ကျိန်စာသင့်တိုင်းပြည်မှာ ကျုံးသွင်းခံရတဲ့ လူငယ်တွေရဲ့လက်ရှိဘဝ

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ”

မောင်ဝိ – Wiper

စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အမျိုးသားများအတွက် ပြည်ပအလုပ်ခေါ်စာတွေကို မေလ ၁ ရက်နေ့မှ စတင် ဆိုင်းငံ့ထားပြီး၊ “ထွက်ခွာခွင့် ကိစ္စများ ပိုမို အချိန်ယူစိစစ်နိုင်ရန်နှင့် အခြား အခြေအနေများအရ ယာယီအားဖြင့် ဆိုင်းငံ့ထားကြောင်း” ဆိုတဲ့ ဖြေရှင်းချက်ထုတ်ပြန်ထားရှိပါတယ်။

အခုလို အမျိုးသားတွေ ပြည်ပအလုပ်လုပ်ခွင့်ပိတ်ပင်လိုက်တာဟာ၊ စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီအဓမ္မ အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက်၊ လူငယ်အများအပြား ပြည်ပကို အလုပ်အကိုင်ဖြင့် ထွက်ခွာခဲ့ကြတဲ့အတွက် လက်ရှိ ၃ လ နီးပါးအကြာ မေလ ၁ ရက်နေ့မှာ အမျိုးသားများ ပြည်ပကို အလုပ်နဲ့ ထွက်ခွာခွင့် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း သိရှိရတယ်။

ပြည်ပအလုပ်လုပ်ခွင့် ရပ်ဆိုင်းလိုက်တာဟာ လူငယ်တွေ ပြည်ပကို ထွက်ခွာပြီးနောက်ပိုင်း၊ Disabled people (မသန်စွမ်းသူ)၊ Old age people (အသက်အရွယ်ကြီးသူ) တွေပဲ အများဆုံးကျန်တဲ့နောက်မှာ၊ စစ်တပ်အတွက် အင်အားဖြည့်တင်းဖို့ ခက်ခဲလာတာကြောင့် ဖြစ်ကြောင်း သုံးသပ်နိုင်သလို၊ ကျန်ရစ်တဲ့အမျိုးသမီး အင်အားတွေကလည်း လိုအပ်တဲ့ တိုက်ခိုက်ရေးအင်အား ဖြစ်မလာနိုင်တာကြောင့် ဖြစ်တယ်။ ဒါ့ကြောင့်ပဲ စစ်တပ်ဟာ အမျိုးသမီးစစ်သည်တွေကို ရုံးဌာနအများစုမှာပဲ နေရာပေးလေ့ရှိပြီး၊ တပ်ထဲဝင်ရောက်ပြီးသူ မသန်စွမ်းတဲ့ စစ်သားတွေကိုလည်း ဂိတ်စောင့်၊ ရုံးအစောင့် စတဲ့ နေရာတွေမှာသာ တာဝန်ပေးလေ့ရှိပါတယ်။

တကယ်တမ်း တိုက်ခိုက်နိုင်တဲ့ စစ်သားအင်အားဟာ ပြည်တွင်းမှာ ကျန်ရှိနေတဲ့ လူငယ်လူရွယ်တွေပဲ ဖြစ်တယ်လို့ စစ်ကောင်စီယူဆထားပုံပါ။ လူငယ်တွေအနေနဲ့ ဆန္ဒပါသည် ဖြစ်စေ/ မပါသည် ဖြစ်စေ သေချာပေါက် စစ်ထဲဝင်ကြရမှာဖြစ်တယ်။ ဒါဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း မတော်လှန်ခဲ့ကြတဲ့ ရလဒ်တခုလည်းဖြစ်သလို စစ်အာဏာရှင် အမြစ်မဖြတ်နိုင်သေးလို့ပဲ ဖြစ်တယ်။ အခုလိုအခြေအနေမှာတော့ ခရိုနီ၊ စစ်ဗိုလ်ချုပ်ကြီး မိသားစုတွေကလွဲရင် ကြားနေ၊ ခွထိုင်ဆိုပြီး မှိန်းနေလို့မရတော့ပေ။ စစ်တပ်ဘက်က အခုကာလမှာ ဆုံးရှုံးနယ်မြေတွေကို ပြန်ပြီး ထိုးစစ်ဆင်နိုင်ဖို့ စစ်အင်အားကို ရသလောက်တည်ဆောက်မှာအသေအချာပါပဲ။

