ဘာသာရေး အခြေမခံတဲ့ နွေဦးတော်လှန်ရေး

“ဘာသာရေးကနေလည်း မသွေဖွယ်အောင် တော်လှန်ရေးလုပ်ငန်းများလည်း မစွန့်လွှတ်ရလေအောင် ကြိုးစားနေထိုင်နိုင်ခဲ့ရသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖေးမကူညီပေးခဲ့တာတွေ”

ရန်နိုင်

မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်းမှာ မြေပေါ်မြေအောက် ပူးပေါင်းပါဝင်နေဆဲဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များဟာ အခက်ခဲမျိုးစုံနဲ့ ရှေ့ဆက်နေသလို တော်လှန်ရေးညီကို မောင်နှမများက ရင်းရင်းနှီးနှီး ဖေးမကူညီတတ်ခြင်းကြောင့်လည်း (၃) နှစ်ကျော်ကြာ တော်လှန်ရေးကာလရောက်လာတဲ့အထိ ကွဲပြားတဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့အတူ အာဏာရှင်ကို အတူတကွတိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်တယ်။

ဘာသာမတူသူတွေဖြစ်ပေမဲ့ အစ္စလာမ်ဘာသာဝင်တွေက ကူညီပေးမှုတွေအဖြစ် နာဂစ်ကာလမှာ ရန်ကုန်မြို့တွင်း ဗလီများက ရပ်ကွက်အတွက် သုံးရေများကို လိုက်လံ ဖြည့်ပေးခဲ့တာတွေ၊ ကိုဗစ်ကာလမှာလည်း နွယ်အေးဗလီက ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်အိုးတွေကို အခမဲ့ကူညီပေးခဲ့သလို၊ အခြေခံစားသောက်ကုန်တွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့တယ်။

အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ဦးကိုနီလို ဥပဒေပညာရှင်တယောက်ကလည်း ၂၀၀၈ ခြေ/ဉ ရဲ့ အားနည်းချက်တွေကို အားလုံးနားလည်နိုင်အောင် ဖေါ်ထုတ်ပေးနိုင်ခဲ့တယ်။ ဦးကိုနီက စစ်အာဏာရှင်တွေရဲ့ လက်ချက်နဲ့ မြင့်မြတ်စွာ အသက်ဆုံးရှုံးခဲ့ရပေမယ့် မြန်မာ့လူမျိုးတို့ရဲ့စိတ်မှာ တန်ဘိုးဖြတ်မရတဲ့ အစ္စလာမ်ဘာသာဝင် ဥပဒေပညာရှင် တယောက် ဖြစ်ပါတယ်။ အချုပ်မကြောက်၊ ထောင်မကြောက် အသက်သေခံရမည်ကို ဂရုမစိုက်ပဲ တိုင်းပြည်နဲ့ ပြည်သူလူထုအပေါ် ရပ်တည်ခဲ့တဲ့ မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင်တယောက် ဖြစ်တယ်။ ကိုးကွယ်တဲ့ဘာသာ မတူပေမယ့် တိုင်းပြည်အပေါ် တိုးတက်ပြောင်းလဲ စေချင်တဲ့ ဆန္ဒအတူတူ ရှိကြသူများဖြစ်တယ်။

နွေဦးတော်လှန်ရေးအစ ငြိမ်းချမ်းစွာ ဆန္ဒပြစဉ်အချိန်များတွေကလည်း အစ္စလာမ့်အမျိုးသမီးလေးများက ဘူခါရ်လေးတွေခြုံပြီး လူအုပ်ရဲ့ရှေ့ဆုံးတန်းမှာ တွေ့ရတတ်သည်။ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ ရွေးချယ်လိုက်ချိန်မှာလည်း အစ္စလာမ်ဘာသာဝင်များက အတူတူတိုက်ပွဲဝင်ရန် လက်နက်ကိုင်သင်တန်း တွေမှာ အားကြိုးမာန်တက် ပါဝင်လာခဲ့ကြတယ်။ ဘာသာမတူသူများနဲ့ အတူနေ၊ အတူအိပ်၊ အတူစား နေလာကြတဲ့အခါမှာတော့ အစ္စလာမ်ဘာသာဝင်တို့အတွက် နေမှု ထိုင်မှုက သိပ်မကွဲပြားပေမယ့် အစားအသောက်တွေမှာတော့ အနည်းငယ်အခက်ခဲရှိခဲ့တယ်။

