“လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်”
ခေတ်ငြိမ်းအေး
သူမတို့ရဲ့ ရွာက ထီးလင်းနယ်မှာရှိပြီး ထီးလင်းဆိုတာက တမြို့နယ်လုံး တောင်ဆင်း၊ တောင်တက်တွေနဲ့ စိမ်းစိုစို သဘာဝရှုခင်းတွေနဲ့ နေ့ချင်စဖွယ်အရပ်ဒေသတခုဖြစ်တယ်။ တောထဲက သစ်တွေဝါးတွေနဲ့ ဆောက်ထားတဲ့ ခြေတံရှည် သစ်သားအိမ်ကလေးတွေနဲ့ တောင်ကျချောင်းက လာတဲ့ရေကို သောက်သုံးကြတဲ့ ပကတိဖြူစင်ကြတဲ့ ယောသူ၊ ယောသားတွေပေါ့။ စိုက်ပျိုးရေးကိုပဲ အဓိကအားထားပေမယ့် စပါးကိုပင် ကိုယ့်အိမ်နဲ့ကိုယ် စားလောက်ရုံလောက်သာ စိုက်နိုင်ကြတဲ့ နေရာတခုဖြစ်တယ်။ လှပပြီး ရိုးရှင်းကြတာနဲ့အပြိုင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဖွံဖြိုးတိုးတက်မှုလည်း နောက်ကျခဲ့ကြတယ်။
ယောဒေသက ဖွင့်ဖြို့တိုးတက်မှုနောက်ကျရတာက အသိပညာအားနည်းတာအပြင် လူတွေက ရောင့်ရဲတင်းတိမ်နေကြလို့တဲ့။ သူမပြောပြတဲ့ ဥပမာ တခုရှိတယ်။ အဲ့ဒါက “ညီမတို့ ထီးလင်းနယ်မှာ ထန်းပင်တွေအများကြီးရှိတယ်၊ ဒါပေမယ့် အညာဒေသက လူတွေလို ထန်းရွက်ကို အမိုးအကာလုပ် ထန်းပင်သားကို ခြံစည်းတို့ ထိုင်ခုံတို့လုပ်၊ ထန်းရည်ကို ထန်းလျက်ဖြစ်အောင်ကြို အစစခပ်သိမ်း အကျိုးရှိအောင်မလုပ်တတ်ကြသလို၊ လုပ်ဖို့လည်း စိတ်မကူးကြဘူး”။ ဒီလို အရပ်ဒေသက လူငယ်တွေဟာလည်း ကျောင်းကို အဝေးကြီးထိ သွားတက်သူ အနည်းငယ်သာရှိပြီး ထူးထူးခြားခြားနိုင်ငံကျော်သွားတဲ့လူရယ်လို့ မတွေ့ရပါဘူး။
ထီးလင်းနယ်က မူလတန်းကျောင်းပဲ ရှိတဲ့ကလေးတွေအနေနဲ့ အလယ်တန်းတို့ အထက်တန်းတို့ကို တောင်ဆင်းတောင်တက် ပင်ပင်ပန်းပန်းသွားပြီး ကျောင်းတက်ကြရတာတဲ့။ မိုးရာသီဆို ရွံ့တွေက ဒူးခေါင်းလောက်ထိရှိပြီး အမြဲ သွားလာဖို့လည်း ခက်ခဲကြတယ်တဲ့။ ဒါပေမယ့် အခုလို အာဏာသိမ်းပြီးနောက်မှာတော့ ကိုယ်ထူကိုယ်ထနဲ့ ရပ်ရွာတွင်းက ဘွဲ့ရပညာတတ်တွေပေါင်းပြီး ဖွင့်တဲ့ကျောင်းတွေကြောင့် ကလေးတိုင်း ပညာရေးကို လက်လှမ်းမှီနေကြတယ်တဲ့။ အရင်က အသက် ၁၅ နှစ် ၁၆ ဆို ရည်းစားတွေထား အိမ်ထောင်တွေပြုကြတဲ့ ကလေးတွေက အခုတော့ ပညာတွေအပတ်တကုတ်ကြိုးစားပြီး အတန်းတွေပြီးသွားတဲ့သူတွေက အတန်းငယ်တွေကို ပြန်ပြီးစပြနေကြလေရဲ့။
ကျွန်မ သူတို့ရွာကို သွားတုန်းက ဖုန်တွေကြားထဲက တောင်တက်လမ်းကနေ ဆိုင်ကယ်နဲ့လာခဲ့တာမို့ အရင်ကတော့ လမ်းကမဆိုးဘူးမလား မေးကြည့်မိတော့ “အရင်က ဒါ့ထက်ပိုခက်ခဲပါတယ် သမီးရေ၊ ကြီးကြီးတို့မှာ အခုကမှ ကိုယ်ထူကိုယ်ထ ပြုပြင်ထားကြတဲ့ လမ်းတွေကြောင့် အဆင်နည်းနည်းပြေနေသေးတယ်၊ အရင်ကဆို နွေနဲ့ ဆောင်နှောင်းပိုင်းလောက်ပဲ သွားရတယ်၊ မိုးရွာသီနဲ့ ဆောင်းဝင်ခါစက ဘယ်ကိုမှ သွားမရကြဘူး” တဲ့။
