“ကြည့်မြင်တိုင်မှာ UG ၁၄ ယောက်ပစ်သတ်ခံလိုက်ရတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၂ နှစ်က ဖြစ်စဥ်”

“အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်”

Dark Shadow UG အဖွဲ့က ရဲဘော်အရိပ် (ပန်ဒါလေး) ရေးသားသည်။ 

လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှာ UG ၁၄ ယောက်ပစ်ခတ်ဖမ်းဆီးခံလိုက်ရတယ်ဆိုပြီး မီဒီယာမှာ ရေးသားဖော်ပြခံခဲ့ရပြီးပြည်သူလူထုရော စိတ်မကောင်းဖြစ် ဘေးကင်းဖို့ ဆုတောင်းစာတွေနဲ့အတူ Dark Shadow UG အဖွဲ့က ရဲဘော်တစ်ချို့ဖမ်းဆီးခံရပြီး ကျန်ရဲဘော်တွေ အိမ်တွင်း ဝင်ရောက်ဖမ်းဆီး ပစ်ခတ်မှု အသက်ဘေးကနေ လွတ်မြောက်ခဲ့တဲ့အမှတ်တရနေ့လေး ဖြစ်ခဲ့ရတယ်။

၂၇..၂၀၂၂ အဲ့နေ့က Mission တစ်ခုကဖို့ စီစဥ်ထားရာကနေ အဖွဲ့ကညီကိုတစ်ယောက်ရဲ့အသိ နေခန့်နိုင် (ခေါ်) မာဖလာ မျက်မှန်ဝတ် ငရုတ်သီးထောင်းနေတဲ့ကောင်လေး သတင်းပေးမှုကြောင့် အတွင်းစည်းပေါက်ပြီး ကြိုစောင့်ဖမ်းခံခဲ့ရတယ်ပေါ့ဗျာ။ အဲ့ကနေ Under Control ဖြစ်ပြီး ဆက်စပ်ရာကနေ ကြည့်မြင်တိုင်တစ်ဖက်ကမ်း အလတ်ချောင်းကိုဝင်စီးခံရဖို့ ဖြစ်လာခဲ့တယ်။ အဲ့နေ့က အဖွဲ့ကညီကိုတစ်ချို့အဆက်သွယ်မရလို့ စိတ်ပူ အိမ်မှာစောင့်နေရင်း တစ်ချို့သတင်းတွေကြောင့် လူစုခွဲရင်း ပစ္စည်းခွေးစာ အထုပ်ကြီးမရွေ့နေရင်း ကိုက် ၅၀ အကွာကနေ အမေနဲ့ကိုင်ဆဲခံရတဲ့ အသံတွေနဲ့ အတူတူ အင်အားအလုံးအရင်း ပစ်ခတ်ဖမ်းဆီးရာကနေ အထုတ်တွေချ ဖိနပ်ပါချွတ်ပြီးငယ်သံပါအောင် ကိုနိုင်ရယ်နဲ့ကျနော် ကြည့်မြင်တိုင်တစ်ဖက်ကမ်းအလတ်ချောင်းကျေးရွာထဲမှာ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရတယ်။ 

တစ်ကယ့်ကို ကိုက်၅၀ အကွာကနေ လိုက်ပစ်ခတ်ဖမ်းရင်း ကျနော်ရယ် ကိုနိုင်ရယ် လယ်ကွင်းလမ်းကြိုလမ်းကြားထဲ လူစုကွဲသွားခဲ့ရတယ်။ ကိုနိုင်ကတော့ လမ်းတစ်ဖက်တစ်ချက် လယ်ကွင်းတွေဆီပြေးရင်းလွှားရင်း အခက်ခဲပေါင်းစုံနဲ့ နောက်ဆုံး ရန်ကုန်တစ်ဖက်ကမ်းကို အရင်ရောက်ခဲ့ရတယ်။ ကျနော်ကတော့ S I G သေနတ်အတိုတစ်လက်နဲ့အတူတူ အိမ်ကြားတွေ လမ်းကြားတွေကို ပြေးနေမိတယ်။

ကြည့်မြင်တိုင်တစ်ဖက်ကမ်းရွာလေးတွေမှာက လယ်ကွက်တွေများတယ်။ ရွာဆိုတော့ လယ်ကွက်ရွံ့တွေလည်းရှိတယ် ကျနော့်ဆီမှာ အတိုပါတယ်ဆိုတော့ ရပ်ကွက်ကိုထုတ်ပေးဖို့ပြောပြီး နောက်ကနေ အင်အားအလုံးရင်း ပစ်ခတ်ဖမ်းရင်း ကျနော်လည်း ကြောက်ကြောက်နဲ့ လမ်းကြားတစ်ခုက အိမ်အောက်ကိုဝင်ပြေးရင်း ရွံ့တွေလူးနေခဲ့ရတယ်။ ဒါပေမယ့် ကြောက်ကြောက်နဲ့အိမ်နောက်ဘေးတွေကို ပေတူးနွံလူးနေတဲ့ကြားကနေ ထွက်ပြေးရင်း အိမ်တစ်အိမ်ကို အကူညီတောင်းခဲ့တယ် ဒါပေမယ့် သူတို့ကလည်း ကြောက်အားလန့်အားနဲ့ သူခိုးသူခိုးဆိုလို့ ထပ်ပြေးလိုက်ရသေးတယ်။ 