Photo : 1008 – SSRY Eagle Force

ဘာသာရေး အဆုံးအမနဲ့ အသားကျနေခဲ့တဲ့ အစ္စလာမ်လူငယ်တွေက Hala မဟုတ်ရင် မစားခဲ့ကြသူများမို့ အစားအသောက်အတွက် မပြည့်စုံတာတွေ ရှိခဲ့ကြတယ်။ ဘာသာရေးကနေလည်း မသွေဖွယ်အောင် တော်လှန်ရေးလုပ်ငန်းများလည်း မစွန့်လွှတ်ရလေအောင် ကြိုးစားနေထိုင်နိုင်ခဲ့ရသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖေးမကူညီပေးခဲ့တာတွေကြောင့်လည်း တော်လှန်ရေးကာလ (၃)နှစ်ကျော်လာတဲ့အထိ အစ္စလာမ် ဘာသာဝင် အမျိုးသမီးများပါ နွေဦးတော်လှန်ရေးမှာ ပါဝင်နိုင်ခဲ့ကြတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးရဲဘော်တွေဆိုတာ ကွဲပြားခြားနားတဲ့ ဘာသာရေး အမြင်ကိုလက်ခံနိုင်ကြသူများ ဖြစ်ပြီး၊ ကွဲပြားတဲ့ဘာသာတရား ခံယူချက်ကို လက်ခံနားလည် ပေးနိုင်ကြတဲ့ အတွေးအခေါ်မျှတတဲ့ လူငယ်တွေဖြစ်တယ်။ တိုးတက်သော အတွေးအခေါ်ရှိသူတွေဖြစ်တယ်။ အစ္စလာမ် ဘာသာဝင်တို့ရဲ့ အလေးဂရုပြုတဲ့ ရမ်ဇမ်လမှာလည်း ဝတ်ပြုဆုတောင်းဖို့ တိတ်ဆိတ်တဲ့နေရာများပင် ဖန်တီးပေးထားကြတယ်။ ရိုဇာထားတဲ့ အချိန်များလည်း မပျက်စီး ရလေအောင် ကူညီပေးတတ်ကြတာကြောင့် ရက်အပြည့် မဟုတ်တောင်မှ ဝတ်မပျက်အောင်တော့ ရိုဇာထားနိုင်ခဲ့ကြတယ်။

မြန်မာ့လွတ်လပ်ရေးမှာလဲ ဦးရာဇတ်ကဲ့သို့ အစ္စလာမ်ဘာသာဝင် အာဇာနည်သူရဲကောင်းရှိခဲ့သလို နွေဦးတော်လှန်ရေးကာလ မှာလည်း မြန်မာနိုင်ငံအတွက် အစ္စလာမ်ဘာသာဝင်တို့ရဲ့ အခန်းကဏ္ဍက ထင်ရှားနေဆဲဖြစ်တယ်။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတခုလုံးရဲ့ လူမျိုးအားလုံး၊ ဘာသာဝင်အားလုံးကို အာဏာတည်မြဲဖို့ အတွက်သာ လိုသလိုအသုံးချမှာဖြစ်တယ်။ ၂၀၁၇ မှာ အစ္စလာမ် ဘာသာဝင်တွေကို ခုတုံးလုပ်ပြီး ဘာသာရေးအဓိကရုန်းကို ဖန်တီးခဲ့တယ်။ ရခိုင်ပြည်နယ် ဗူးသီးတောင်ဒေသမှာရှိတဲ့ ရိုဟင်ဂျာလူမျိုး အစ္စလာမ် ဘာသာဝင်တွေကို အကြောင်းမဲ့မီးရှို့သတ်ဖြတ်ပြီး အိုးအိမ်မဲ့သူတွေဖြစ်စေခဲ့တယ်။

