“ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ”
ကေဂျီ
ချေဂွေဗားရားပြောခဲ့သလို မတရားမှုတွေဟာ ဥပဒေဖြစ်လာတဲ့အခါ ခုခံတော်လှန်ခြင်းဟာ တာဝန်ဝတ္တရားဖြစ်လာခဲ့တယ်။ မြို့ပြရဲ့ ပုံမှန်ဘဝတွေထဲမှာ အသားကျစီးမျောပါဝင်ဖို့ကြိုးစားရင်း ကျွန်တော်တို့ဟာ မေတ္တာတရားကို ပဝါပါးခြားထားပြီး ပြစ်ဒဏ်စီရင်ပေးရတဲ့ လောကပါလစောင့်သိသူတွေ ဖြစ်လာတယ်။
အချိန်တွေ ပိုကြာလာလေ မိသားစုနဲ့ အမေ့ရဲ့အိမ်ကို ပိုလွမ်းတတ်လာသလို နောက်ထပ် မစ်ရှင်တွေ (Missions) ထိထိရောက်ရောက်ဖြစ်စေဖို့အတွက် စနစ်တကျ ပိုပြီးကြံစည်တတ်လာခဲ့ပြီ။ နေ့လား ညလားခွဲခြားမထားနိုင်ပေမယ့် နိုးထသင့်တဲ့ အချိန်အခါတိုင်းမှာ ကိုယ့်နာမည်နဲ့ ဘဝပုံစံ (Lifestyle) ကို ပြန်ရှာစရာမလိုတော့အောင် ဦးနှောက်မှာ ကိုယ်ရေးအကျဥ်း (Profile) အထပ်ထပ်အစီအရီ ထားတတ်လာခဲ့ပြီ။ တရားစခန်းဝင်စရာမလိုလောက်တော့အောင် နေ သတိ၊ သွား သတိ၊ စား သတိ၊ အိပ် သတိ၊ အသက်ရှုနေရသေးသမျှ စက္ကန့်တိုင်းဟာ သတိအသိ အပြည့်နဲ့ ရွှေအတိပြီး တန်ဖိုးထားလာတတ်ခဲ့ပြီ။
စားသောက်ဖွယ်ရာ အစုံအလင်ရှိနေတဲ့ ရန်ကုန်မြို့လည်ထဲမှာ ပိုက်ဆံတွေရှိပါလျက် ထမင်းရက်ဆက် ငတ်ခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ အကောင်းဆုံးဆိုတဲ့ ဟိုတယ်တွေကနေ ရပ်ကွက်ရဲ့ အမှိုက်ပုံးကြီးထဲမှာအထိ ခေါင်းထိုး ညအိပ်ဖူးခဲ့ပါတယ်ဆို ဘယ်သူယုံနိုင်မှာတဲ့လဲ။ ကျွန်တော်တို့ဟာ ခင်ဗျားတို့အိမ်မှာ သန့်ရှင်းရေးလာလုပ်ဖူးနိုင်တယ် ပစ္စည်းလဲလာပို့ပေးဖူးနိုင်တယ်။ ပေတိပေစုတ်နဲ့ အမှိုက်လှည်းလေးတွန်းပြီး ရပ်ကွက်တွေရဲ့ နောက်ဖေးလမ်းကြားပါမချန် ခြေတိုအောင်ပတ်ခဲ့ဖူးသလို၊ ကားတစီးနဲ့ တစ်မြို့လုံးကို ဂျင်ဂျင်လည်အောင်လဲ မွှေနှောက်လျောက်သွားခဲ့ဖူးတယ်။
အဆင်ပြေသလို သွားလာနေထိုင်ရင်း ပုဆိုးခြုံထဲက လက်သီးပုန်းပြသူတွေရဲ့ ရဲရဲတောက်စကားကို တအံတဩ ထောက်ခံပေးဖူးခဲ့သလို၊ အမျိုးပျောက်မှာ စိုးကြောက်ပါသော လူတစ်ချို့ရဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖ တရားကိုနာပြီး လက်သီးလက်မောင်းတန်း တပ်မတော်ကြီးကိုလဲ ချစ်ပြဖူးခဲ့ပါသေးတယ်။ ဖေ့စ်ဘုတ်မှာ PDF တွေမြို့ထဲဝင်လာရင် ဘာလုပ်ပေးပါမယ် ညာလုပ်ပေးပါမယ်တင်ထားတဲ့ အသိအန်တီကြီးတယောက်က တော်လှန်ရေးပို့စ်တောင် မရှဲရဲတဲ့ ကိုယ်တွေရဲ့သတ္တိအပေါ် စိတ်ပျက်ရှုံ့ချတဲ့စကားကိုလဲ နားထောင်ရင်း အားတက်ခဲ့ဖူးတယ်။ ရူဘီလေးလက်ကြားညှပ် မြန်မာဘီယာလေး ပုံမှန်သောက်ပြီး “ဘယ်သူမသိစေနဲ့ ငါကထောက်ပို့လုပ်ပေးတယ် မင်းရောဘာလုပ်နေလဲ” ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ မေးတဲ့အမေးကို ပြန်ဖြေဖို့ မကြိုးစားခဲ့မိဘူး။