ဓာတ်ပုံ :အဓမ္မစစ်မှုထမ်းရသည့်လူငယ်များ၏ စစ်ကောင်စီပြုလုပ်သောအခြေခံစစ်ပညာသင်တန်းမြင်ကွင်း


နောက်ဆက်တွဲအနေနဲ့ တိုင်းပြည်မှာရှိတဲ့ ပြည်သူတွေအနေနဲ့ အခုထက်ပို ငတ်ပြတ်လာကြဦးမယ်၊ အခုထက်ပို စစ်ဘေးတွေကြုံတွေ့လာရမှာပါ။ ဒါတွေဟာ စစ်အာဏာသိမ်းမှုနဲ့ စစ်အာဏာရှင်ကြောင့်ဖြစ်တယ်။ ငယ်ငယ်က အချင်းချင်း မုန့်ဖြစ်စေ တခုခု လုယက်စားသောက်မိခဲ့ရင် “နင်တို့က အီသီယိုပီးယားကလာတာလား” ဆိုပြီး လူကြီးတွေရဲ့ ပြောဆိုမှုတွေကိုကြုံခဲ့ရဖူးတယ်။ အခုက ဝဋ်လည်တာလား၊ ကျိမ်စာသင့်နေတာလားမသိ၊ စားသောက်ဖို့အတွက် မနက်နဲ့ နေ့လည်အလျင်မှီအောင် ရုန်းကန်နေကြရတယ်။ တချို့ မိသားစု မစုံလင်ကြတော့သလို၊ နေစရာအိမ် မရှိကြတော့။ ကမ္ဘာမှာ နေ့စဥ်သေဆုံးမှုအများဆုံး နိုင်ငံတွေထဲမှာလည်း မြန်မာဟာ ထိပ်ဆုံးကနေရပ်တည်နေပါတယ်။

အာဏာမသိမ်းခင် တစ်ဒေါ်လာ- ၁၃၀၀ ကျပ်ကနေလက်ရှိ တစ်ဒေါ်လာ- ၃၉၀၀ ကျပ်၊ အခေါက်ရွှေတကျပ်သား ၁၃ သိန်းကနေ အခု ၃၅ သိန်းကျော်နေပြီ။ အခြေခံစားသောက်ကုန် ဆန်တပြည် ၂၀၀၀ ကနေ အခု ၆၀၀၀ နီးပါးဖြစ်နေပြီး၊ ကုန်ဈေးနှုန်းတွေက အဆပေါင်း ရာနဲ့ချီခုန်တက်သွားခဲ့ကြတယ်။ သာမန် အလုပ်သမားတယောက်အနေနဲ့ တနေ့ကို ၆၀၀၀ မှ ၁၀၀၀၀ ထိ နေ့စားခရခဲ့ရင်တောင် လောက်ငခြင်းမရှိပါဘူး။ ဒါ့ကြောင့် အခြေခံလစာကောင်းတဲ့ အိမ်နီးချင်း ထိုင်း၊ မလေးအပါအဝင်၊ ဂျပန်၊တောင်ကိုယ်ရီးယား စတဲ့နိုင်ငံတွေမှာ မိသားစု ဘဝရပ်တည်ရေးအတွက် စွန့်စားပြီး အလုပ်လုပ်ကိုင်ကြရတယ်။

