“စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်က “အမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ ” ဗျူဟာကိုသုံးတယ်”
ရခိုင်ပြည်နယ်မှာ AA သိမ်းပြီးတဲ့မြို့တွေက ပလက်ဝ၊ ကျောက်တော်၊ဘူးသီးတောင်၊ရသေ့တောင်၊ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးဆိုတာ အားလုံးသိပြီး ဖြစ်မှာပါ။ ပထမဆုံး အာရက္ခတပ်တော် AA ရဲ့ တိုက်ခိုက်လာတဲ့ပုံစံလေးကို အရင်ကြည့်ရပါမယ်။ ဒါကတော့ ပထမဆုံး ပလက်ဝဒေသတခုလုံးကိုတိုက်တယ်၊ အဲ့ကနေ တဆင့် ကုလားတန်မြစ်ကြောင်းအတိုင်းဆင်းလာပြီးတော့ မြောက်ဦး၊ မင်းပြား၊ ပြီးရင်ပေါက်တော၊ ပုဏ္ဍားကျွန်း၊ ရသေ့တောင်၊ ဆက်ပြီးတိုက်လာတယ်။ ဒီပုံစံမျိုး မြောက်ပိုင်း ကနေတောင်ပိုင်းကို ဆင်းလာပြီး မဟာဗျူဟာမြောက် စစ်တိုက်သွားတာတွေ့ရတယ်။
အဲ့ဒီလို တိုက်တဲ့အချိန်မှာ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွေ၊ စစ်ကောင်စီတပ်ရင်းတွေ ဗျူဟာကုန်းတွေအနေနဲ့ ပလက်ဝကစပြီး ဘာတခုမှ မတုန့်ပြန်နိုင်တာတွေ့ရတယ်။ ပလက်ဝ တိုက်ပွဲမှာဆိုရင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးအဆင့်က စပြီးကျတယ်။ ဗျူဟာမှူးဆိုတာ တပ်ရင်း ၃ ရင်းလောက်ကို ကွပ်ကဲရတဲ့ စစ်ဘုရင်တယောက်ဘဲ ဒီလူတွေကိုယ်တိုင် ဦးဆောင်ပြီး ကျတယ်။ တပ်ရင်းမှူး၊ ဗျူဟာမှူး၊ တပ်မမှူး စသဖြင် အကျအရှုံးတွေများကြတယ်။ ဒီလူတွေက ရှေ့တန်းတပ်ရင်းတွေရဲ့ စစ်ဘုရင်ဖြစ်သလို၊ ရာထူးအဆင့်အတန်းအရဆိုရင် အထက်နဲ့အောက်တပ်တွေကို ထိန်းညှိပေးရတဲ့ ခါးဆက်တွေဖြစ်တယ်။ ဆိုတော့ စစ်တပ်က ခါးဆက်တွေပျက်ကုန်တယ်။ ဒါကစစ်တပ်ရဲ့လက်ရှိအခြေအနေပါ။
အဲဒီနောက် စစ်တပ်က သူ့ဂုဏ်သိက္ခာအတွက် ပြင်နေတာတွေ့ရတယ်။ ဒါကတော့ လက်ရှိ ရထားတဲ့နယ်မြေတွေ ထပ်မပေးရအောင် အရင်ခံစစ်ပြင်တာပါ။ အဲ့ဒီအတွက် ပထမဆုံး စစ်တိုက်နိုင်တဲ့ စစ်သားအင်အားတွေကို ရဟတ်ယာဥ်/ စစ်သင်္ဘောတွေနဲ့ ရခိုင်ကိုပို့ပါတယ်။ အဲ့လို ပို့ဖို့ဆိုရင် အခြားပြည်နယ်နဲ့တိုင်းအလိုက်က ဆေး၊ ဆက်၊ ဘီအီး အပါအဝင်၊ ကကထုတ်၊ ကကယာ၊ ကပစ စတဲ့ အထိုင်တပ်ရင်းတွေကနေ ထုတ်နုတ်ပြီး ရခိုင်ကိုပို့ရမှာပါ။ တခြားမကြည့်နဲ့ စစ်မတိုက်ရတဲ့ မိတ္ထီလာလေတပ်က လေတပ်သားတွေကိုတောင် လုံခြုံရေးအကြောင်းပြပြီး ရှေ့တန်းကိုလွှတ်တယ်လို့ တပ်တွင်းကနေ သိရပါတယ်။