ဓာတ်ပုံ – ရဲဘော်အရိပ် ပြေးလွှားနေစဉ် အသက်ရှင်နေသေးကြောင်း သက်သေပြပုံမှတ်တမ်း။

ထွက်ပြေးရင်း အသံတွေနားထောင်ရင်း အဖွဲ့ထဲက ညီကိုတွေက ကျနော်တို့ဖမ်းခံလိုက်ရပြီ သေပြီသတင်းကြားနေရတဲ့အချိန် ကျနော်အဖမ်းမခံရသေးဘူး။ ဝင်စီးခံနေရပြီဆိုတာကို အကိုအမတွေကို ရအောင်ဖုန်းဆက်စာပို့ပြောခဲ့သေးတယ်။ ခဏအကြာမှာ စစ်ကောင်စီအင်အားအလုံးရင်းနဲ့ ကျနော်တို့ပြေးရာကို လိုက်လာရင်း စစ်ဖိနပ်သံတွေကို ကြောက်စိတ်နဲ့ နားစွင့်ခဲ့ရတယ်။ အဲ့တာနဲ့ပဲထပ်ပြီး တရွတ်တိုက်ပုန်းရင်း ထပ်ပြေးရာကနေ အိမ်တစ်အိမ်ရဲ့ အိမ်သာတွင်းထဲကို တစ်အိအိနဲ့ နစ်သွားခဲ့ရတယ်။ 

အသံကြားမှာစိုးလို့ မရုန်းထပဲ နေရင်းကနေ ရင်ဘတ်ကနေ လည်ပင်းထိနစ်မြုပ်လာခဲ့တယ် ကြောက်ကြောက်နဲ့ အသံကြားမှာစိုးလို့ ခြေကုပ်လက်ကုပ်ရင်းကနေ အိမ်သာဂွေအဆင့်ဆင့်ထပ်ထားတဲ့ အပေါ်ဆုံးက ရွံ့နဲ့မိလ္လာဖုံးနေတဲ့ အစပ်ကိုကိုင်မိပြီး ပြန်ရုန်းထရင်းကနေ ခေါင်းလေးဖော် အသံနားစွင့်ရင်း မကြာခင်မှာ ပြန်ပြီးထလာမိတယ်။ အဆူးပင်ခြံခြားထဲ ပုန်းနေရင်း ဖုန်းကနေ မိသားစုရယ် ညီကိုမောင်နှမတွေကို ဆက်သွယ်ခဲ့တယ်။ သူတို့ကတော့ဖမ်းခံရပြီ ထင်နေချိန် မယုံမှာစိုးလို့ ဓာတ်ပုံရအောင်ရိုက်ပို့ရင်း ဒီတစ်ခါ ငါဖမ်းခံရရင် သေမှာ အရင်ကလွတ်ငြိမ်းနဲ့လို လွတ်လာမှာမဟုတ်ဘူး။ 

ငါအဖမ်းခံရရင် ကျန်သူဆက်တော်လှန်လို့ရမှာဆိုတဲ့စိတ်နဲ့ အချိတ်ဆက်တွေ ကို အကုန်ဖျက်ချထားလိုက်တယ်။ မကြာခင်မှာပဲ အိမ်တစ်အိမ်ကို ကျနော်ကပြည်သူ့ကာကွယ်ရေးတပ်ကပါ မြို့ပြပျောက်ကြားတပ်ဖွဲ့ကပါဆိုပြီး အကြိမ်ကြိမ် လက်အုပ်ချီပြီး ကန်တော့ပြောနေမိတယ်။ တစ်ကယ်က ကျနော်ပြောနေတဲ့ကလေးက အသက်အရွယ်တော်တော်လေးကိုငယ်တယ်။ လက်အုပ်ချီကန်တော့နေမိတာ အဲ့ကနေကလေးက သူ့မိသားစုကိုပြောပြရင်း ခေါ်လာတဲ့အချိန်သေချာရှင်းပြတဲ့အခါ အိမ်နောက်ဘေး ထမိန်အောက်တန်း ထမိန်ကြားထဲမှာ ပုန်းနေခဲ့ရပြန်တယ်။ 

