လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

“အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘာကြောင့်များ ခုလောက်ထိ အရပ်သားတွေအပေါ်မှာ ရက်စက်နိုင်နေသေးတာလဲ။ ပြည်သူအပေါ်ထားရမည့် ကျင့်ဝတ် (၁၀) ပါးထဲက “ပြည်သူကို ရေလို၊ လလို ကျင့်ရမယ်” ဆိုတာ မသိတော့တဲ့ ကျင့်ဝတ်သိက္ခာမဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေပြီလား ?”

ရန်နိုင် – Wiper

ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးခါစအချိန် လိုက်ဖမ်းလို့ ကျွန်တော်တို့ အိမ်ပေါ်ကိုယ် ပြန်တက်ပြေးရင်းနဲ့ အိမ်ရဲ့အပေါ်ဆုံးထပ် အုတ်ဝရန်တာကနေ စစ်ခွေးတွေကို တိတ်တိတ်ကလေး ချောင်းကြည့်ဖူးတယ်။ မြင်သွားရင်လဲ အပစ်ခံရတဲ့အချိန်ဆိုတော့ ရင်ခုန်ဖို့လဲကောင်းတယ်၊ သူတို့လှုပ်ရှားမှုက တောလိုက်နေတဲ့ မုဆိုးတွေလိုပဲ ခြေသံလုံလုံနဲ့ အရိပ်တွေလိုပဲ ရွေ့နေတာ။

တိုက်အောက်တည့်တည့်ကို ရောက်လာတဲ့ စစ်ခွေးခေါင်းဆောင်က ခပ်အုပ်အုပ်အသံနဲ့ ဆဲတာတခု ကြားလိုက်ရတယ်။ “ မင်းတို့ အဲ့ကောင်တွေကို အိမ်ထဲခေါ်ထား၊ အဲ့ကောင်တွေက မင်းတို့ အမေတွေ၊ နှမတွေကို…. “ ဆိုတဲ့ စကားကို ကြားလိုက်ရတယ်။ သူပြောတဲ့စကားအရ ခု သူတို့လိုက်ဖမ်းတဲ့ ဆန္ဒပြသူတွေကို ဘယ်လိုလူတန်းစားတွေလို့ ထင်တာလဲ။ စစ်ခွေးတွေက ဆန္ဒပြသူတွေကို တခြားအရပ်ကရောက်လာတဲ့ သောင်းကျန်းသူတွေလို့ ထင်နေတာလား..။

နောက်ပိုင်းတော့လည်း တဖြည်းဖြည်းနဲ့သိလာရတာက စစ်ခွေးတော်တော်များများက အခြေနေမှန်ကို အချိန်နဲ့တပြေးညီ မသိရှိကြတာပဲ။ အာဏာ သိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကိုလာဝိုင်းတဲ့ စစ်ခွေးတွေကိုယ်တိုင် သူတို့ဘာလုပ်နေမှန်း မသိကြဘူး။ ပဲခူး၊ တပ်မ (၇၇) က စစ်သားတွေကို ညတွင်းချင်း နေပြည်တော်ကို စစ်ဆင်ရေးသွားရမယ်ဆိုပြီး ပါလာတာဖြစ်ကြောင်း၊ သူတို့ကိုယ်တိုင် ဘာတွေဖြစ်နေမှန်းလဲ မသိကြောင်း သိရတယ်။ စစ်ခွေးတွေ တော်တော်များများက အထက်ကပေးတဲ့အမိန့်တစ်ခုသာ သိတော့တာကြောင့် ပစ္စုပ္ပန်တည့်တည့်မှာ အသိမရှိတော့၊ ဘယ်သူက တရားလဲ၊ ဘယ်သူက မတရားလဲဆိုတာ ရေရေ လည်လည် မတွေးနိုင်ကြသူတွေများတယ်။ အထက်က ခေါင်းထဲထည့်ပေးလိုက်သလောက်ပဲ သိကြတော့တဲ့သူတွေဖြစ်တယ်။

တရုတ်ကိုယ်စားလှယ်တွေပါဝင်တဲ့ ဟိုက်ဂင် ဆွေးနွေးပွဲမှာလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကိုစစ်နဲ့တူအောင်တိုက်ဖို့၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေအချင်းချင်းပဲ တိုက်ဖို့နဲ့ ဆေးရုံတွေကို မတိုက်ခိုက်ဖို့ ပြောခဲ့ချိန်မှာ စစ်တပ်ခေါင်းဆောင်တွေ တုန့်ပြန်ပြောတာက “ဆေးရုံတွေမှာ အာရက္ခတပ်တော် AA ရဲ့ စစ်သည်တွေ ဆေးရုံတင်ထားတာကို အတိအကျ သိလို့ပစ်တာလို့” တုန့်ပြန်ခဲ့ကြောင်း သိရတယ်။ လက်နက်မဲ့ ဒဏ်ရာရနေလို့ ဆေးရုံတက်နေရတဲ့ ရန်သူကိုလဲ သုတ်သင်မှာပဲဆိုပြီး စစ်သည်တော်ကျင့်ဝတ် ဆိုတာကို လျစ်လျူရှု ပြလိုက်တာပဲဖြစ်တယ်။

