လူလည်လူမိုက် ရွေးလိုက်စမ်း.. “အကြိုက်”

“တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။ စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်”
ရန်နိုင်
ကရင်ပြည်နယ်မှာ စစ်ကောင်စီကို အဓိကအထောက်အကူပေးပြီး အိမ်ကြက်ခြင်းအိုးမဲသုတ် ခွပ်ပေးနေတဲ့ နယ်ခြားစောင့်တပ်အဖြစ် ရပ်တည်ပေးနေတာကတော့ ဗိုလ်မှူးစောချစ်သူဦးဆောင်တဲ့ BGF တပ်ရင်းတွေပဲ ဖြစ်တယ်။ အခြေအနေကို အခြေခံပြီးတော့ ဗိုလ်မှူးစောချစ်သူက မတ်လပထမအပတ်မှာ KNA အဖြစ်သီးခြားရပ်တည်မယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သင်္ကြန်တုန်းကတော ဖားအံမှာ BGF တွေက စစ်ကောင်စီတပ်နဲ့အတူ တွေ့ရှိကြရပါတယ်။
မင်အောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်လက်အောက်က BGF (Border Guard Force) အဖြစ်ကနေ လစာမယူတော့ဘူးဆိုပြီး လက်မောင်း ဘက်တံဆိပ်တွေပြောင်းမယ်၊ ကရင်အမျိုးသားတပ်မတော် – Karen National Army -KNA အမည်ခံယူမယ်ဆိုတော့ ကရင်ချင်း သေနတ်ဖောက်စရာမလိုတော့တဲ့အတွက်နဲ့ တော်လှန်ရေး ပြည်သူတွေက အားဖြစ်ခဲ့ကြရတယ်။ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များရဲ့ သတင်းစကားအရ ဗိုလ်ချုပ်စောချစ်သူက အရင်ကတည်းက တော်လှန်ရေးတပ်ဖွဲ့များအပေါ် အကူအညီပေးလေ့ရှိသူဖြစ်ကြောင်းသိရတယ်။
စောချစ်သူက စစ်တပ်နဲ့ မပူးပေါင်းတော့ဘူးဆိုတဲ့နောက်မှာတော့ ပြည်သူတွေက ကော့ကရိတ်မြို့၊ မြဝတီမြို့တွေကို ရတော့မယ်ဆိုပြီး မျှော်လင့်မိခဲ့ကြတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ကော့ကရိတ်မြို့ကို ၆၀ ရာခိုင်နှုန်းလောက်ထိ ထိန်းချုပ်ထားနိုင်ပေမယ့် BGF အဖွဲ့တွေရှိတဲ့ မြဝတီမြို့ကတော့ တိုက်ပွဲသံသိပ်မကြားခဲ့ရပေ။ မတ်လ ၈ ရက်နေ့ မှာတော့ မြဝတီမြို့အနီးဆုံးစခန်းတွေဖြစ်တဲ့ ခမရ ၃၅၅၊ ၃၅၆ ကို သိမ်းပိုက်ထားနိုင်ပြီး သင်္ဃန်းညီနောင်ရဲစခန်းကိုလည်း သိမ်းဖို့ပြင်ဆင်လာခဲ့တယ်။ ဧပြီလ ၅ ရက်နေ့မှာတော့ သင်္ဃန်းညီနောင် ရဲစခန်းရော၊ ဗျူဟာကုန်းစခန်းရော သိမ်းပြီးတဲ့နောက်မှာတော့ မြဝတီမြို့ရဲ့ မြို့စောင့်တပ် ဖြစ်တဲ့ ခလရ ၂၇၅ ကို လက်နက်ချဖို့သတိပေးပြီး မြဝတီမြို့ကိုသိမ်းဖို့ KNU/KNLA ဦးဆောင်တဲ့ PDF မဟာမိတ်တပ်တွေက ချဉ်းကပ်လာခဲ့တယ်။
တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာတော့ အကြမ်းဖက်စစ်ကောင်စီ မြို့စောင့်တပ်လဲ စောချစ်သူရဲ့ အကူအညီနဲ့ ထိုင်းဘက်ကိုပြေးဖို့ ကြိုးစားပေမယ့် ထိုင်းကအဝင်မခံတဲ့အတွက် Standard Army ကြီးက တံတားအောက်က ခွေးလေးတွေလို ခိုကပ်နေရတော့တယ်။ မြို့စောင့်တပ် မရှိတော့တဲ့နောက်မှာတော့ မြဝတီမြို့ကို KNU ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက မြို့ပတ်လည်ကို ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ ပြောလို့ရပါတယ်။
မြဝတီမြို့ကို ဆုံးရှုံးလိုက်ရတဲ့ စစ်ကောင်စီအတွက် နိုင်ငံရဲ့ကုန်သွယ်စီးပွားရေးလုပ်ငန်းတွေ အကြီးမားဆုံး ဆုံးရှုံးလိုက်ရခြင်း ဖြစ်တယ်။ အမှတ် (၂) တံတားမှာလည်း မြဝတီမြို့ကထွက်ပြေးနေရတဲ့ စစ်ကောင်စီလက်အောက်ခံတွေ ရောက်နေလို့ တံတားကိုလည်း ထိုင်းဘက်က ပိတ်ချလိုက်ပါတယ်။ တနိုင်ငံလုံးနယ်စပ်ဂိတ်တွေ ဆုံးရှုံးထားတဲ့ စစ်ကောင်စီအတွက် မြဝတီကုန်သွယ်ရေးဇုန် ဆုံးရှုံးလိုက်ခြင်းက အကြီးမားဆုံးထိုးနှက်ချက် တခုဖြစ်လာခဲ့တယ်။ မြဝတီမြို့ပြန်ရဖို့အတွက် ဒုတိယကာကွယ်ရေးဦးစီးချုပ် စိုးဝင်းကိုယ်တိုင် မော်လမြိုင်ထိဆင်းပြီး စစ်ကောင်စီလော်ဘီတွေ ပြောပုံအရ နိုင်ငံတော်အဆင့် “အောင်ဇေယျ” စစ်ဆင်ရေးကြီးကို အနီးကပ် ကြီးကြပ်ကိုင်တွယ်ခဲ့ရတယ်။

တော်လှန်ရေးတပ်ဖွဲတွေက လေကြောင်းကာကွယ်ရေးစနစ်အသင့်ရှိတဲ့ နေပြည်တော်လို နေရာထိ Drone တွေနဲ့ တိုက်ခိုက်ထားနိုင်ချိန်မှာ မော်လမြိုင်ထိရောက်လာတဲ့ စစ်ခေါင်းဆောင် စိုးဝင်းအတွက် တနေ့တည်း ၂ ကြိမ်တိတိ Drone နဲ့တိုက်ခိုက်ခံလိုက်ရပါသေးတယ်။ ဒဏ်ရာအပြင်းအထန် ရနေတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေနဲ့ စိုးဝင်းတယောက် လူမြင်ကွင်းကနေ ပျောက်ချင်းမလှပျောက်သွားတော့တယ်။ အောင်ဇေယျ စစ်ဆင်ရေးကြီးကလည်း အခုထိ မြဝတီမြို့ကို အခုထိရောက်မလာခဲ့ဘူး။ မင်းအောင်လှိုင်အတွက်တော့ တော်တော်လေး ရင်းလိုက်ရတာပဲဖြစ်တယ်။
တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ မြဝတီမြို့ရောက်သွားတဲ့နောက်မှာတော့ လက်နက် ထိုင်း – မြန်မာ ချစ်ကြည်ရေး အမှတ် (၂) တံတားအောက်က စစ်ကောင်စီလက်ကျန် အဖွဲ့ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ကြပါတယ်။ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီလက်အောက်ခံတွေ သေကြ ဒဏ်ရာရပြီးနောက် စစ်ကောင်စီက လေကြောင်းကနေ အသည်းအသန် တိုက်ခိုက်ခဲ့တာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကတောင် နယ်စပ်လုံခြုံရေး တင်းတင်းကြပ်ကြပ်လုပ်လိုက်ရပါတယ်။ မြဝတီဘက်က လေကြောင်းရန်ကြောင့် ပြေးလိုက်ရတဲ့ စစ်ဘေးရှောင်တွေကိုလည်း ထိုင်းဘက်က လက်ခံခဲ့ပါတယ်။
အကြမ်းဖက်စစ်ကောင်စီကတော့ သူလက်လွှတ်လိုက်ရတဲ့ မြို့တွေ ရွာတွေမှာ လူသားချင်းစာနာစိတ်မရှိ ရက်ရက်စက်စက် တမြို့လုံး တရွာလုံးကို မီးလောင်တိုက်သွင်းနေတာ ပြည်သူအားလုံးအသိ တကမ္ဘာလုံးအသိဖြစ်ပါတယ်။ ကရင်ပြည်နယ်က ကော့ကရိတ်အပါအဝင် ချင်းပြည်နယ်၊ စစ်ကိုင်း၊ မကွေးအပါအဝင် တနိုင်ငံလုံးမှာ ဖြစ်နေတာပါ။ ဒါပေမဲ့ မြဝတီမြို့ကိုတော့ စစ်ကောင်စီက ထင်တိုင်းမကျဲခဲ့တာက BGF ခေါင်းဆောင် ဗိုလ်ချုပ်စောချစ်သူက ကြားဝင်ညှိုနှိုင်းထားပေးတာကြောင့်ဆိုတာ မဖော်ပြနေပေမယ့် ပြည်သူအားလုံးသိတဲ့ ကိစ္စပဲဖြစ်တယ်။
ပြည်သူတွေ စိုးရိမ်သလို မြဝတီမြို့မပျက်စီးပေမယ့် စစ်တပ်ရဲ့လေတပ်ရန်ကိုကြောက်တဲ့ စစ်ရှောင်တွေကတော့ ထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ကြပြီး သောင်းရင်းမြစ်တလျှောက်စစ်ဘေးရှောင်ကြရတယ်။ နယ်နမိတ်ထိစပ်နေတဲ့ ထိုင်းနိုင်ငံလည်း မြန်မာစစ်တပ်ရဲ့ ရမ်းကားပြီး ကျည်ကျော်၊ ကျည်ကျခဲ့ရင် ပြန်လည်တိုက်ခိုက်မယ်ဆိုပြီး အရေးပေါ်ထုတ်ပြန်ထားသလို၊ နယ်ခြားစောင့်တပ်နဲ့ လေတပ်တွေကို အသင့်ပြင်ဆင်ထားရတယ်။ ထိုင်းနိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်ကိုယ်တိုင် စစ်ရှောင်တွေကို ကူညီဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ (၃) ကြိမ်တိတိ မဲဆောက်ကို ရောက်လာခဲ့ရတယ်။
ထိုင်းဝန်ကြီးကိုယ်တိုင် လာရောက်ခဲ့တာကြောင့် မြဝတီမြို့တိုက်ပွဲတွေက ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာပြီး မြန်မာလူမှု ကွန်ယက်စာမျက်နှာတွေမှာ အချိန်ပြည့်ဖော်ပြနေကြတယ်။ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျောပေးပြီး ခံစစ်ဆင်ထားတဲ့ စစ်ကောင်စီတပ်တွေကို တော်လှန်ရေးတပ်ဖွဲ့တွေက Drone တွေနဲ့အပြင်းအထန် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီအဖွဲ့ဝင် (၃၀)ကျော် ဒဏ်ရာအပြင်းအထန်နဲ့ မဲဆောက်ဆေးရုံမှာ တိတ်တိတ်ဆိတ်ဆိတ် ဆေးကုသနေရတယ်။
