မဟာလူမျိုးကြီးဝါဒဖြင့် နှစ်ပေါင်း (၆၀)ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့် အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီဟု PSLF/TNLA စစ်ဦးစီးချုပ်ပြော

RNA_မေ(၃)၊၂၀၂၄ ခုနှစ်။

မဟာလူမျိုးကြီးဝါဒဖြင့် တိုင်းရင်းသားများအပေါ် နှစ်ပေါင်း (၆၀) ကျော် အနိုင်ကျင့်ဖိနှိပ်ခံခဲ့ရသည့်အမြစ်ဆိုးအား ရိုက်ချိုးနှုတ်ပစ်နိုင်ခဲ့ပြီးဖြစ်သည့်အတွက် ပြည်သူလူထုများ စည်းစည်းလုံးလုံးနေထိုင်သွားကြရန် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်က ယနေ့ ပြောကြားခဲ့သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA စစ်ဦးစီချုပ် တားဟိုပလန်နှင့် နမ့်ခမ်းမြို့ ပြည်သူလူထုများ ယနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဗိုလ်ချုပ် တားဟိုပလန်မှ အဖွင့်အမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

ယနေ့ပြုလုပ်သည့် နမ့်ခန်းမြို့ လူထုတွေ့ဆုံပွဲတွင် PSLF/TNLA စစ်ဉီးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်၊ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်း၊ ဌာနဆိုင်ရာများ၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ ကျေးရွာဥက္ကဌ၊ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံလူထုများ စုစုပေါင်း (၂၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

PSLF/TNLA အုပ်ချုပ်ထားသည့် မြို့(၇) မြို့တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ်တွင် သင်ကြားရေးများ လုပ်ဆောင်မည်ဖြစ်သည့်အတွက် ပညာသင်ကြားရမည့် ကလေးများကို ပညာသင်ကြားစေရန် မိဘများကို တိုက်တွန်းကြောင်း၊ နမ့်ခမ်းမြို့နယ်တွင် လက်ဖက်လုပ်ငန်းလည်း ပိုမိုအဆင့်မြှင့်သွားစေရန်၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများကို အကောင်းဆုံးဖြစ်အောင် စနစ်တကျစီမံပြီး လုပ်ဆောင်သွားမည်ဟု ဗိုလ်မှူးချုပ် တားအိုမ်တမာဝ်းက ပြည်သူများအား ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By RNA Editor