အမ်း – ပဒါန်း လမ်းတိုက်ပွဲတွင် PRA-Magway မှ ရဲဘော် ဟန်ဘို ကျဆုံးခဲ့ရ

RNA_မေ(၁)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်အစပ် အမ်း -ပဒါန်း လမ်းပိုင်း တိုက်ပွဲအတွင်း လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway) မှ ရဲဘော် ဟန်ဘိုသည် စစ်ရေးတာဝန်များ ထမ်းဆောင်ရင်း လက်နက်ကြီးကျည်ထိမှန်ကာ ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက မြင့်မြတ်စွာ ကျဆုံးသွားကြောင်း သိရသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း AA နှင့် ပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို ပြင်းပြင်းထန်ထန်တိုက်ခိုက်နေသည့်အတွက် စစ်ကူနှင့် ရိက္ခာပို့ လမ်းကြောင်းများကို အများပြည်သူသုံး ယာဉ်များဖြင့် သွားလာနေသည့်အတွက်ရခိုင်ပြည်နယ် အမ်းမြို့နှင့် မကွေးတိုင်း ပဒါန်းတို့ကို ဆက်သွယ်ထားသော အမ်း-ပဒါန်း ကားလမ်းအား အာရက္ခတပ်တော် – AA နိုဗာစစ်ဒေသ (၁) က ဧပြီလ (၂) ရက်နေ့ကတည်းက အကန့်အသတ်မရှိ အရေးပေါ်ပိတ်ထားခဲ့သည်။

အာရက္ခတပ်တော်နှင့် မဟာမိတ်များက အမ်းမြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံများကို တိုက်ထုတ်နေစဉ်အတွင်း အမ်းကို စစ်ကူသွားသည့် စစ်ကောင်စီလက်အောက်ခံများက ပဒါန်းကျော်သည်နှင့် လက်နက်ကြီး လက်နက်ငယ်များဖြင့် ကျေးရွာများကို ပစ်ခတ်နေကြောင်း၊ အမ်းတက်သည့် စစ်ကောင်စီတပ်များလည်း လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခံရမှုရှိပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

“အခုက နေ့တိုင်းနီးပါး ပစ်ခတ်နေကြတာ လက်နက်ကြီးက ရွာတွေထဲထိကျနေတာ အခုစစ်ဘေးရှောင်တွေလည်း ရွာဆက်တိုက်ပဲ။ စစ်တပ်ဝင်လာရင် အကုန်ပြေးရတယ် ရွာလည်း အကောင်းတိုင်းမကျန်ဘူး။ ပဒါန်းတက်မယ်ဆိုတော့လည်း စစ်တပ်က အလာမခံဘူး အခုက ဘယ်ကိုသွားလို့ ဘယ်လိုနေရမလဲကို မသိဖြစ်နေတာ” ပဒါန်းမြို့နယ် ကျေးရွာတရွာမှ ဒေသခံတဦးက ပြောကြားထားသည်။

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်းစစ်ကောင်စီတပ် လှုပ်ရှားမှုများလာပြီး ထိတွေ့တိုက်ပွဲများမှာ အမ်း – ပဒါန်းလမ်းပိုင်း၊ မင်းဘူးခရိုင်အတွင်းမှ ပုသိမ် – မုံရွာလမ်းပိုင်းတို့တွင် ဖြစ်ပွါးနေကြောင်း၊ ပုသိမ် – မုံရွာ လမ်းပိုင်းတွင်လည်း ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များက နယ်မြေစိုးမိုးထားပြီး ခုခံတိုက်ခိုက်နေကြကြောင်း သိရသည်။

#RedNewsAgency

By RNA Editor