နေဖို့စားဖို့အတွက် ငွေတကျပ်တောင်မလိုအပ်ပါပဲ နေပူပူထဲ အလုပ်ကြမ်းဝင်လုပ်ရင်း အော်ငေါက်ဆဲဆိုခံလိုက်ရချိန်မှာလဲ ကိုယ့်အတ္တကို ကိုယ့်ယုံကြည်ချက်နဲ့ တွန်းလှန်လိုက်ရတဲ့ စိတ်ဓာတ်တိုက်ပွဲကြားမှာ လူမသိအောင် ကြိတ်ရယ်မောဖူးပါသေးတယ်။ ရန်သူကြားမှာ ရုန်းကန်နေထိုင်ရတာမို့ ၂၄ နာရီရှေ့တန်းရောက်နေတယ်ပြောရမလားပဲ၊ ညဘက်အချိန်မတော် ကိုယ့်နေရာနား ကားစက်ရပ်သံကြားတိုင်း ထကြည့်ရင်း အမြဲအဆင်သင့်ဖြစ်နေတတ်တာလဲ ပျော်စရာဖြစ်လာတယ်။ အကယ်၍ အဆိုးဆုံးဆိုတဲ့ အနေအထားအတွက် ကိုယ့်စိတ်ကြိုက် အကြမ်းဆုံး ပြင်ဆင်ထားမိတာတွေကလဲ အမြဲလက်တကမ်းမှာ တာဝန်ယူနေသားတကျ။
တောတွင်းတိုက်ပွဲဝင်နေတဲ့ သူငယ်ချင်းတယောက်ရဲ့ ယူနီဖောင်းအပြည့်နဲ့ M4 ကိုင်ထားတဲ့ ပုံကိုကြည့်ပြီး တကယ်အားကျမိပေမယ့် အတိုတစ်လက်ခါးကြားထိုးရင်း ဒါမှမဟုတ် ပစ္စည်းပစ္စယတွေ အိတ်နဲ့လွယ်ရင်း စခရခတွေအနား သွားလာလှုပ်ရှားရတာလောက်တော့ ရင်ခုန်မှုရလိမ့်မယ် မထင်မိပါဘူး။ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာကိုတောင် မသိတော့အောင် ကြိုးကြိုးစားစားမေ့နေရတဲ့ UG တစ်ယောက်ရဲ့ဘ၀အတွက် တချို့သောအမှတ်တရဆိုတာတွေဟာ အိမ်မက်သာသာလေးပါပဲ။
တစ်ခါတစ်ခါကျ အရမ်းသတိရမိတယ်၊ ဆိုရှယ်မီဒီယာအထက်မှာ မဘသလိုလို၊ ပျူစောထီးလိုလိုနဲ့ အများပြည်သူအဆဲအဆိုပါခံရပြီး ကျဆုံးသွားတဲ့ ညီငယ်လေးတယောက်ရဲ့ “ကျွန်တော်အဖမ်းခံရရင် အားလုံးအတွက် ၁၈ နာရီအချိန်ရအောင် တောင့်ခံပေးပါ့မယ်” ဆိုတဲ့ ကတိပေးစကား နားထဲမှာ ခုထိကြားနေရတုန်း။ အဝေးထိန်းတစ်လုံးကို သိသလိုလိုနဲ့ ခပ်တည်တည် ဖွင့် (on) ယူသွားပြီး ထားရမယ့်နေရာရောက်မှ ပိတ် (off) ထားခဲ့တဲ့ သူငယ်ချင်းတယောက်လဲရှိခဲ့ဖူးတယ်။ Scout လုပ်ခိုင်းလိုက်တိုင်း တဖက်နဲ့ အဖွဲ့ကျရင်းနှီးသွားတဲ့အထိ တည်ဆောက်နိုင်တဲ့ ဆက်ဆံရေးပါရဂူ ဖောရှောကောင်းတဲ့ ညီလေးတစ်ယောက်လဲ ရှိခဲ့ဖူးတယ်။