ရွာအတွက် ကျန်းမာရေးအခန်းကဏ္ဍကို ကြည့်မယ်ဆိုတော့လည်း သားဖွား ဆရာမ တယောက်သာရှိပြီး ဒီဆရာမတယောက်ကလည်း ဘေးနားက ရွာငါးရွာအတွက်ပါ တာဝန်ယူနေတယ်။ အရေးတကြီးနဲ့ သေရေး ရှင်ရေးဖြစ်ပြီး ဆေးရုံကိုသွားဖို့ လိုအပ်ပြီဆိုရင် စောင်ပုခက်လုပ်ပြီး သယ်ပိုးကာ ဆေးရုံသွားကြရတယ်တဲ့။ ဒါပေမယ့် အခုချိန်မှာတော့ ဇာတ်ကားတွေထဲက မင်းသား၊ မင်းသမီးတွေနဲ့ တူတဲ့ ဆရာဝန်၊ ဆရာမချောချောလေးတွေကလာပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးနေကြပြန်တယ်။
အဲ့ဒီ ဆရာဝန်တွေရဲ့ နေရေးထိုင်ရေးကို ရွာက အလုံးစုံ တာဝန်ယူထားပြီး ဆရာ၊ ဆရာမတွေကလည်း ကိုယ်ကျိုးစွန့်ပြီး အခကြေးငွေမယူဘဲ တတ်စွမ်းသရွေ့ ယောနယ်သူ၊ ယောနယ်သားတွေကို ကုသပေးနေကြလေရဲ့။ ဒီဆရာ ဆရာမတွေနည်းတူ ယောဒေသခံ ခေတ်ပညာတတ် လူငယ်တွေကလည်း ဆန္ဒပြတုန်းကလည်း ပါဝင်ခဲ့ကြသလို လက်နက်ကိုင်တော်လှန်ရေးမှာလည်း အားသွန်ခွန်စိုက်ပါဝင်ခဲ့ကြတယ်။ ယောနယ်က လူငယ်တွေဟာ တော်လှန်ရေးကို သိရှိနားလည်လာတဲ့အပြင် ကိုယ့်ညီအကိုမောင်နှမတွေ တောထဲရောက်နေပြီး ခက်ခဲနေတာမို့ သူတို့လူငယ်တွေစုပြီး ရံပုံငွေရှာဖို့လုပ်ကြတယ်၊ အဲ့ဒီမှာ ရွာထဲက ကြက်တွေကိုလိုက်ဖမ်း၊ သတ်၊ ပြီးရင်အိတ်လေးတွေနဲ့ထုပ်၊ အသီးအရွက်တွေလည်းထည့်ပြီး ရွာနဲ့ ၇ မိုင်လောက်သွားရတဲ့ ရွာမှာ သွားပြီး စျေးတွေရောင်းကြ စသည်ဖြင့် လုပ်ကြတယ်တဲ့။
နောက်တခုက လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်။
ပုံမှန်ဆိုရင် ရွာရဲ့ရပ်ရေးဆိုတာ မသိ၊ ကိုယ့်တိုးတက်ရာ တိုးတက်ရေးကိုတောင် အမြင်ကျယ်ကျယ်နဲ့ လက်လှမ်းမမှီနိုင်တဲ့ ယောနယ်က လူငယ်တွေဟာ တော်လှန်ရေးမှာ အမြင်ပိုကျယ်လာပြီး လူငယ်တွေစုစည်းမှုလည်း ပိုရှိလာကြတယ်။ လူငယ်တွေက လက်နက်ကိုင်တော်လှန်ရေးအပြင် ရပ်ရေးရွာရေးအတွက် တည်ဆောက်ရေး၊ စီမံခန့်ခွဲ့ရေး၊ ပညာရေး၊ ကျန်းမာရေး အပါအဝင် သူတို့ဒေသ ပြတ်တောက်မကျန်ခဲ့အောင် စဥ်ဆက်မပြတ် တိုးတက်ရေးကိုပါမြင်လာကြတယ်။
“ညီမတို့ အရင်ကဆိုရင် နိုင်ငံရေးဆိုတာမသိ၊ လွတ်တော်အမတ်တွေ ဘာလုပ်နေလဲဆိုတာ စိတ်ဝင်စားဖို့နေနေသာသာ ညီမတို့ ဘွဲ့ရရေး၊ အလုပ်အကိုင်ရရေးကိုပဲ ထူးထူးချွန်ချွန်ဖြစ်ဖို့ အာရုံမရခဲ့ကြဘူး။ ဒါပေမယ့် ဆရာဇော်ဂျီရဲ့ သင်သေသွားသော် ကဗျာထဲကလိုပဲ ညီမတို့ သေသွားရင် ညီမတို့ ဒေသနဲ့ ဒေသကလူငယ်တွေ ဖွံဖြိုးတိုးအောင်လုပ်ကြရမှာလို့ တော်လှန်ရေးက တပ်လှန့်လိုက်သလိုပါပဲ” လို့ သူမက မာန်ပါပါနဲ့ပြောနေတယ်။ လက်နက်ကိုင်တော်လှန်ရေးနဲ့အတူ ယောနယ်က စိတ်နေသဘောထားတွေ၊ ခံယူချက်တွေပါ ပြောင်းလဲပြီး လူငယ်တွေ ကြိုးစားနေကြတာမြင်ရတော့ တော်လှန်ရေးပြီးလို့ ကျွန်မ ယောနယ်ကို နောက်တခေါက်ရောက်တဲ့အခါ ဒီဒေသကလူငယ်တွေ မျှော်လင့်ချက်တွေ ပြည့်ဝနေမယ်လို့ ကျွန်မ မျှော်လင့်မိပါတယ်။ ။
Red News Agency