မြိုင်မြို့နယ်တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံး (၆) ဦးအရှင်ဖမ်းဆီးရမိ

RNA_ဧပြီ(၂၃)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဖလန်ကိုင်းကျေးရွာအနီးနှင့် ကျောက်မဏ္ဍပ် (ဝါးရင်းချိုင်ကျေးရွာနှင့် ကမ်းပါးဖြူကျေးရွာကြား) တိုက်ပွဲများတွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မှ (၅) ဦးသေပြီး ၆ ဦးအရှင်ဖမ်းဆီးရမိကြောင်း မြိုင် ပကဖ ထံမှ သိရသည်။

မြိုင်မြို့ စက်မှု (၂) မှ ထွက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဧပြီလ ၁၅၊ ၁၆၊ ၁၇ ရက်နေ့တို့က ဖလန်းကိုင်းရွာရောက်ရှိချိန် တော်လှန်ရေးအင်အားစုများက ဒရုန်းဗုံးသီးများဖြင့် တိုက်ခိုက်ရာ ရဲတပ်ဖွဲ့ဝင် (၅) ဦးသေဆုံးကြောင်း၊ တိုက်ပွဲများသည် ဧပြီလ ၂၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကျောက်မဏ္ဍပ်အနီးတွင်လည်း သင်္ကာမကင်းဖွယ် လက်နက်ကိုင် ၆ ဦးတွေ့ရှိသည့်အတွက် ပစ်ရာ ဖလန်ကိုင်းရေနံမြေမှ ရဲတပ်ဖွဲ့ဝင် (၆) ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဒရုန်းဗုံးကြဲမှုအတွင်း သေဆုံးသွားသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရဲအုပ်သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်၊ ရဲတပ်သား ဟိန်းပြည့်အောင်တို့ဖြစ်ကြောင်း၊ အရှင်ဖမ်းမိသည့် ရဲတပ်ဖွဲ့ဝင်များမှာ ရဲအုပ်အောင်အောင်ခိုင်၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာ၊ ရဲတပ်သားညွန့်ဝင်း၊ ရဲဒုတပ်ကြပ် အေးမင်းတို့ဖြစ်ကြောင်း မြိုင်ပကဖမှ ထုတ်ပြန်ထားသည်။

 

အရှင်ဖမ်းဆီးရမိသူ ရဲတပ်ဖွဲ့ဝင် (၆) ဦးတွင် ၂ ဦးစိုးရိမ်ရ ဒဏ်ရာရရှိထားပြီး (၄) ဦးမှာ ကျည်ထိမှန် ဒဏ်ရာရရှိထားသည့်အတွက် မြိုင် ပကဖ ဆေးတာဝန်ခံများနှင့်ဆေးတပ်ဖွဲ့ဝင်များက ကုသပေးနေကြောင်း၊ ရဲတပ်ဖွဲ့ဝင် (၆) ဦး အရှင်ဖမ်းဆီးရမိစဉ် G-3 (၄) လက်၊ AK (၁) လက်၊ BA-94 (၁) လက်၊ MA-11 (၁) လက် နှင့်သက်ဆိုင်ရာ ကျည်များ၊ ကျည်ဘောက်များ စသည့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။

စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များ သေဆုံးမှုနှင့် အရှင်ဖမ်းဆီးခံရမှု တိုက်ပွဲများကို မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့ ဦးစီး၍ မြိုင်ပကဖအဖွဲ့ဝင်ဖြစ်သော Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု သိရသည်။

#RedNewsAgency

By Editor