နောက်တချက်က စစ်မှုထမ်း အပတ်စဥ် ၁ အပါအဝင် အခုမှ သင်တန်းတင်းလာတဲ့ တပ်သားသစ်တွေကို အင်အားဖြည့် တပ်ခွဲလိုက် ရခိုင်စစ်မြေပြင်ကိုပို့တာပါ။ ဒီလူတွေဆိုတာက မနေ့တနေ့ကမှာ စစ်တပ်က ပြဿနာ အမျိုးမျိုးရှာပေါ်တာဆွဲပြီး၊ လူသစ်စုထားတဲ့ သူတွေချဥ်းပါပဲ။ ဒါကတော့ CDM လုပ်လာတဲ့ စစ်သားတွေဆီကနေ တဆင့်သိရတာပါ။ ဒီလူတွေကတော့ စစ်ကောင်စီအတွက်် လိုအပ်တဲ့ တိုက်ခိုက်ရေးအင်အား ဖြစ်မလာနိုင်သလို လာတိုက်တာနဲ့ ပြေးမယ့်အနေအထားမျိုးပါ။ နောက်ဆုံးအနေနဲ့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကိုအလွန် အကျွံသုံးလာနိုင်တာပါ၊အခုလည်းသုံးနေဆဲပါ။ ပြီးတော့ တာဝေးပစ်ဒုံးတွေ၊ အမြောက်လက်နက်ကြီးနဲ့ ရေတပ်တွေကနေ ပစ်ကူပေးတာပါ။ စကစ ဘက်ကပြင်ဆင်တယ်ဆိုတာက ဒါပါပဲ။
အခုလို ပြင်ဆင်နေတယ်ဆိုပေမယ့် မဖြစ်နိုင်တဲ့ အခြေအနေတွေ အများကြီးရှိပါတယ်။ အခုလာမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းဟာ လေယာဥ်နဲ့ စစ်သင်္ဘောတွေ စိတ်ရှိတိုင်းသုံးမရသလို အကန့်အသတ်ရှိပါတယ်။ ဒါက စစ်ကောင်စီအတွက် အရေးကြီးတဲ့အဟန့် အတားတစ်ခုပါ။ ပွင့်လင်းရာသီမှာတောင် စကစ ဒီလောက်ကျရှုံးနေရင် လာမယ့်မိုးတွင်းမှာ တိုက်စစ်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးစခဲ့တဲ့ အချိန်ကို ပြန်ကြည့်ရင်လည်း မိုးနှောင်း ဆောင်းအဝင်ဖြစ်တဲ့အတွက် စကစအတွက် အခုထက်ပိုအခြေအနေဆိုးနိုင်ပါတယ်။
ဒါ့အပြင် အာရက္ခတပ်တော် AA ရဲ့ ဖြတ်လေး ဖြတ် ဗျူဟာကို စစ်တပ်က ဘယ်လိုတုန့်ပြန်မလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ ရခိုင်စစ်မြေပြင်မှာ နှစ်ပေါင် ၂၀ နီးပါး တာဝန်ထမ်းခဲ့တဲ့ CDM ဆရာကြီး ဇော်မင်းဦးရဲ့ပြောပုံအရဆိုရင် စစ်ကောင်စီရဲ့တပ်ရင်းတွေကို တိုက်တော့မယ်ဆိုရင် ရာဇသံပေးတာ AA ပဲတွေးဖူးပါသေးတယ်။ မတိုက်ခင် ဒေသခံတွေ ရှောင်ခိုင်းတယ်။ ပြီးမှ တိုက်မယ့်တပ်ရင်းတွေကို စားနပ်ရိက္ခာပိတ်ဆို့ဖြတ်တောက်တယ်။ အင်အားနည်းနေပြီလို့ထင်မှ သာလွန်အင်အားနဲ့ ဝင်လုံးပါတယ်။ နောက်ပြီးတော့ AA တပ်တော်က “အမာကိုရှောင်ပြီး အပျော့ကိုတိုက်တဲ့ ” ဗျူဟာကိုသုံးတယ်လို့လည်း CDM ဆရာကြီးဇော်မင်းဦးက ပြောဖူးပါတယ်။ ဒါက လက်တွေ့ပဲလေ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောကို သိမ်းပြီး တကွက်စာကျန်တဲ့ စစ်တွေဘာလို့ မသိမ်းသေးတာလဲ?၊ အမ်းကို ကျော်ပြီး ရမ်းဗြဲကိုဘာလို့ သိမ်းခဲ့တာလဲ? ဆိုတာက အဖြေပါပဲ။
