သူငယ်ချင်းထံ ပေးစာ

“ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ”
**************************
သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ ငါတို့ ချီးကျူးလို့ကို မဆုံးနိုင်ပါဘူးကွာ။ “ဂုဏ်ယူပါတယ်”ဆိုတာထက် အများကြီးပိုပါတယ် သူငယ်ချင်းရေ။

အကောင်းဆုံးထောက်ပံ့မယ်ဆိုတဲ့ ကတိနဲ့ ငါတို့လည်းကြိုးစားနေပါတယ် သူငယ်ချင်းရေ။ မင်းမသွားခင်တုန်းက အခြေအနေနဲ့ အခုလက်ရှိအခြေအနေမှာ အခက်အခဲတွေကလည်း ပေါများလွန်းလှပါတယ်ကွာ။ ဒေါ်လာဈေး လေးထောင်ကျော်တာထက် ဆန်ကြမ်းတောင်တစ်အိတ် တစ်သိန်းကျော် ပေးစားနေရတဲ့ ခေတ်ရဲ့အခြေအနေမှာ အလုပ်အကိုင်တွေကလည်း ရှားပါးလာတယ်ကွ။ လက်ဖက်ရည် တစ်ခွက် ၂၅၀၊ ၃၀၀ ကနေ ၁၀၀၀၊ ၁၂၀၀ ဖြစ်သွားလို့ အရင်လို တနေ့ နှစ်ခေါက်သုံးခေါက်မထိုင်နိုင်တော့တဲ့အပြင် ရက်ကျော်သောက်နေရပြီလေ။

တစ်ရက်လုံးပေါင်းလို့ ၆ နာရီပြည့်အောင် မလာတော့တဲ့ လျှပ်စစ်မီးနဲ့ အရင်က တစ်ပေပါကို ၁သိန်း ၈သောင်းပဲ ပေးရပေမယ့် အခုချိန်မှာ ၆ သိန်းကျော်ပေးဝယ်နေရတဲ့ ဒီဇယ်ဈေးမှာ ငါတို့ဘယ်လို အလုပ်ဖြစ်နိုင်မှာလည်းကွာ။ အာဏာသိမ်းခါစကထက် သုံးလေးဆ ခုန်တက်သွားတဲ့ ကုန်ဈေးနှုန်းကို နှစ်ဆတက်မလာတဲ့ ဝင်ငွေနဲ့ ခုခံရတဲ့ စီးပွားရေးတိုက်ပွဲတွေကြားမှာ ငါတို့လည်း ခက်ခက်ခဲခဲ ဆင်နွှဲနေရတယ် သူငယ်ချင်းရေ။ ထမင်း ငတ်လို့ မသေဘူးလို့ပြောပြောနေတဲ့ ငါတို့နိုင်ငံမှာ အာဟာရပြတ်လို့ သေရတာတွေတော့ ဖြစ်လာတော့မယ် ထင်ရတယ်ကွ။


ဒီကြားထဲ စကစ က ငါတို့ပြည်သူတွေကို လုပ်ခြင်တာလုပ်နိုင်ဖို့ ထုတ်ချင်သလို ထုတ်ထားတဲ့ အတိအလင်းပေါ်တာဆွဲလို့ရတဲ့ စစ်မှုထမ်းဥပဒေကိစ္စမှာ ငါတို့ဘုရားတနေကြရသေးတယ်။ ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီးဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ။ ရပ်ကွက်ထဲက ချာတိတ်တွေ ချောင်းရိုက်တာ တခါထိထားလို့ အခုဆို လက်နက်ကိုင်အစောင့်အရှောက်နဲ့ သွားတာလာတာလုပ်နေတာများသူတောင်းစား ထီပေါက်တဲ့ ဂိုက်ကြီးနဲ့ မင်းကိုသာ မြင်စေချင်တော့တယ်။

