စစ်ကောင်စီရိက္ခာပို့ယာဉ်တန်းမှ မတရာဖမ်းဆီးခံရသူများကို တော်လှန်ရေးအင်အားစုများ ကယ်ထုတ်

RNA_ဧပြီ(၇)၊၂၀၂၄ ခုနှစ်။

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ သာကြီးတောင် ရေနံမြေအနီးမှာ စစ်ကောင်စီ၏ ရိက္ခာပို့ ယာဉ်တန်းကို ဒေသတွင်း တော်လှန်ရေးအင်အားစုများ ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားပြီး မတရားဖမ်းဆီးခံထားရသည့် အရပ်သားပြည်သူများကို ကြားကာလအစိုးရ၏ သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခဲ့သည်ဟု ပြည်သူ့တော်လှန်ရေးတပ်ဦး(PRF)က ယနေ့ ထုတ်ပြန်ထားသည်။

မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ စစ်ကောင်စီ၏ တပ်မ (၁၀၁) မှ ယာဉ် ၁၀၀ နီးပါးဖြင့် ထွက်လာသည့် ယာဉ်တန်းကို ဧပြီလ (၂) ရက်နေ့က တော်လှန်ရေးအင်အားစုများက သာကြီးတောင် ရေနံမြေအနီးမှာ မိနစ် (၄၀) ခန့်ကြာ ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံများ ထွက်ပြေးကြသည့်အတွက် ယာဉ် (၇) စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း၊ သိမ်းဆည်းရမိသည့် စစ်ကောက်စီတပ်၏ ရိက္ခာတချို့ကို နီးစပ်ရာ စစ်ဘေးသင့်ပြည်သူများဆီသို့ ပြန်လည်မျှဝေခဲ့သည်ဟု သိရသည်။

ရိက္ခာပို့ယာဉ်တန်း ကြားဖြတ် တိုက်ခိုက်မှုကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပခုက္ကူခရိုင်တပ်ရင်း ၁၃၊ အနောက်လွင်ပြင် (LPDF)၊ ဧရာအနောက်(ကမ္မ ပကဖ)၊ PDF ကမ္မ(ကမ္မ ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ နယ်စီးမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း (၁)တို့ ပူးပေါင်းဖော်ဆောင်ခဲ့သည်ဟု PRF ထံမှ သိရသည်။

ဓာတ်ပုံ : သာကြီးတောင် ရေနံမြေအနီးတိုက်ပွဲ မှတ်တမ်း။

#RedNewsAgency

By RNA Editor