ရန်ကုန်၊ မန္တလေး မြို့ကြီးများတွေမှာလည်း ဘာသာရေးအဓိကရုန်းဖန်တီးမယ့် အကြံနဲ့ ဗလီတွေကို မီးရှို့ဖို့အတွက် စစ်တပ်ဘက်က အကွက်ကျကျ ဖန်တီးခဲ့ဖူးတယ်။ စစ်အာဏာရှင်တွေ အဆက်ဆက်က အစ္စလာမ်ဘာသာဆိုတာ ဘာသာရေးအဓိကရုန်းဖန်တီးဖို့အတွက် လက်နက်တခုအသွင်ပဲ အသုံးချခဲ့တာ ဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ပုံစံ(၂)မျိုးနဲ့ အသုံးချလာတာတွေ့ရတယ်။ အာဏာရှင်အကျိုးအတွက် တိုက်ပွဲထဲမှာ လူသားတံတိုင်းအသွင် အသုံးချတဲ့ တိုက်ရိုက်နည်းနဲ့ ဘာသာရေး အဓိကရုန်းအသွင် အသုံးချတဲ့ သွယ်ဝိုက်သော နည်းလမ်းဆိုပြီး နည်းလမ်း (၂)မျိုးနဲ့ အသုံးချနေတာ တွေ့ရတယ်။

Photo : 1008 – SSRY Eagle Force

တနိုင်ငံလုံး စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်တပ်က ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှ အစ္စလာမ် ဘာသာဝင်တွေကို ပြည်သူ့စစ်အဖြစ် ရက်တိုစစ်သင်တန်းပေးပြီး ရခိုင့်တပ်တော်နဲ့ တိုက်ပွဲမှာ လူသားတံတိုင်းအသွင် အသုံးချခဲ့တာ တွေ့ရတယ်။ မှော်ဘီမြို့နယ်ရှိ အစ္စလာမ့်လူငယ် တယောက်ကိုလည်း စစ်မှုထမ်းဖို့ အတွက်ခေါ်ဆောင်သွားပြီး စစ်သင်တန်းမှာ ဘာသာရေးခွဲခြားဆက်ဆံကာ အသက်သေသည် အထိ နှိပ်စက်ခဲ့တယ်။ အကြမ်းဖက်စစ်တပ်အတွက် စစ်ပွဲအတွင်း တိုက်ရိုက်အသုံးချခံရတဲ့ အစ္စလာမ် ဘာသာဝင်တွေပဲ ဖြစ်တယ်။

အကြမ်းဖက် စစ်တပ်က အစ္စလာမ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ၊ အသုံးချစေခိုင်းမှုတွေသာ ရှိပေမယ့်၊ တော်လှန်ရေး အင်အားစုတွေကတော့ အစ္စလာမ်ဘာသာဝင်တွေအပေါ် ဘာသာ/လူမျိုး မခွဲခြားပဲ နွေဦးတော်လှန်ရေးမှာ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ်။ အနာဂတ်မြန်မာနိုင်ငံတော် တည်ဆောက်ဖို့အတွက်လည်း တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ကျောင်းသား၊ လူငယ်/လူကြီး လူတန်းစားပေါင်းစုံ ပူးပေါင်းပါဝင် နိုင်ခဲ့သည်ဆိုတဲ့ ပြယုဂ်တခုဖြစ်တယ်။

အစ္စလာမ် ဘာသာဝင်တွေကလည်း နွေဦးတော်လှန်ရေးမှာ ထင်ထင်ရှားရှားပါဝင်လာကြသလိုအခြား ဘာသာရေးမတူသူ၊ လူမျိုးရေး မတူသူများကလည်း တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာကြပြီး ဒီတချီအပြီးရုန်းမယ်ဆိုတဲ့ စိတ်ဓါတ်နဲ့ အားကုန် ရုန်းနေကြပြီ ဖြစ်တယ်။ ဒါ့ကြောင့် ဒီနွေဦးတော်လှန်ရေး အဆုံးသတ်မှာတော့ ဘာသာရေး/လူမျိုးရေး ခွဲခြားမှုပါ လုံးဝကင်းစင်သွားမယ်ဆိုတာ အသေအချာပဲ ဖြစ်ပါတယ်။ ။

Photo : 1008 – SSRY Eagle Force

#RedNewsAgency

By Editor