မလွယ်ဘူး သူငယ်ချင်းရေ ဆန္ဒပြတုန်းက ပါထားလို့ ခဏခဏ ရဲစခန်းခေါ်စစ်တိုင်း ပေးရတဲ့၊ ကုန်ရတဲ့ ငွေကလည်း မနည်းတော့ဘူး။ စစ်တပ်က အကြမ်းဖက်ပြီး လက်နက်နဲ့ အနိုင်ကျင့် ဖမ်းစီးသတ်ဖြတ်တာတွေ ခံရတုန်းကတောင် လက်နက်ကိုင်ဖို့၊ ခုခံတိုက်ခိုက်ဖို့အတွက် မိသားစုကို ခွဲထားခဲ့ဖို့ လုံးဝအဆင်မပြေလို့ စိတ်အားထက်သန်နေပါလျက်နဲ့ မလုပ်ဖြစ်ခဲ့တာကို ဒီအကြမ်းဖက် စစ်အာဏာရှင်အတွက် လက်နက်ကိုင်ပြီး တိုက်ပေးရမယ်ဆိုတာကတော့ အိပ်မက်ဆိုရင်တောင် မဖြစ်နိုင်လောက်အောင် တော်တော်ကြောက်ဖို့ကောင်းတာပါကွာ။


စိတ်ဓာတ်နဲ့ ယုံကြည်ချက်ခိုင်မာမှ အသက်တွေဘဝတွေ ရင်းပြီး တိုက်လို့ရနိုင်မယ့် စစ်မြေပြင်မှာ ပြည်သူကိုသတ်ပြီး အာဏာရှင်လူတစ်စု ကောင်းစားရေးအတွက် ပေးဆပ်ရလောက်အောင်၊ ပြည်သူ့ဆန့်ကျင်ဘက် ရပ်တည်ရာကနေ ဘယ်လိုယုံကြည်ချက်၊ ဘယ်လို ခံယူချက်နဲ့ လက်နက်ကိုင်လို့ ရနိုင်မှာတဲ့တုန်း။ ငါတို့ ဘယ်လိုမှ မိုက်မဲကြည့်လို့ မရနိုင်တဲ့ အဖြစ်ပါကွာ။ သစ္စာမမှန်တော့လို့ တပ်ဂျိုးကပ်နေတဲ့ ကောင်တွေတောင် တိုက်တိုင်းရှုံးနေတဲ့ စစ်တပ်ကတော့ ငါတို့ပြည်သူကိုလူသားတံတိုင်းလုပ်နေပြန်ပြီ သူငယ်ချင်းရေ။

ငါတို့ အခက်အခဲတွေချည်း ပြောပြမိလို့ စိတ်တော့ညစ်မသွားပါနဲ့ သူငယ်ချင်း။ ဘာပဲပြောပြော ငါတို့မှာက လတ်တလော လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ မြို့တွင်းတိုက်ပွဲတွေ ဖြစ်မလာသေးတော့ မင်းထက်တော့အများကြီး စိတ်အေးလက်အေးနေနိုင်ပါသေးတယ်ကွာ။ စီးပွားရေးကျပ်လဲ မရှိရှိသလောက်တော့ ဝယ်လို့စားလို့ရနေပါသေးတယ်။ တိုင်းရင်းသားဒေသနဲ့ အညာဒေသက စစ်ဘေးရှောင်ပြည်သူတွေရဲ့ ဘဝတွေလိုလဲ ငါတို့ ဒုက္ခမခံရသေးပါဘူးကွ။ ရခိုင်မှာ ငါတို့ဘက်ကနိုင်တယ်၊ ကချင်မှာနိုင်တယ်၊ စစ်ကိုင်းမှာ နိုင်တယ်၊ ကယားမှာနိုင်တယ်၊ ကရင်မှာနိုင်တယ် ဒီလောက်နေရာစုံမှာ ၃ နှစ်လောက်နဲ့ အားကောင်း လာတာကိုတော့ တကယ့်ကို အားရကျေနပ်ဝမ်းသာမိပါတယ်ကွာ။ ဖြစ်ချင်တာကတော့ ကိုယ့်မြို့ကိုယ့်ဒေသအတွက် မင်းတို့နဲ့ ပူးပေါင်းပြီး ဒီစစ်တပ်နဲ့လက်အောက်ခံတွေကို အမြစ်ကနေလှန်နိုင်တဲ့ ပွဲကြီးပွဲကောင်းမှာ သူသေကိုယ်သေ ဝင်ဆော်လိုက်ချင်နေပြီ သူငယ်ချင်းရေ။ မင်းတို့တပ်ဖွဲ့တွေကိုလည်း ငါတို့မြို့တွေထဲ မြန်မြန်ရောက်စေခြင်လှပါပြီကွာ။

