လက်နက်ကိုင် တိုက်ပွဲဖြစ်ရတော့မည်ဟု SSPP/SSA ဒုတိယ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်ပြော

RNA_မေ(၃)၊၂၀၂၄ခုနှစ်။

စစ်မှန်သော ပြည်ထောင်စုဒီမိုကရေစီရရှိရန် နိုင်ငံရေးစားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်းမရှိတော့သည့်အတွက်တိုက်ပွဲ ဖြစ်ရတော့မည်ဖြစ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယ ဉက္ကဋ္ဌဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောကြားလိုက်သည်ဟု SSPP Info မှ ယနေ့ ထုတ်ပြန်ထားသည်။

“တွေဝေနေလို့ မဖြစ်တော့ပါဘူး၊ အခု ကျနော်တို့ ဖြစ်ချင်တာက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အဖြေရှာဖို့ လမ်းစဉ်ဟာ လုံးဝ မရှိတော့ပါဘူး။ ဒါ့ကြောင့် တိုက်ပွဲ ဖြစ်ရပါတော့မယ်။ မနက်ဖန် စစ်မဖြစ်ချင်ရင် ဒီနေ့ စစ်ဖြစ်ရပါမယ်။ မနက်ဖန် အခက်မကြုံဖို့အတွက် ဒီနေ့ ရုန်းကန်ရပါမယ်” ဟု ဒုတိယ ဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ပြောသည်။

နိုင်ငံရေးကို နိုင်ငံရေးလမ်းစဉ်ဖြင့် စားပွဲဝိုင်းပေါ်မှာ တွေ့ ဆုံဆွေးနွေးခဲ့သည်မှာ ပင်လုံစာချုပ် စချုပ်ကထဲကနေဆို နှစ်ပေါင်း ၇၇ နှစ်ကြာပြီဖြစ်ကြောင်း၊ စစ်တပ် အာဏာသိမ်းပြီးနောက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေဟာ စား ပွဲဝိုင်းပေါ် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့ နည်းလမ်းများ လုံးဝမဖြစ်နိုင်တော့သည့် အနေအထား ဖြစ်ခဲ့သည့်အတွက် အခြေအနေ လုံးဝမပေးနိုင်တော့သည့်အဆုံး လက်နက်ကိုင်တော်လှန်မယ့် လမ်းစဉ်ကို ရွေးချယ်ခဲ့ရခြင်း ဖြစ်သည်ဟု ဒုတိယဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က ဆပ်လက်ပြောကြားထားသည်။

စစ်မှန်သည့် ပြည်ထောင်စု နိုင်ငံတော်ကြီးတည်ထောင်နိုင်ရန် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ကို မဟာလူမျိုးကြီးဝါဒ ကျင့်သုံးသည့် စစ်အုပ်စုအဆက်ဆက်က လစ်လျူရှု့ ပစ်ပယ်ကာ တပြည်ထောင်စနစ် တည်ဆောက်ခဲ့သောကြောင့် ယခုလို ဆုံးဖြတ်ရခြင်း ဖြစ်ကြောင်း၊ SSPP/SSA သည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့်နှင့် ပြည်ထောင်စု အဆင့် ပဏာမ အပစ်ရပ်စာချုပ်များ လက်မှတ် ရေးထိုးခဲ့သော်လည်း စစ်တပ်နှင့် တိုက်ပွဲများ တခါတရံ ဖြစ်ပွါးခဲ့ကြောင်း၊ ၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်များအတွင်း ဌာနချုပ်ရှိရာ ဝမ်ဟိုင်းကို ဗမာစစ်တပ်က ထိုးစစ်ဆင်ခဲ့ရာ ကြီးမားသည့် တိုက်ပွဲများ ဖြစ်ပွါးခဲ့ကြောင်း သိရသည်။

#RedNewsAgency

By RNA Editor