“မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်”
ကေဂျီ
အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက ကြီး၊ ငယ်၊ လတ် အသက်အပိုင်းအခြား မရွေးသော ပြည်သူလူထူဟာ ဘယ်ရောက်လို့ ဘာဖြစ်မယ်တောင် ကြိုမသိနိုင်တဲ့ အနေအထားမျိုးကနေ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်အဖွဲ့တွေဆီကို ဆင်ကန်းတောတိုး အ ရောက်သွား ပြီး စစ်သင်တန်း တက်ကြရပါတယ်။
ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဘူးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ ပင်ပန်းမှုတွေကို ကြုံတွေ့ကြရပေမယ့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြရင်း သင်တန်းကာလကို အားပေးဖြတ်ကျော်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ သမျှကိုလည်း နိုင်ငံနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ် တောက်ပကောင်းစားစေရေးအတွက် စစ်အာဏာရှင်စနစ်ကို ငါတို့ ခေါတ်မှာ အမြစ်ပြတ်တွန်းလှန်နိုင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နေတတ်စားတတ်လာအောင် ကြိုးစားနေထိုင်ရင်း စစ်ပညာကို တတ်မြောက်အောင် သင်ယူခဲ့ကြ ရပါတယ်။
ခေါတ်အဆက်ဆက် မတရားမှုတွေ ကျူးလွန်လာခဲ့တဲ့ အာဏာရှင်လက်ကိုင်တုတ် စစ်တပ်ကို တွန်းလှန်အနိုင်ယူနိုင်ဖို့အတွက် မိမိရဲ့ အသက်ကို အရင်းတည်ထားကြရပါတယ်။ နောက်ပြီး မိမိပိုင်ဆိုင်ထားသမျှ ပစ္စည်းဥစ္စာတွေ၊ ဝါသနာတွေ၊ အလုပ်အကိုင်တွေ၊ ချစ်ရခင်ရသူ အပေါင်းအသင်းတွေ၊ တစ်ချို့က မိဘတွေ၊ တစ်ချို့က သားသမီး မိသားစုတွေနဲ့ ရှင်သန်ကျင်လည်ရာ ပတ်ဝန်းကျင်အသိုင်းအဝန်းတွေ အားလုံးကို စွန့်လွှတ်ထားခဲ့ကြရပါတယ်။
ရင်ဘတ်တူ ခံယူချက်တူပြီး လက်နက်ကိုင်တော်လှန်သူတွေရဲ့ စုစည်းရာနေရာ ဖြစ်တာကြောင့် ဆရာဝန်သော၊ အနုပညာရှင်သော၊ ဆင်းရဲချမ်းသာ ဘဝအနိမ့်အမြင့်၊ ကိုးကွယ်ရာဘာသာတရားနဲ့ လူတန်းစားခွဲခြားခြင်း ဆိုတာဟာတော်လှန်ရေးတပ်တွေမှာ မတွေ့ရတာပါ။ ရင်ဘတ်ခြင်း၊ ခံယူချက်ခြင်း၊ ရဲရင့်မှုခြင်း ထပ်တူညီပြီး အခက်အခဲတွေကို အတူတူပူးပေါင်းရင်ဆိုင် ကျော်ဖြတ်ခဲ့ကြတာမို့ ညီရင်းအကိုတွေလို ချစ်ခင်ယုံကြည်မှုတွေ ဖြစ်ပေါ်နေထိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
