြီးနောက် တပ်သားသစ်အဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်သည်။
#RedNewsAgency #RNA