အခုလို ပြည်ပရောက်အလုပ်မားတွေအတွက်လည်း စစ်ကောင်စီဘက်ကနေ အခွန်ကောက်ခံဖို့ကလွဲပြီး အခြားသော တာဝန်ယူမှု၊ တာဝန်ခံမှု လုပ်ကိုင်ပေးထားတာ မတွေ့ရပေ။ ဒါ့အပြင်ပိတ်ပင်ထားတဲ့ ပြည်ပအလုပ်‌ခေါ်စာတွေနဲ့ ထွက်ခွာခွင့်ကိုလည်း ဘယ်အချိန်မှာ ပြန်လည်ဖွင့်ပေးမယ်ဆိုတာ မသေချာသေးပေမယ့် ပြန်လည်ဖွင့်လှစ်ချိန်မှာ နိုင်ငံတော်ကိုအခွန် ငွေပြန်ပို့ရတာတာ၊ ပြည်တွင်းသို့ပြန်လည်စစ်မှုထမ်းတာ အစရှိတဲ့အချက်တွေနဲ့ပတ်သက်ပြီး ခံဝန်ထိုးပြီးမှ ထွက်ခွာခွင့်ပြုတော့မှာဖြစ်တယ်လို့လည်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနရဲ့ ဖော်ပြချက်အရသိရှိရတယ်။

ဓာတ်ပုံ :အဓမ္မစစ်မှုထမ်းရသည့်လူငယ်များ၏ စစ်ကောင်စီပြုလုပ်သောအခြေခံစစ်ပညာသင်တန်းမြင်ကွင်း

အခုလို အဘက်ဘက်က ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့ စစ်ကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်အင်အားဥပဒေတွေကို လျှင်မြန်စွာအသက်သွင်းပုံဖော်ခဲ့ပြီး Non CDM တွေရဲ့ စစ်မှုထမ်းစာရင်းကိုပါ စတင်ကောက်ခံနေပြီပဲဖြစ်တယ်။ စစ်မှုထမ်းဖို့အတွက် Non CDM တွေကို စာရင်းကောက်ရာမှာ မိမိသဘောဆန္ဒအရ စစ်မှုထမ်းချင်သူတွေကိုသာ စာရင်းပေးခိုင်းတာဖြစ်သော်လည်း စာရင်းပေးမယ့်သူမရှိလို့ အထက်လူကြီးတွေပဲ ဌာနအချင်းချင်းညှိနှိုင်းပြီး စာရင်းပေးပို့နေတယ်လို့လည်းသိရှိရတယ်။

စစ်ကောင်စီရဲ့ အခုလုပ်နေတဲ့ အချက်တွေကိုကြည့်ရင် သာမယ်ထင်လို့ စစ်ဖိနပ်အောက် အလုပ်လုပ်ခဲ့တဲ့ စစ်ကျွန် Non CDM တွေကိုလည်း စစ်ကောင်စီက သူတို့အခက်ကြုံချိန်မှာ ချနင်းအသုံးချလာပြီပဲဖြစ်တယ်။ လက်ရှိအချိန်မှာတော့ စစ်ကောင်စီရဲ့ လက်အောက်မှာ အကြောင်းပြချက်မျိုးစုံနဲ့ ရုံးမထွက်နိုင်သူတွေအနေနဲ့လည်း ကျိန်စာသင့်နေတဲ့တိုင်းပြည်မှာ စစ်ကောင်စီနဲ့အတူတူ ပျက်စီးခံကြမလား၊ တော်လှန်ရေးဘက်မှာ ပြတ်သားစွာရပ်တည်ပြီး တစ်သံတည်းညီ တစ်ချီတည်းရုန်းကြမလားဆိုတာကို ပြတ်သားစွာ စဉ်းစားဆုံးဖြတ်ရမည့် အချိန်ရောက်လာပြီပဲဖြစ်ပေတယ်။ ။

#RedNewsAgency

By Editor