နံ့သာရွာစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် ဗိုလ်ကြီးပြုံးမောင်မောင်အပါအဝင် (၁၄) ဦးသေဆုံး

RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နံ့သာရွာ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ် စခန်းဦးစီး ဗိုလ်ကြီး ပြုံးမောင်မောင် အပါအဝင် (၁၄) ဦးသေဆုံးပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း အမှတ် (၁) စစ်ဒေသက ထုတ်ပြန်ထားသည်။

ဗိုလ်ကြီး ပြုံးမောင်မောင်ဦးစီးသော တပ်မ-၇၇ လက်အောက်ခံ ခလရ-၆ အင်အား (၁၄) ဦးအား ကသာခရိုင် တပ်ရင်း-၂၊ EAOs (KIA) နှင့် အင်းတော်မြို့နယ် ပကဖတို့ ပူးပေါင်းပြီး ဇွန်လ ၂၈ ရက်နေ့ နံနက် ၄ နာရီမှ နံနက် ၁၀ နာရီထိ တိုက်ခိုက်ခဲ့ပြီးစခန်းသိမ်းခဲ့ခြင်း ဖြစ်သည်။

နံ့သာရွာစခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်ကြီး ပြုံးမောင်မောင်အပါ (၁၄) ဦး၏ အလောင်းများနှင့်အတူ လက်နက်မျိုးစုံ (၂၀) လက်၊ ဒရုန်းဖြတ်လက်နက် (၁) လက်၊ ကျည်မျိုးစုံ (၈၄၉၂) တောင့်၊ ဗုံးသီးမျိုးစုံ (၄၂) လုံး၊ မိုင်းမျိုးစုံ (၁၅) လုံး၊ ကျည်အိမ်မျိုးစုံ (၄၁) ခု၊ ဆက်သွယ်ရေးစက် (၁၂) လုံး၊ ကြားဖြတ်စက် (၁) လုံး၊ Power Station (၁) လုံးစသည့် စစ်အသုံးအဆောင်များသိမ်းဆည်းရမိသည်ဟု သိရသည်။

#RedNewsAgency

By Editor