မြန်မာစစ်တပ်အနေနဲ့ ၁၉၅၃ ခုနှစ်ကတည်းက စတင်အသုံးပြုခဲ့တဲ့ စစ်သည်တော်ကျင့်ဝတ် (၆၀) ဆိုတာ စစ်ခေါင်းဆောင်တွေအတွက် လက်အောက်စစ်သည်တွေကို ကြိုးကိုင်ဖို့အတွက်ပဲ အသုံးပြုခဲ့တယ်။ စတင်ရေးဆွဲစဉ်က “ပြည်သူသာ အမိ၊ ပြည်သူသာ အဖ” လို့ သတ်မှတ်ထားပေမယ့် အာဏာရှင် ဗိုလ်နေဝင်းနောက်ပိုင်းမှာ “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” အဖြစ် ပြောင်းသုံးခဲ့တယ်။


မြန်မာစစ်တပ်အနေနဲ့ ရန်သူအပေါ် ဆက်ဆံရာမှာလည်း “ရန်သူကို နေလို မီးလို ကျင့်ရမယ်” ဆိုတာက အပြစ်မဟုတ်ပေမယ့် လက်နက်မရှိတော့တဲ့ ရန်သူ၊ ဆေးရုံမှာ ဆေးကုသနေတဲ့ ရန်သူကိုသတ်ဖြတ်ဖို့အတွက် ဆေးရုံကိုပါ လက်နက်ကြီးနဲ့ပစ်ခတ် ဖျက်ဆီးနေတယ်။ အပြည်ပြည်ဆိုင်ရာလူသားချင်းစာနာမှုဥပဒေ စည်းမျဉ်းနံပါတ် (၃၀) မှာ ဂျနီဗာကွန်ဗင်းရှင်းအရ ဆေးဘက်ဆိုင်ရာ၊ ဘာသာရေးဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အရာဝတ္ထုများကို တိုက်ရိုက်တိုက်ခိုက်ခြင်းကို တားမြစ်ထားတယ်။

အကြမ်းဖက်စစ်တပ်က လက်နက်ချတဲ့ ရန်သူအပေါ်မှာ “ရေ လို လ လို” မကျင့်ခဲ့သလို ရန်သူရှိနေတယ်လို့ သတ်မှတ်ရုံနဲ့ အရပ်သားတွေကိုလည်း အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်။ ဖေဖော်ဝါရီ (၂၇) ရက်နေ့က မင်းပြားမြို့နယ်မှာရှိတဲ့ အရပ်ဖက်ဆေးရုံကို အကြမ်းဖက်စစ်တပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အာရက္ခစစ်သည်တွေ ဆေးကုနေတာကို သိလို့ပစ်တာလို့ အရှက်မရှိပြောခဲ့ပေမယ့် ဆေးရုံမှာ ဆေးကုသနေတဲ့ အရပ်သားတွေ၊ သုံ့ပန်းတွေ၊ ဆေးရုံဝန်ထမ်းတွေ ပြင်းထန်စွာ ထိခိုက်ခဲ့တယ်လို့ AA ကထုတ်ပြန်ခဲ့တယ်။

စစ်တွေမြို့မြောက်ဘက်မှာရှိတဲ့ ရွှေဗျိုင်းဖြူကျေးရွာမှာ AA တပ်ဖွဲ့ဝင်တွေ ရှိနိုင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွာထဲရှိသမျှ သက်ကြီးရွယ်အို၊ ကလေးပါမကျန် အငြိုးတကြီးနှိပ်စက်ခဲ့သလို အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ မုဒိမ်းမှုတွေကျူးလွန်ခဲ့တယ်။ စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တဲ့ မေလ (၂၉) ရက်နေ့မှ ဇွန် လ (၄)ရက်နေ့ထိ သေဆုံးသူ ဦးရေ (၇၆)ယောက်ထိ ရှိနေကြောင်း AA က ထုတ်ပြန်ထားတယ်။ အချို့အမျိုးသားတွေကို စစ်တပ်ဝန်းထဲ ဖမ်းဆီးခေါ်ဆောင်သွားလို့ သေသည်၊ ရှင်သည် မသိရသေးပေ။

အကြမ်းဖက် စစ်တပ်က တနိုင်ငံလုံးမှာ စစ်ရှုံးနေသလို ကြည်း၊ ရေ၊ လေ အင်အားစုံသုံးပြီး တိုက်နေတဲ့ ရခိုင်ပြည်နယ်မှာလည်း အာရက္ခတပ်တော် AA ကို အရှက်တကွဲနဲ့ ရှုံးနေခဲ့တယ်။ ရခိုင်ပြည်နယ်မှာ ရှုံးနိမ့်နေတာကို ကြည်း၊ ရေ၊ လေ စစ်အင်အားအကုန်သုံးပြီး တိုက်နေရုံသာမက စစ်တပ်ရဲ့ဝှက်ဖဲ ဖြစ်တဲ့ လူမျိုးရေး၊ ဘာသာရေးသွေးခွဲနည်းနဲ့တိုက်နေပေမယ့် ရခိုင်ပြည်နယ်ကို လက်လွှတ်ရဖို့ သေချာသလောက် ဖြစ်နေပါပြီ။