ဒီအခြေအနေမှာ စကစ အတွက် လေယာဥ်လည်း မကယ်နိုင်ပါဘူး။ ပြီးတော့ AA မှာက ဒေါက်တာညိုထွန်းအောင်ထုတ်ပြဖူးတဲ့ တရုတ်ထုတ် လေယာဥ်ပစ် တစ်မျိုးဖြစ်တဲ့ FN-6 လက်နက်တွေရှိတဲ့အတွက်ကြောင့် စစ်တပ်အတွက် ထိုးစစ်ထက် စခန်းတွေထပ်မကျဖို့ ခံစစ်ပြင်နေရတယ်လို့ ပြောနိုင်ပါတယ်။ လက်ရှိအခြေအနေက ရခိုင်မှာ ဆုံးရှုံးသွားတဲ့နယ်မြေတွေဟာ စစ်ကောင်စီအတွက် ပထမဆုံးနိုင်ငံ တကာစာမျက်နှာမှာ အရှက်ရစေပါတယ်။ ပြီးတော့ စစ်ကောင်စီနဲ့မိတ်ဖက်နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေက စစ်ကောင်စီအပေါ် ယုံကြည်မှုလျော့ကျလာစေပါတယ်။
အဓိက တရုတ်ပေါ့၊ တရုတ်အစိုးကအနေနဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းတွေအပေါ်မှာ အတော်လေးအားစိုက်ထားတာတွေ့ရတယ်။ အဲ့ဒီလို အခြေအနေမှာ စစ်ကောင်စီရဲ့ရှုံးနိမ့်မှု့တွေက တရုတ်ကိုစိတ်ပျက်စေပါတယ်။ အဲ့ဒီအတွက် တရုတ်ကို ချွေးသိပ်ဖို့ မြစ်ဆုံစီမံကိန်းကို ပြန်အစပြုဖို့ စစ်ကောင်စီက ကြိုးပမ်းလာတာတွေ့ရတယ်။ တရုတ်ငြိုငြင်ရင် ဘာဖြစ်တတ်လဲဆိုတာ ရှမ်းမြောက်ကစခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်တပ်က ဥပမာကြီးကြီးရထားတာဖြစ်တယ်။
နောက်တခုက အိန္ဒိယပါ။ အိန္ဒိယအစိုးရဆိုရင် နွေဦးတော်လှန်ရေးနဲ့ပတ်သတ်ပြီး တခွန်းမှမဟ သလို Justice for myanmar ရဲ့ ထုတ်ဖော်ချက်တွေမှာဆိုရင် စစ်ကောင်စီအပေါ် စစ်လက်နက်ပစ္စည်းတွေ ကူညီပေးနေတာရှိတယ်။ ဒီနောက်မှာတော့ စစ်ကောင်စီနဲ့ အိန္ဒိယတို့သဘောတူထားတဲ့ ကုလားတန်မြစ်ကြောင်း ဘက်စုံစီမံကိန်း ကို AA ကထိန်းချုပ်ခဲ့တယ်။ အိန္ဒိယအနေနဲ့ စီးပွားရေးအရ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် AA နဲ့ပဲ ဆွေးနွေးရမှာဖြစ်ပါတယ်။ အဲ့တော့ ဆုံးရှုံးသွားတဲ့ နယ်မြေတွေက စစ်ကောင်စီအတွက် ဘယ်လောက်ထိ ဆုံးရှုံးမှုတွေ ကြီးမားလဲဆိုတော့ စစ်ကောင်စီဟာ သူနဲ့ပနံသင့်တဲ့ အင်အားကြီးမဟာမိတ်၂ နိုင်ငံရဲ့ ယုံကြည်မှုတွေဆုံးရှုံးခဲ့ရပြီး ဒါတွေကိုပြန်လည်ကုစားဖို့ ဖိအားတွေပါထပ်မံတိုးလာပြီပဲဖြစ်တယ်။
