ပြင်ဦးလွင်အနီး ထိုးဖောက်လာတဲ့ မန္တလေး PDFနဲ့ တိုက်ပွဲကြားက လူသားဆန်မှု

“ခေါင်းပေါင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး တင်ကိုဆိုရင် တတက- ၁၃ က ဌာနမှူးဖြစ်ပြီး၊ အောက်ခြေက လိုက်ပါလုပ်ဆောင်နေသူတွေက ထောက်ပို့ဘတ်၊ GE ဘတ် တံဆိပ်နဲ့ ဒီလူတွေပဲတွေ့ရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အတွင်းထဲက နောက်ဆုံးအခြေအနေပဲ ဖြစ်တယ်။ ဒါက မန္တလေးတိုင်းအတွင်းကို သင်တန်းတက်ဖို့လာရောက်တဲ့ တပ်ပေါင်းစုံက စစ်သားတွေကို ကြုံသလိုစုပြီး ခံစစ်ပြင်ထားတာဖြစ်တယ်”

မောင်ဝိ – Wiper

စစ်ပုံကျနစွာ ယူနီဖောင်းအပြည့်အစုံနဲ့ အပြင်းအထန်ထိုးစစ်ဆင်နေကြပါတယ်။ သူတို့က တခြားသူတွေမဟုတ်၊ မြန်မာပြည်အလယ်ပိုင်းမှာ ပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျနေတဲ့ စစ်ကောင်စီတပ်ရင်းတွေကို အားမာန်အပြည့်နဲ့ တိုက်ခိုက်နေတဲ့ မန္တလေး PDF ပါ။

“ဟေ့ကောင်တွေ..နာရီဝက်အတွင်းလက်နက်ချပါ၊ မင်းတို့မှာ မိသားစုတွေရှိတယ်…”လို့ တိုက်ပွဲအတွင်းမှာကို ရန်သူ့ မိသားစုတွေ ဘဝတွေ၊ အသက်တွေအတွက် အခွင့်အရေးတွေ သူတို့ပေးနေတုန်းပါပဲ…။ အပြီးသတ်ချေမှုန်းမယ်ဆိုရင် ချေမှုန်းလို့ရပါတယ်။ မလုပ်ခဲ့ကြဘူး ရန်သူကရန်သူ၊ လူသားဆန်မှုက လူသားဆန်မှုပဲလေ။

ဒဏ်ရာရလာတဲ့ စစ်သားတယောက်ကို တွဲကူရင်းထပ်ပြောတယ် “အကိုဒဏ်ရာရရင် ကျွန်တော်တို့ကုပေးမှာ အကိုတို့ကို ဘာမှမလုပ်ဘူး…” တဲ့။ ဒါကိုမြင်တော့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်း လမ်းမပေါ်မှာ လက်နက်မဲ့ ဆန္ဒပြနေကြတဲ့ လူငယ်တွေကို ကားနဲ့ အသေတိုက် သတ်တာကို သတိရမိတယ်။ PDF တွေသာ ဒဏ်ရာရ စစ်သားနေရာမှာဆိုရင် ဘယ်လိုလုပ်မလဲပေါ့။ သူတို့စစ်သားတွေ လုပ်နေကြ အလုပ်တွေဖြစ်တဲ့ အသက်ကိုခြိမ်းခြောက်မယ်၊ မကြောက်တတ်ဘူး ထင်ရင် မိဘ၊သားသမီး ဒီလိုမျိုး မိသားစုဘဝတွေရဲ့ အညှာကိုကိုင် ရက်ရက်စက်စက် ပြုမူတာတွေပဲ မြင်ကြမှာပဲလေ။

တိုက်ပွဲပြီးတဲ့အချိန်ထိ PDF ရဲဘော်တွေ အသံတွေဝင်အောင် ကတိတွေအထပ်ထပ်ပေးခဲ့ကြတယ်၊ “အကိုတို့ကို ကတိပေးပါတယ်…ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး၊ သေနတ်ကို အောက်ချထား ဘာမှမလုပ်ဘူး ဒဏ်ရာရတဲ့သူတွေ ကျွန်တော်တို့ ဆေးကုပေးပါမယ်…”တဲ့။ လက်နက်ချတဲ့အချိန်မှာလည်း စစ်သုံ့ပန်းအပေါ်ထားရှိရမယ့် စည်းမျဥ်းစည်းကမ်းဥပဒေအပြင်၊ လူသားချင်းစာနာမှုကိုပြသတဲ့အနေနဲ့ အိတ်ထဲက ရေသန့်ဘူးလေး ထုတ်ပေးခဲ့တာကို ရုပ်သံမှာ မြင်တွေ့ရတယ်။