တပ်မ ၄၄ တပ်မမှူးအပါဝင် ဒဏ်ရာရ လူနာများစွာနဲ့ စစ်ကောင်စီတပ်တွေ အမှတ်(၂)တံတားအောက်မှာ အလူးအလဲခံခဲ့ရတယ်။ သို့ပေမယ့် ဉာဏ်ကောင်းတဲ့ စစ်ကောင်စီက KNA အမည်ပြောင်းထားတဲ့ BGF ခေါင်းဆောင် စောချစ်သူရဲ့ အညှာကို သိနေတာကြောင့် စစ်ကောင်စီအလိုကျစောချစ်သူက လိုက်လျောခဲ့လိုက်ရတယ်။ နှစ်စဉ်ဒေါ်လာသန်း ၁၀၀ ကျော်ဝင်နေတဲ့ ရွှေကုက္ကိုမြို့ကို လေကြောင်းနဲ့ ဖျက်စီးဖို့ ခြိမ်းခြောက်လိုက်ချိန်မှာ အကျိုးစီးပွားမစွန့်လွှတ်နိုင်တဲ့ BGF ခေါင်းဆောင်အတွက် ခြေသုတ်ပုဆိုး၊ မြွေဆွယ်ကျိုး ဖြစ်ခဲ့ရတယ်။ အကျိုးစီးပွားလုံးဝ အထိမခံနိုင်သည့် BGF ခေါင်းဆောင်အတွက် ပြည်သူတွေမထိခိုက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီအလိုကျလိုက်လျောခဲ့တယ်။
စောချစ်သူ စစ်ကောင်စီကို အာခံတာက လောက်ကိုင်ဒေသကို စစ်ကောင်စီက မကာကွယ်နိုင်ပဲ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တရုတ်ကိုအပ်လိုက်တာကြောင့် ဖြစ်တယ်။ အကြီးအကျယ် ဝင်ငွေလမ်းကြောင်းဖြောင့်နေတဲ့ ရွှေကုက္ကိုမြို့ကို အမှီပြုပြီး တသီးတခြား ရပ်တည်ဖို့ ရွေးခဲ့တာဖြစ်တယ်။ ကရင်ပြည်သူတွေရဲ့ ထောက်ခံမှုလိုတာကြောင့်လည်း KNU သဘောကျ လိုက်လုပ်ပေးခဲ့ရပေမယ့် စစ်တပ်က ရွှေကုက္ကိုမြို့ကို ဗုံးကြဲမယ်လို့ခြိမ်းခြောက်လိုက်ချိန်မှာတော့ စစ်တပ်သဘောကျ လိုက်လုပ်ပေးခဲ့ရပြန်တယ်။
မြဝတီမြို့ကို စစ်တပ်နဲ့ပူးပေါင်းပြီး (၁၃)နှစ်လောက် ထိန်းချုပ်လာခဲ့တဲ့ BGF ခေါင်းဆောင်စောချစ်သူအတွက် ပိုနေမြဲ ကျားနေမြဲ အခြေအနေဖြစ်ဖို့ဆိုရင်ဘာမဆိုလုပ်မည့် လူသားဖြစ်တယ်။ KNU ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ရွှေကုက္ကိုမြို့ကို ကာကွယ်ပေးဖို့က မသေချာတာကြောင့် နီးရာဓါးကို ကြောက်တတ်တဲ့ သူတွေရဲ့သဘောအတိုင်း ရွေးချယ်မှုပြောင်းလဲသွားခြင်းဖြစ်တယ်။