ရခိုင်ပြည်နယ်အစောဆုံးလွတ်မြောက်နိုင်မလားဆိုတဲ့ စစ်တမ်းတခုကောက်ယူကြည့်ရာမှာလည်း နာရီ (၂၀) အတွင်းမှာ လူပေါင်း (၄)သောင်းလောက်က ရခိုင်ပြည်နယ်လွတ်မြောက်နိုင်တယ်လို့ (၅၅) ရာခိုင်နှုန်းထိ မဲပေးခဲ့ကြတယ်။ ပြည်သူအများစု ရခိုင်ပြည်နယ်လွတ်မြောက်နိုင်တော့မှာကို ယုံကြည်နေကြပြီဖြစ်တယ်။ ဒါ့ကြောင့်လည်း ရှုံးမဲမဲပြီး ရခိုင်ပြည်နယ်က အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုတွေ ပြောင်ပြောင် တင်းတင်း ကျူးလွန်နေတာပဲဖြစ်တယ်။ စစ်တပ်က ရှုံးမဲမဲနေတာ သိပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘာကြောင့်များ ခုလောက်ထိ အရပ်သားတွေအပေါ်မှာ ရက်စက်နိုင်နေသေးတာလဲ။ ပြည်သူအပေါ်ထားရမည့် ကျင့်ဝတ် (၁၀) ပါးထဲက “ပြည်သူကို ရေလို၊ လလို ကျင့်ရမယ်” ဆိုတာ မသိတော့တဲ့ ကျင့်ဝတ်သိက္ခာမဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေပြီလား ?။


အရပ်သား အဆောက်အအုံတွေအပေါ်ကို ဗုံးကြဲချတဲ့ တိုက်လေယာဉ်မှူး ခိုင်သန့်မိုးက ဖမ်းမိတဲ့အချိန်မှာ သူကတော့ပေးအပ်တဲ့ တာဝန်အရ ပေးလာတဲ့မြေပုံညွှန်းအတိုင်း ပေးအပ်တဲ့တာဝန်ကို ထမ်းဆောင်တာလို့ ထုတ်ပြောခဲ့တယ်။ အောက်မှာအပြစ်မဲ့အရပ်သား ဘယ်လောက်သေတယ်ဆိုတာ သူနဲ့မဆိုင်သလို၊ အရပ်ဖက်အဆောက်အအုံတွေ ရာပေါင်းများစွာပျက်စီးခဲ့တာကိုလည်း တာဝန်ယူရကောင်းမှန်းမသိပဲ အလွန်အကျွံတာဝန်ကို ကျေပွန်ပြနေတယ်။ ခိုင်းတာပဲလုပ်တတ်ပြီး ကိုယ်ပိုင်ဉာဏ်မရှိတော့တဲ့ အဆင့်မြင့်ဆုံး ပညာတက်လေယာဉ်ပိုင်းလော့ တယောက်ပဲဖြစ်တယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများစုရဲ့ လက်ညှိုးထောင် ခေါင်းညိတ်ပဲတတ်တဲ့ ကိုယ်ပိုင်အသိဉာဏ်မဲ့မှုတွေကြောင့် ပြည်သူကိုလည်း ညှာတာစောင့်ရှောက်ရမှန်းမသိတော့ပဲ အမိန့်ပေးတာနဲ့ မဲမဲမြင်ရာ မတွန့်မဆုတ် သတ်ဖြတ်နေတော့တယ်။ အမိန့်တခုသာသိပြီး စစ်သည်တော်ကျင့်ဝတ်ဆိုတာကိုလည်း မသိ၊ စစ်ဥပဒေမဲ့နေတာကိုလည်း မသိတော့ပဲ “ဆေးရုံမှာ ရန်သူစစ်သားတွေ ဆေးကုနေလို့ ဗုံးကြဲတာလို့“ ပြောထွက်ခဲ့တာပဲ ဖြစ်တယ်။ ကိုယ်ပြောတဲ့စကားက ဘယ်ရောက်မှန်းမသိ “ငါ့စကား၊ နွားရ” ပြောတတ်တဲ့ စစ်ခေါင်းဆောင်တွေရဲ့ ဂျနီဗာကွန်ဗင်းရှင်းကို ကျူးလွန်ခဲ့ကြောင်း ဖော်ပြလိုက်တဲ့ သက်သေတခုပဲ ဖြစ်တယ်။ ။

#RNA #RedNewsAgency

By RNA Editor