နာလည်း အတူ၊ သာလည်းအတူ သာတူညီမျှ စိတ်ရင်းကောင်းတွေနဲ့ ရှိအတူ မရှိအတူ ဝေမျှနေထိုင်ကြရင်း တပ်ရင်းတစ်ရင်းလုံးပေါင်းမှ ရတဲ့ သေနတ်လေး သုံးလေးလက်ကနေ စတင်ပြီး တစ်ယောက်တစ်လှည့် တိုက်ပွဲဝင်လာလိုက်ကြတာဟာ အခုဆို လက်နက်တင်မက ချပ်ဝတ်တန်ဆာ အပြည့်အစုံနဲ့ အားကောင်းမောင်းသန်တွေဖြစ် အတွေ့အကြုံတွေလည်း ရင့်ကျက်လာခဲ့ကြပါပြီ။
မိမိခံယူချက်အလျောက် ယူခဲ့တဲ့ တာဝန်တွေကို ထမ်းဆောင်ကြရင်း ၃ နှစ်တာကာလကို ဖြတ်ကျော်လာခဲ့ပြီမို့ လက်ရှိအနေအထားကနေ စတင်ခဲ့စဉ်က အချိန်တွေကို ပြန်တွေးကြည့်ပြီး နှိုင်းယှဉ်လိုက်ရင် အားသာချက်တွေ၊ အားကောင်းလာမှုတွေဟာ တိုးတက်မှုအဖြစ် အဆပေါင်းရာကျော်တဲ့အထိ ကွာခြားမှု ကြီးမားခဲ့ပြီဆိုတာကို ထင်ရှားပြတ်သားစွာ တွေ့မြင်နိုင်နေပြီပဲ ဖြစ်ပါတယ်။
တိုင်းပြည်နှင့် ပြည်သူလူထုကို ကာကွယ်ဆောင့်ရှောက်နိုင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင် အမြစ်ပြတ်ရှင်းလင်းရေးတို့အတွက် ပြည်သူ့ကာကွယ်ရေး တပ်မတော်သား တစ်ယောက်အဖြစ် မိမိအသက်ကို အများအတွက် ပေးဆပ်ထားနိုင်တာဟာ အင်မတန်မှ ဂုဏ်ယူလေးစားစရာကောင်းပြီး လူအများလုပ်နိုင်ခဲလှတဲ့ အလုပ်ပဲ ဖြစ်ပါတယ်။
စစ်အာဏာရှင်ကျဆုံးရေးအတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အသက်နဲ့ရင်းပြီး တိုက်ပွဲဝင်နေကြသလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပေးဆပ်အနစ်နာခံမှုကို ကိုယ်ချင်းစာနာမှု အပြည့်နဲ့ တတ်စွမ်းသမျှ ပါဝင်ကူညီ ပံ့ပိုးပေးနေတဲ့ ပြည်သူလူထုများစွာ ရှိနေတာကိုလည်း တွေ့မြင်နေရပါတယ်။
ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ အမျိုးသားတပ်မတော် စသဖြင့် ပြည်သူ့အကျိုးစီးပွားကို ဦးတည် တည်ဆောက်ခဲ့ကြတာဖြစ်တဲ့အတွက် တိုက်ခိုက်ရေး စွမ်းဆောင်ရည်ပြည့်ဝမှုအပြင် ပြည်သူလူထုနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ဖို့ဟာလဲ အင်မတန်မှ အရေးကြီးပါတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ အစိုးရတိုင်းဟာ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေအတွက် ကာကွယ်ပေးဖို့၊ မြှင့်တင်ပေးဖို့နဲ့ အကောင်းဆုံးဖြစ်အောင် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ပေးဖို့အတွက် တာဝန်ဝတ္တရားရှိပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် အစိုးရရဲ့ ရှေ့ပြေးတပ်မတော် ဖြစ်လာမယ့် တော်လှန်ရေးတပ်ဖွဲ့တွေမှာလည်း ခက်ခဲကြမ်းတမ်းတဲ့ ပြည်တွင်းစစ်ကာလအတွင်း ပြည်သူလူထုအတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်နေကြရတာကိုလည်း ပြည်သူလူထုအားလုံးကို နားလည်စေခြင်ပါတယ်။