တိုက်ပွဲက မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ဝါးပိုးချပ်ကျေးရွာက စစ်ကောင်စီ အထိုင်စခန်းပါ။ မန္တလေး PDF ကဝင်တိုက်တဲ့ အခါ ဒုတိယဗိုလ်မှူးကြီးတင်ကိုအပါအဝင် ၁၁ ယောက်ကတော့ သေသွားခဲ့တယ်၊ ၁၅ ယောက်ကိုတော့ လက်နက်ချ စစ်သုံ့ပန်းအနေနဲ့ ဖမ်းဆီးရမိခဲ့တယ်။

ဒီနေရာမှာ ထူးခြားမှုတခုကို သတိပြုမိတာက မန္တလေး PDF တိုက်ပွဲဝင်နေတဲ့နေရာက မြန်မာနိုင်ငံအလယ်ပိုင်းဒေသတခုဖြစ်တယ်။ ဒီနေရာကို စစ်တပ်က မသိပဲ မနေပါဘူး။ ဘာလို့လဲဆိုတော့ မန္တလေး PDF အထိုင်ချထားတဲ့ ရှေ့တန်းစခန်းကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်သွားခဲ့တယ်။ အဲ့ဒီနေရာကို စစ်ကောင်စီဘက်က လေကြောင်းထိုးစစ်တခုပဲ ပီပီပြင်ပြင်လုပ်နိုင်ပြီးတော့၊ မြေပြင်မှာက ခံစစ်သဘောမျိုးပဲ ပြင်ထားပုံရတယ်။

နောက်ပြီးတော့ နယ်စပ်စစ်ဆင်ရေးတွေကိုပဲ စစ်တပ်က သူ့တပ်နဲ့ သူ့အင်အား အဓိက လွှတ်နိုင်တာတွေ့ရတယ်။ ဥပမာ ပြောရရင် ကရင်ခွင်ဆိုရင် တပ်မ (၄၄)၊ အခုချိန်ထိ ထိုးစစ်ဆင်နိုင်သေးတယ်။ အလယ်ပိုင်းတိုင်းမှာကျ အဲ့ဒီလိုမဟုတ်ပဲ လက်ရှိ စဥ့်ကူးမြို့နယ်ထဲက တိုက်ပွဲမှာဆိုရင် စစ်ကောင်စီတပ်သားတွေရဲ့ ဘတ်တံဆိပ်ပေါင်းစုံကို မြင်တွေ့ရတယ်။ ဒီအချက်ကိုကြည့်ရတာ စစ်ကောင်စီအနေနဲ့ နယ်စပ်ဒေသတွေကိုသာ စစ်အင်အား အလုံးအရင်းနဲ့ ပို့ထားရပြီး၊ အလယ်ပိုင်းမှာ ရှိသလောက် အင်အားလေးနဲ့ အဖြစ်သဘောမျိုးသာ ခံစစ်ပြင်ဆင်ထားနိုင်တာတွေ့ရတယ်။

ခေါင်းပေါင်းဖြစ်တဲ့ ဒုတိယဗိုလ်မှူးကြီး တင်ကိုဆိုရင် တတက- ၁၃ က ဌာနမှူးဖြစ်ပြီး၊ အောက်ခြေက လိုက်ပါလုပ်ဆောင်နေသူတွေက ထောက်ပို့ဘတ်၊ GE ဘတ် တံဆိပ်နဲ့ ဒီလူတွေပဲတွေ့ရတယ်။ ဒါဟာ စစ်ကောင်စီရဲ့ အတွင်းထဲက နောက်ဆုံးအခြေအနေပဲ ဖြစ်တယ်။ ဒါက မန္တလေးတိုင်းအတွင်းကို သင်တန်းတက်ဖို့လာရောက်တဲ့ တပ်ပေါင်းစုံက စစ်သားတွေကို ကြုံသလိုစုပြီး ခံစစ်ပြင်ထားတာဖြစ်တယ်လို့ ဆိုနိုင်ပြီးတော့၊ စစ်တပ်အတွက် လိုအပ်တဲ့ တိုက်ခိုက်ရေး အင်အား ဖြစ်မလာပါဘူး။ ထပ်တိုက်လည်း ထပ်ရှုံးဖို့ စစ်ကောင်စီဘက်က သေချာနေတယ်ဆိုတာ အခုရလဒ်ကိုကြည့်ရင် သိမှာပါ။