“တော်လှန်ရေးဆိုတာ ချစ်ခြင်းမေတ္တာပါပဲ။ လူ့အဖွဲ့အစည်းကို ချစ်တဲ့စိတ်၊ တရားမျှတမှုကို ချစ်တဲ့စိတ်၊ အမှန်တရားကို ချစ်တဲ့စိတ်တွေကြောင့် တော်လှန်ရေးသမားတွေ ဖြစ်လာခဲ့တာပဲ” လို့ ချေကပြောခဲ့တယ်။ စစ်ခွေးတွေဆို တဒိုင်းဒိုင်းပစ်ရဲခဲ့တဲ့ လက်ညှိုးလေးက ချစ်တတ်တဲ့စိတ်၊ စာနာစိတ်နဲ့ ကလေးငယ်တယောက်ရဲ့မျက်မြင်ရှေ့မှာ အဖမဲ့သွားစေဖို့ မကွေးရက်ခဲ့တာ ဘယ်သူသိလိုက်မှာလဲ။ ကိုယ်နဲ့မဆိုင်ပဲ ဝင်စပ်စုတတ်တဲ့ လူတစ်ချို့ကြောင့် စနစ်တံဖြုတ်လွှင့်ပစ်ပြီးသား လက်ပစ်ဗုံးတလုံးကို အိပ်ကပ်ထဲမှာ အချိန်အကြာကြီး ဆုပ်ကိုင်ဖျစ်ညှစ်ရင်း အခန်းပြန်ခဲ့ရဖူးတာ ဘယ်သူတွေသိလိုက်နိုင်မှာလဲ။
မြို့ပြပြောက်ကျားစစ်ဆင်ရေး (Urban Guerrilla Warfare) ဟာ ငါတို့ရှိနေသေးတယ်၊ မင်းတို့ ဘယ်တော့မှ မလုပ်နိုင်ဘူးဆိုတာရဲ့ ပြယုဂ်တခုထက်ပိုအောင် အတိုင်းထက် အလွန်ကို စွမ်းဆောင်ပြနိုင်တာ ကြာခဲ့ပါပြီ။ စစ်ကင်းဘန်ကာထဲ ပစ်ထည့်လိုက်ဖို့ စနစ်တံဖြုတ်ကိုင်ထားတဲ့ ဗုံးတစ်လုံးမှာ ကိုယ့်ရဲ့အသက်ကို စတေးထားရသလို ကျဆုံးသွားတဲ့ ရဲဘော်တစ်ချို့ရဲ့ ဂုဏ်သိက္ခာတွေနဲ့ သူတို့အတွက် တိတ်တဆိတ်ငိုကြွေးခဲ့ရတဲ့ မိသားစုတွေရဲ့ မျက်ရည်တွေလဲ ပါတယ်။ နောက်ပြီး လူမသိသူမသိအောင် တစ်ယောက်ထဲကြိတ်ဂုဏ်ယူတတ်ရတဲ့ လျှို့ဝှက်ရဲရင့်သော ကျွန်တော်တို့ UG အားလုံးရဲ့ ပေးဆပ်လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ပြည်သူလူထုရဲ့ စိတ်ကျေနပ်မှုတွေလဲ ပါဝင်နေပါတယ်။
ကိုမင်းကိုနိုင်ပြောခဲ့ဖူးတဲ့ ခေတ်တိုင်း စနစ်တိုင်း တော်လှန်ရေး အရေးတော်ပုံ တိုင်းမှာ အညတရ နာမည်မသိလိုက်ရတဲ့ ပြည်သူတွေရဲ့ ပေးဆပ်မှုသာလျှင် အောက်ဆုံးက အရိုးတွေအပြည့်ခင်းထားရတာဆိုရင် ကျွန်တော်တို့ UG တွေဟာ အညတရပြည်သူတွေသာဖြစ်ပြီးတော့ ကဗျာဆရာမောင်ငြိမ်းချမ်းရဲ့ ခေတ်တိုင်းမှာ လူမသိသူမသိပျောက်ကွယ်သွားတတ်တဲ့ လူငယ်တစုဟာလည်း ကျွန်တော်တို့အဖွဲ့တွေပဲဖြစ်ပါတယ်။
စစ်အာဏာရှင်အမြစ်ပြတ်မှ ပြန်ဆယ်ယူလို့ရမယ့် ပေးဆပ်ထားသူများရဲ့ ပုံဖျက်ခံထားရတဲ့ သိက္ခာတရားတို့အတွက် မြို့ပြရဲ့နေရာတိုင်းမှာ ကျွန်တော်တို့ဟာ ဆက်လက်တည်ရှိနေပါမယ်။ မတရားမှုကင်းစင်သော၊ ကိုယ်ခြင်းစာတရားထွန်းကားသော၊ စစ်အာဏာရှင်ကင်းစင်သော သာယာငြိမ်းချမ်းသည့်နေ့ရက်များ ရရှိလာမည့် အချိန်အထိ ကျွန်တော်တို့ UG တွေဟာ ဆက်လက် တွန်းလှန်တိုက်ခိုက်နေကြဦးမှာပဲဖြစ်ပါတယ်။ ။