စောချစ်သူ ဘက်ပြောင်းသွားတဲ့နောက်မှာတော့ ပြည်သူတွေမျှော်လင့်နေတဲ့ မြဝတီမြို့ကို စစ်ကောင်စီ ကင်းစင်မြေဖြစ်ဖို့ဆိုတာလဲ ရေစုန်မျောလိုက်ရတယ်။ ပြည်သူတွေနဲ့ပူးပေါင်းပြီး အာဏာရှင်ကိုတော်လှန်နေတဲ့ KNU တပ်ဖွဲ့တွေလဲ ဝေဖန်မှုများစွာ၊ မေးခွန်းများစွာနဲ့ ရင်ဆိုင်လိုက်ရတယ်။ မည်သို့ဖြစ်ပါစေ မြဝတီမြို့ကိုတော်လှန်ရေးတပ်ဖွဲ့တွေခဏတာ ထိန်းချုပ်ထားလိုက်ပြီးတဲ့နောက်မှာတော့ စစ်ကောင်စီရဲ့ မြဝတီမြို့ပြန်ရဖို့ကြိုးစားတဲ့ အားပြိုင်ပွဲမှာ စစ်တပ်ရဲ့ ဒုတိယကာကွယ်ရေး ဦးစီးချုပ် စိုးဝင်းကို အသက်အန္တရာယ် ခြိမ်းခြောက်နိုင်လောက်တဲ့ ဒဏ်ရာအပြင်းအထန်ရစေခဲ့တယ်။ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း အချိန်မရွေး ပြန်သိမ်းလို့ရတယ်ဆိုတာ အားလုံးအသိဖြစ်သွားပါတယ်။
စစ်ကောင်စီနဲ့ ပူးပေါင်းထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ တည်နေရာကိုထင်ထင်ရှားရှားသိလိုက်ရသလို ငွေလိမ်ဂိုဏ်းတွေကို ကာကွယ်ပေးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းကိုလည်း ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်။ လူအများ စိတ်ဝင်စားမှုအားကောင်းခဲ့တဲ့ မြဝတီမြို့တိုက်ပွဲနဲ့ တိုက်ဆိုင်စွာပဲ အမေရိကန် (United States Institute of Peace) USIP အစီရင်ခံစာမှာ ဗိုလ်မှူးစောချစ်သူ၊ ဗိုလ်မုတ်သုန်၊ ဗိုလ်တင်ဝင်းစတဲ့ BGF ခေါင်းဆောင်တွေကို ကျားဖြန့်နဲ့အဓိကပတ်သတ်သူတွေဖြစ်ကြောင်း ဖော်ပြခဲ့တယ်။ USIP က အကြံပြုထားတာက တရုတ်အနေဖြင့် ကျားဖြန့်နဲ့တိုက်ရိုက်ပတ်သတ်နေတဲ့ ကရင်ပြည်နယ်မှ ကျူးလွန်သူတွေကိုလည်း ဖမ်းဝရမ်းထုတ်သင့်ကြောင့် အကြံပြုထားတယ်။
မြဝတီတိုက်ပွဲကြောင့် ကရင်ပြည်နယ်မှာ ကြီးစိုးနေတဲ့ စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေရဲ့ အကျိုးစီးပွားအရှုပ်ရှင်းတွေကို သိလိုက်သလို စစ်ကောင်စီလက်အောင်ခံ စီးပွားရေးသမား တွေက နိုင်ငံတကာ ရာဇဝတ်ကောင် တွေဖြစ်နေတာကို ပြည်သူတွေ သိလိုက်ရတာပဲဖြစ်တယ်။ မြဝတီမြို့ကို လက်လွှတ်ခဲ့ရပေမယ့် ကရင်ပြည်နယ်ရဲ့အရေးပါတဲ့နယ်စပ်မြို့တမြို့ရဲ့ အရှုပ်အရှင်းတွေကို ပြည်သူတွေ မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရတာကလည်း တော်လှန်ရေးအတွက် ကောင်းမွန်တဲ့ရလဒ်တခုပါပဲ။ ။
Red News Agency
By Editor