ဒါက စီးပွားရေးအရဆိုတာထက် စစ်ရေးအရ စစ်ကောင်စီအနေနဲ့ လက်နက်ခဲယမ်းတွေအဓိက ရရှိနေတဲ့ အနေအထားကနေ ရုတ်တရက် ရပ်တံ့သွားနိုင်ပါတယ်။ တဖက်က AA အနေနဲ့လည်း ကျောက်ဖြူနဲ့ အမ်းကိုကျော်ပြီး ရမ်းဗြဲကိုသိမ်းခဲ့ပြီး၊ သံတွဲအထိ တိုက်ပွဲတွေပြင်းထန်လာပေမယ့်၊ တရုတ် စီးပွားရေး ကျောက်ဖြူကို အခုချိန်ထိ မထိသေးတာကိုတွေ့ရပါတယ်။
ရလဒ်အနေနဲ့ ရခိုင်ရှေ့တန်းက စစ်ကောင်စီအောက်ခြေစစ်သားတွေနဲ့ မိသားစုဝင်တွေရဲ့ အမြင်တွေပါ ပြောင်းလဲလာပါတယ်။ အရင်က တပ်မတော်ဆိုတာ ဘယ်တော့မှ မရှုံးဘူးဆိုတဲ့ အမြင်တွေကနေ၊ ငါတို့ အချိန်မရွေးသေသွားနိုင်တယ်ဆိုတဲ့အထိ တွေးလာကြတယ်။ ဒီထက်ပိုဆိုးတာက အောက်ခြေစစ်သားတွေဘက်ကနေ သူတို့ရဲ့ တပ်မတော်သာ အမိအဖလို့ခံယူထားတဲ့ စစ်တပ်အပေါ် ယုံကြည်မှု့ကင်းမဲ့လာတယ်။
မောင်တော တိုက်ပွဲတုန်းကဆိုရင် စစ်သားတွေကိုယ်တိုင် စစ်ကောင်စီကိုဝေဖန်လာတာ မင်းအောင်လှိုင်ကိုပြောဆိုလာတာတွေတွေ့ရတယ်။ မောင်တောမြို့သိမ်းတိုက်ပွဲမှာဆိုရင် တပ်လော်ဘီတွေကိုယ်တိုင် သူတို့ချန်နယ်ကနေ “မောင်တောဒေသမှ တပ်မတော်စခန်းများရဲ့ အေအေ သောင်းကျန်းသူထံ လှူဒါန်းသော ဝတ္ထုပစ္စည်းအသွယ်သွယ်” ဆိုပြီး AAက သိမ်းပိုက်ရခဲ့တဲ လက်နက်ပုံတွေနဲ့ပို့စ်တင်တာမျိုးတွေလုပ်လာကြတယ်။ သတင်းတွေသူတို့ကိုယ်တိုင်လည်းရခဲ့တယ် သူတို့ချန်နယ်တွေကလည်းမျှဝေခဲ့တယ်။ ဒါပေမယ့် စစ်ကောင်စီဘက်က ဘာမှတန်ပြန်မလုပ်နိုင်ပဲ အကျအဆုံးတွေများလာတဲ့အပေါ် သူတို့ခံပြင်းလာကြတယ်။
အချုပ်အားဖြင့်ပြောရရင်တော့ စစ်တပ်က လေလှိုင်းပေါ်ကနေ သတင်းမှား ဝါဒဖြန့်တာရယ်၊ လေကြောင်းတိုက်ခိုက်မှုရယ် ဒီလောက်ပဲ တတ်နိုင်တာတွေ့ရတယ်။ တနည်းအားဖြင့် သူတို့အနေနဲ့ စစ်တိုက်နိုင်တဲ့အနေအထားမရှိတော့ပါဘူး၊ ကျွန်တော်တို့ စစ်ရှုံးနေပြီဆိုတာကို စစ်ကောင်စီ အောက်ခြေစစ်သားတွေဘက်ကလည်း လုပ်ရပ်နဲ့ သက်သေပြနေကြပြီဖြစ်တယ်။ ဒီလိုအခြေအနေမှာ ရခိုင်ပြည်နယ်ထဲက စစ်အုပ်စုရဲ့ အကြပ်အတည်းကို မင်းအောင်လှိုင်တို့ စစ်ဗိုလ်ချုပ်တွေ ဘယ်လိုဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ။
မောင်ဝိ – Wiper
Red News Agency