၃နှစ်ကျော် တော်လှန်ရေးကာလ အတွင်း “ဆွမ်းဆန်ထဲ ကြွက်ချေးရော”ဆိုသလို အပြောတစ်မျိုး အလုပ်တစ်မျိုး ကိုယ်ကျိုးရှာ အတ္တကြီးသူတစ်ချို့ ထွက်ပေါ်လာခဲ့ဖူးပေမယ့် အမှန်တရား အင်အားကြီးမားတဲ့ နယ်ပယ်ရပ်ဝန်းဖြစ်တာကြောင့် လပိုင်းရက်ပိုင်းအတွင်း ရုပ်လုံးမှန်ပေါ်ပေါက်ပြီး သိက္ခာမဲ့စွာ ကျရှုံးသွားကြ ရတာပါပဲ။ အချိန်ကြာလေ ပိုပြီး အားကောင်းလာတဲ့ အုပ်ချုပ်မှုစနစ်တွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စစ်ရေးပိုင်းစွမ်းဆောင်ရည်ဟာ မြင့်တက်လာခဲ့သလို၊ စုဖွဲ့မှုတွေမှာလည်း ပိုမိုအားကောင်းလာမှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အတင်းအကြပ်ဖိအားပေးမှုတွေကြောင့် ပြည်သူတစ်ချို့ရဲ့ အကြောက်တရားအကြောင်းပြ နေထိုင်တတ်လာမှု တွေကိုလည်း မြင်တွေ့လာရပါတယ်။ ဒါ့ကြောင့် အကြမ်းဖက်စစ်ကောင်စီနဲ့ လက်အောက်ခံတွေအတွက် အမှန်တရားကို တန်ဖိုးထားတတ်တဲ့ ပြည်သူလူထုများ ဝိုင်းဝန်း ပြုလုပ်တဲ့ Boycottနဲ့ social punishment ဆိုတဲ့ လူမှုပြစ်ဒဏ်တွေဟာလည်း ကောက်ရိုးမီးလို မဖြစ်စေပဲ ဆက်လက်လုပ်ဆောင်နေကြဖို့ လိုအပ်ပါတယ်။
လောကရဲ့ နိယာမသဘောတရားအရ မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူ့အကျိုးစီးပွား၊ ပြည်သူ့အခွင့်အရေးနဲ့ ပြည်သူ့အနာဂတ် ကောင်းမွန်စေရေးကိုသာ ရှေးရှုပြီး ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် အမြန်ဆုံး အမြစ်ပြတ်ကျဆုံးရေးအတွက် နိုင်ငံရဲ့ ဒေသအသီးသီးမှ တော်လှန်ရေးတပ်ဖွဲ့များအားလုံး အချိတ်အဆက်မိမိ အကောင်းဆုံးကြိုးစားကြတော့မယ်လို့လည်း ယုံကြည်ထားပါတယ်။
တော်လှန်ပြည်သူများထဲမှ တစ်ချို့သောသူများကလည်း သက်စွန့်ကြိုးပမ်းနေကြရသူများအတွက် ပြောကောင်းသိကောင်းရုံ ပါဝင်မှုထက် လေးလေးနက်နက် ပါဝင် ပံ့ပိုးပေးကြဖို့ တောင်းဆိုခြင်ပါတယ်။ ကြိမ်းသေရောက်ရှိလာမယ့် အောင်မြင်မှုအသီးအပွင့်တွေ ဝေဆာနေချိန်မှာ ကိုယ့်သမိုင်းကိုယ် ပြန်တွေးကြည့်မိတိုင်း အစွန်းအထင်းမရှိ လိပ်ပြာလုံလုံ ဂုဏ်ယူဝံကြွားနိုင်ဖို့အတွက် အမှန်တရားဘက်တော်သားများအားလုံးကို လက်ရှိကာလမှာ မိမိထမ်းဆောင်နိုင်ရာ တာဝန်တွေကို အကောင်းဆုံး ကြိုးစားဆောင်ရွက်ပေးကြပါလို့ အရိုးရှင်းဆုံး အကြံပြုလိုက်ရပါတယ်။
#RedNewsAgency