အခု ရက်ထဲ ရလဒ်အနေနဲ့က မန္တလေး PDF တပ်တွေ ပြင်ဦးလွင်နဲ့ ၁၀ မိုင်အကွာအထိ ရောက်လာခဲ့သလို၊ သရက်ကုန်း အထိုင်စခန်းကို ရှင်းလင်းသိမ်းပိုက်လိုက်ပါတယ်။ မြန်မာပြည်အထက်ပိုင်း ကချင်ပြည်နယ်မှာလည်း စစ်ကောင်စီရဲ့အရေးကြီး စစ်စခန်းဖြစ်တဲ့ ဆင်ဘိုက ခလရ-၁၄၁ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ထိန်းချုပ်ခဲ့တယ်။ အဲဒီကနေ စစ်ကိုင်းနဲ့ ကချင်အစပ်က ဆယ်ဇင်းစခန်းတွေကို တော်လှန်ရေး ပူးပေါင်းတပ်တွေ ထပ်သိမ်းပိုက်ပြီး ဆယ်ဇင်းရွာကို လက်ရှိ ထိန်းချုပ်ထားပါတယ်။

ရခိုင်ပြည်ပြည်နယ်မှာဆိုရင် တိုင်းစစ်ဌာနချုပ်အမ်းနဲ့အနီးဆုံးက တောဟိန်းတောင်ဗျူဟာကို ဝိုင်းတိုက်နေပါပြီ။ ကရင်ပြည်နယ်မှာဆိုရင် စစ်ကောင်စီရဲ့ အရေးကြီး ခြေကုပ်စခန်းတွေဖြစ်တဲ့ ဖာပွန်မြို့နယ်ထဲ စခန်းတွေလည်း သိမ်းပိုက်ခံရပါတယ်။ ချင်းပြည်နယ်မှာဆိုရင်လည်း မကွေး-ချင်းအစပ်က ကျင်ဒွေးမြို့ကို ထပ်မံသိမ်းပိုက်ရရှိထားတာ တွေ့ရတယ်။ ဒီအခြေအနေက စစ်ကောင်စီရဲ့ ကျရှုံးမှုနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ အောင်မြင်မှု တစိတ်တဒေသပါပဲ။ ဆက်ပြီးတိုက်ရင် မင်းအောင်လှိုင် အခြေချတဲ့ နေပြည်တော်လည်း မကြာဘူးဆိုတာ ရဲရဲကြီးပြောနိုင်ပါတယ်။

ဆိုတော့ စစ်ကောင်စီလက်အောက်ခံ စစ်သားတွေအနေနဲ့ “ခင်ဗျားတို့ကလည်း ပြည်သူ ကြားကပေါက်ဖွါးလာတာပါပဲ”။ အမိန့်တခုကို မှားသည်/မှန်သည် မခွဲခြားဘဲ ခိုင်းတာအကုန်လုပ်ရလောက်တဲ့အထိ အသိဥာဏ်မိုက်မဲခဲ့ကြတာလားပေါ့။ တိုက်ပွဲရှုံးလို့ လက်နက်မချဘူး နယ်စပ်ဖြတ်ကျော်ထွက်ပြေးမယ်ဆိုရင်လည်း ထိုင်း၊တရုတ်၊အိန္ဒိယ၊ ဘင်္ဂလားဒေရှ် အကုန်ရောက်ခဲ့ကြတာပဲလေ။

ထိုင်းမှာဆိုရင် ထိုင်းစစ်တပ်ရှေ့မှာ အရှက်သိက္ခာမရှိ ဝမ်းလျားမှောက်ပြီး၊ စစ်ကောင်စီလက်ထဲပြန်အပ်တာနဲ့ အကုန် စစ်ပြန်တိုက်ရတာပဲ။ ရလဒ်က သေဆုံးခြင်းသာဖြစ်ခဲ့တယ်။ ဒီတော့ ပြည်သူရင်ခွင်ခိုလှုံဖို့မကြောက်ရွံ့ကြပါနဲ့၊ နွေးထွေးမှုနဲ့ ရှင်သန်ခြင်းရဲ့ရလဒ်ကိုလည်း ပြည်သူကပဲပေးနိုင်တယ်ဆိုတာ အထက်ကပြောတဲ့အတိုင်းပဲ စစ်ကောင်စီ တပ်သားတွေကို သိစေလိုပါတယ်။ ။

#RedNewsAgency

By Editor