သမီးဖြစ်သူထံ ထောင်ဝင်စာသွားပို့သည့်မိခင် ထောင်ဝမှာကွယ်လွန်

RNA_ဧပြီ(၁၀)၊၂၀၂၄ ခုနှစ်။

သာယာဝတီထောင်အတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မပန်းအိခင်ထံ ဧပြီလ (၈) ရက်နေ့က ထောင်ဝင်စာသွားပို့သည့် မိခင် ဒေါ်ကြည်ညွန့် ( အသက် – ၆၇ နှစ်) ထောင်ဝင်စာပို့ရန် စောင့်ဆိုင်းနေစဉ် ကွယ်လွန်သွားကြောင်း သိရသည်။

သာယာဝတီထောင်ရှေ့ကို ဧပြီလ ၈ ရက်နေ့ ညနေ ၃ နာရီခွဲကျော်က ရောက်ရှိချိန်တွင် မိသားစုဝင်တစ်ဦးသာ ထောင်ဝင်စာ တွေ့ခွင့်ရသည့် အတွက် မိခင်ဖြစ်သူမှ ကားပေါ်နေခဲ့စဉ် မပန်းအိခင် ညီမဖြစ်သူ ထောင်ဝင်စာတွေ့ရှိရန် လွှတ်လိုက်ကြောင်း၊ မပန်းအိခင်နှင့်ညီမဖြစ်သူ ထောာင်ဝင်စာတွေ့ပြီး ပြန်လာချိန် ကားပေါ်မှာရှိသည့် မိခင်မှာ ကွယ်လွန်နေပြီဖြစ်ကြောင်း သိရသည်။

၂၀၂၁ ခုနှစ် ဆန္ဒပြပွဲတခုတွင် မြင်တွေ့ရသည့် မပန်းအိခင်

ထောင်တွင်းက သမီးဖြစ်သူ မပန်းအိခင်ကို မိခင်ဆုံးသွားကြောင်း ကျန်ရစ်သူ မိသားစုက ယနေ့ ဧပြီလ (၁၀) ရက်နေ့အထိ မပြောဖြစ်ကြသေးကြောင်း၊ မိခင်ဖြစ်သူအား သာယာဝတီထောင်နှင့် တလမ်းကျော်မှာရှိသည့် သုသာန်တွင် ဧပြီလ ၉ ရက်နေ့က မီးသင်္ဂြိလ်ခဲ့သည်ဟု သိရသည်။

သမီးဖြစ်သူထံ ထောင်ဝင်စာသွားပို့စဉ် ထောင်ဝမှာ ကွယ်လွန်သွားသည့် မိခင်

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသည့် မပန်းအိခင်သည် ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်နေ့က တာမွေမြို့နယ် သပိတ်စစ်ကြောင်းအတွင်း ဖမ်းဆီးခံခဲ့ရပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၉ ရက်နေ့က လွတ်ငြိမ်းချမ်းသာဖြင့် လွတ်မြောက်ခဲ့သူဖြစ်​ကြောင်း၊ မပန်းအိခင် ပြန်လည်လွတ်မြောက်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၉ ရက်နေ့က နေအိမ်တွင် ဖမ်းဆီးခံရပြီး ၅၀၅ (က) ဖြင့် ထောင်ဒဏ် (၃) နှစ်ချမှတ်ခံရပြီး အင်းစိန်အကျဉ်းထောင်မှ သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့ခံရသည်မှာ (၁) နှစ်ခန့်သာရှိသေးကြောင်း၊ မိခင်ဖြစ်သူနှင့် မပန်းအိခင်တို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်းက လူတွေ့ထောင်ဝင်စာတွေ့ရှိခဲ့ကြကြောင်း သိရသည်။


#RedNewsAgency

By Editor