ဓာတ်ပုံ – ရဲဘော်အရိပ် ပြေးလွှားနေစဉ် အသက်ရှင်နေသေးကြောင်း သက်သေပြပုံမှတ်တမ်း။

အဲ့အချိန်မှာဘေးအိမ်တွေက ဇော်မင်းထွန်းရဲ့ MRTV မိန့်ခွန်းကိုဖွင့်ထားနေချိန် ကျနော့်မှာ မျက်နှာသေးသေးလေးနဲ့ ကြောက်စိတ်ဝင်ရင်း ခြေတုန်လက်တုန်ဖြစ်နေခဲ့ရတယ်။ အဲ့ကနေ ကျနော်ချစ်ရတဲ့ အကို၊ ညီကိုတွေသူငယ်ချင်းတွေက ဖုန်းဆက်ရအောင် ထုတ်ဖို့ကူညီရင်းကနေ အစောက မိလ္လာတွင်းထဲက ပေကြံနေတဲ့ ကျနော်ကို ရေပေးချိုးခဲ့တယ်။ ဟာသပြောရအုံးမယ် မျက်နှာဇီးအရွက်လောက်နဲ့ အဲ့အချိန်ကြောက်လွန်နေတာဖြစ်မယ် နံတာလည်းမသိဘူး ငရုတ်သီးဖတ်တွေ ကပ်နေတာလည်းမသိဘူး အခါခါသပ်ချရေလောင်းချနေခဲ့တာ။ 

ရေချိုးရင်းကနေ အဲ့က ကျေးဇူးရှင်မိသားစုအကူညီကြောင့် ရေချိုးအဝတ်စားလဲ ဦးထုပ်ဆောင်းပြီး ကျေးဇူးရှင်ဆိုင်ကယ်နဲ့ လာကယ်တဲ့အချိန် တတ်ခွပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကမ်းကိုရောက်ရှိခဲ့တယ်။ အဲ့အချိန်က လူပေါင်းစုံရွာထဲမှာမထွက်ပဲ ကြောက်နေချိန် ကိုယ်ပဲထွက်လာတော့ ဝိုင်းကြည့်ခံခဲ့ရတယ်။ ကြည့်မြင်တိုင် အလတ်ကျေးရွာ ဒီဖက်ဆိပ်ကမ်းကနေ ကူးမယ်ဆိုပြီး စက်လှေပေါ်အတတ် တစ်ကိုယ်လုံးက ညှီဆို့ဆို့နဲ့ ချွဲကျိအရည်တွေကြောင့်ရယ် ကြောက်စိတ်ရယ်ကြောင့် ဆိပ်ကမ်းရဲ့ စက်လှေပေါ်ကနေ ကျခဲ့ရတယ်။ ပြန်ရုန်းထပြီး စက်လှေပေါ်ပါလာတဲ့အကိုက ငါ့ညီ မကြောက်နဲ့ပုံပျက်နေပြီးဆိုပြီး ဆွဲခေါ်ပေးခဲ့ရာကနေ ရန်ကုန်တစ်ဖက်ကမ်းကိုလွတ်မြောက်ခဲ့ရင်း ဘေးကင်းရာကိုရောက်ရှိခဲ့ရတယ်။ 

သေဘေးကလွတ်ခဲ့ရတော့ အရမ်းပျော်ခဲ့တယ် ကျန်အခက်အခဲကတော့ကြော်နိုင်မယ်တွေးရာကနေလွတ်မြောက်ထိရောက်ခဲ့တယ်။ အဲ့အချိန်ကတော့ကြောက်စရာပေါ့ ခုတော့ ဟာသတွေကိုဖြစ်လို့ ညဘက်အိပ်တိုင်း ဒီဖြစ်စဥ်ကြီးကိုစိတ်ထဲစွဲနေမိတယ်။ မျက်လုံးမှိတ်အိပ်တာနဲ့ အိမ်မက်က အပြင်မှာလိုပဲ နေ့တိုင်းနီးပါး ပစ်ခတ်ဖမ်းဆီးပြေးလွှားနေရတုန်းပဲဗျာ။ အဲ့အချိန်တုန်းက ကူညီခဲ့တဲ့ အိမ်ရှင်မိသားစုရယ် ထွက်လို့ရအောင်ချိတ်ဆက်ပေးတဲ့ ကျနော်အကိုရယ် သူငယ်ချင်းခိုင်မင်းရယ် အမည်မဖော်လိုတဲ့အရဲစွန့်လိုက်ပို့ပေးတဲ့ အကိုတို့ကို တကယ်ကျေးဇူးတင်ပါတယ်။ 

တော်လှန်ရေးကြီးပြီးလို့ မသေသေးရင် ကူညီခဲ့သူတွေ အသက်ရှင်အောင် ရုန်းကန်ခွင့်ပေးသူတွေကို လာကန်တော့ပြီး ကျေးဇူးပြန်ဆပ်ခွင့်ရချင်ပါသေးတယ်။ ခုချိန်ကတော့ ကူညီပေးခဲ့တဲ့ဒီကလေး ဒီလူငယ် ခုလိုရှင်သန်နေတာကိုမြင်ရရင် ကူညီခဲ့ရကျိုးနပ်ပြီး ဂုဏ်ယူနေမယ်မျှော်လင့်ပါတယ်။

မှတ်ချက်ရဲဘော်အရိပ် (ပန်ဒါလေး)၏ ခွင့်ပြုချက်ဖြင့် UG ရဲဘော်တယောက်၏ အတွေ့အကြုံကို အများပြည်သူ သိရှိစေရန် ပြန်လည်မျှဝေခြင်းဖြစ်သည်။

Red News Agency

By Editor