စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။
 
နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။
 
“နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်” ဟု ကိုမင်းသွေးသစ်ကပြောသည်။

ယနေ့သည် အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) ဥက္ကဌဟောင်း ရဲဘော်ညီမင်းသူ ကျဆုံးခြင်း (၂)နှစ်ပြည့်နှင့် ဗကသ ကျဆုံးရဲဘော်များ၊ ခေတ်အဆက်ဆက် တိုက်ပွဲအဆင့်ဆင့်တွင် အသက်စွန့်ခဲ့ကြသော အာဇာနည်သူရဲကောင်းများအား အလေးနီပြုခြင်း အခမ်းအနားကို ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် နိုင်ငံရေးအင်အားစုများတက်ရောက်ကာ ကျင်းပပြုလုပ်ခဲ့သည်။
 
#RedNewsAgency
By Editor