ကမ္ဘာ့အဆင့် ၃၈ နိုင်ငံ့တပ်မတော်ပါဆိုတဲ့ အကြမ်းဖက်အဖွဲ့ကြီးကို လက်ဗလာ မီးကျိုး မောင်းပျက်အနေအထားကနေ ထက်သန်တဲ့စိတ်ဓာတ်ခွန်အား၊ မှန်ကန်တဲ့ သစ္စာတရားရဲ့ အကျိုးပေးနဲ့ မင်းတို့လို ညီအစ်ကိုတွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လက်ရှိ စစ်မြေပြင်မှာ စကစဟာ တိုက်တိုင်းရှုံးနေပြီး ကလေးငယ်လား၊ အမျိုးသမီးလား၊ အဖိုးအဖွားလား၊ အပြစ်မဲ့ ပြည်သူလား၊ အရပ်သားနေရာလား၊ သာသနာ့နယ်မြေလား မခွဲခြားတော့ဘဲ လေယာဉ်နဲ့ ဗုံးကြဲချင်သလို စွတ်ကြဲတာ တစ်ခုပဲ လုပ်နိုင်တော့တဲ့ စစ်ရှုံးတပ် ဖြစ်သွားတဲ့အထိ မင်းတို့စွမ်းဆောင်နိုင်ခဲ့တာပါကွာ။ အပြစ်မဲ့ အရပ်သားပြည်သူလူထုကိုတောင် ရက်ရက်စက်စက် အုံလိုက်ကျင်းလိုက် သတ်ဖြတ်နေတဲ့ စကစကို ဝဋ်လည်အောင်လှည့်ပေးနေတဲ့ မင်းတို့ရဲဘော်တတွေလည်း အရင်ကထက် နီးကပ်လာပြီဖြစ်တဲ့ အိမ်အပြန်လမ်းအတွက် အထိအခိုက်နည်းနိုင်သမျှနည်းအောင် အစစအရာရာ အထူးဂရုစိုက်ပေးကြပါ။


တကယ်တော့ သူငယ်ချင်းရေ မင်းအခုဝင်ထမ်းပိုးပေးနေတာက စစ်အာဏာရှင်ရဲ့ အဓမ္မအနိုင်ကျင့်ခံလိုက်ရလို့ ပြိုကျပျက်စီးတော့မယ့် ငါတို့နိုင်ငံရဲ့ အနာဂါတ်တွေကွ၊ အခု မင်း ဝိုင်းပြီး ဆွဲတင်နေတာကလည်း စစ်အာဏာရှင်ကြောင့် နစ်မြုတ်ပျောက်ဆုံးတော့မယ့် ငါတို့ပြည်သူတွေရဲ့ လူ့အခွင့်ရေးတွေနဲ့ အာမခံချက်မဲ့သွားတဲ့ အသက်အိုးအိမ် စည်းစိမ်တွေပါ သူငယ်ချင်း။ အတင်းအကြပ် ပေးအပ်လာရင်တောင် တော်တော်များများ မယူရဲတဲ့ မယူနိုင်လောက်အောင် ကြီးမားလေးနက်တဲ့ အရေးကိစ္စကြီးမှာ ဘယ်သူကမှ အတင်း အကြပ်မပေးတဲ့ တာဝန်ကို သူရဲကောင်းစိတ်ဓာတ်ရှိလို့သာ မင်း ထမ်းရွက်နိုင်တာပါ သူငယ်ချင်း။ ငါတို့လဲ လူမှုစီးပွားအကျပ်အတည်းတွေကြားကနေ တတ်နိုင်သမျှ ဝန်ကို အကောင်းဆုံးကြိုးစား ထမ်းဆောင်ရင်း မင်းတို့ ရောက်အလာကို မျှော်နေပါတယ်ကွာ။

ကေဂျီ – Wiper
#RedNewsAgency

By Editor