မွန်ပြည်တော်လှန်ရေးတပ် နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ ပူးပေါင်း တိုက်ပွဲဝင်မည်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။

မွန်ပြည်သူများ၏ သဘောဆန္ဒကို ဦးထိပ်ထားပြီး၊ မွန်နိုင်ငံရေး အင်အားစုများအကြား ညီညွတ်ရေးကို ဦးတည်သည့်အတွက် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင်တိုက်ပွဲများကို မဟာမိတ်အသွင်ဖြင့် အတူတကွ ပူးပေါင်းတိုက်ပွဲဝင်မည်ဖြစ်ကြောင်း သိရသည်။

MSRFမှ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူတချို့သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)တွင် ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်း တာဝန်ယူသွားမည်ဖြစ်ကြောင်း၊ MSRF နှင့် MSDF တို့သည် စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားပြီး အချုပ်အခြာအာဏာနှင့် ပြည့်ဝသော မွန်ပြည် ထူထောင်နိုင်သည်အထိ မဟာမိတ်တပ်များအဖြစ် အတူတကွပူးပေါင်း တိုက်ပွဲဝင်သွားရန်စသည့် သဘောတူညီမှုများ ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

MSDF ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) မှ ကူညီထောက်ပံ့မှုများ ပြုလုပ်သွားရန်၊ MSRF နှင့် MSDF တို့သည် အခြေခံ စစ်သင်တန်းများနှင့် စစ်ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းများ၊ စစ်ဖက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများ အပြန်အလှန် ဖလှယ်ခြင်း၊ စစ်ဆင်ရေး တိုက်ပွဲများပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွ တိုက်ပွဲဝင်သွားရန်စသည့် အချက်များ သဘောတူညီမှု ရရှိခဲ့ကြသည်။

#RedNewsAgency

By RNA Editor