အာဆီယံနိုင်ငံများအတွင်း “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” အတွက် မင်းအောင်လှိုင်စစ်တပ် ကြိုးပမ်းနေ

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၄ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီသည် အာဆီယံနိုင်ငံများအတွင်း ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ပြောကြားထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးချိန်မှစပြီး ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်နေ့အထိ မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်အဖွဲ့၏ သတ်ဖြတ်မှုကြောင့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄၅၆၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း AAPPက ထုတ်ပြန်ထားပြီး၊ ယင်းသေဆုံးခဲ့ရသူများထဲတွင် ကလေးငယ်များ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများပါဝင်ကြောင်း သိရသည်။

“စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုမှာ အမြင့်ဆုံးအနေအထားတွင်ရှိနေပြီး အာဆီယံနိုင်ငံများအတွင်း “အယုတ်မာဆုံး ဖက်ဆစ်စစ်တပ်ဘွဲ့”ကို ၂၀၂၃ ခုနှစ်ကတည်းကပင် ပြိုင်ဘက်ကင်းရရှိထားပြီးဖြစ်သကဲ့သို့ ယခုအချိန်၌လည်း စစ်ကောင်စီ၏ ရက်စက်ယုတ်မာသည့်လုပ်ရပ်များမှာ ၂၀၂၄ ခုနှစ်အတွက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံးဖက်ဆစ် စစ်တပ်ဆု” ကို ပြိုင်ဘက်မရှိ ထပ်မံရယူရန် အားထုတ်ကြိုးပမ်းနေခြင်းနှင့်တူနေသည်” ဟု ညီနောင်မဟာမိတ်သုံးဖွဲ့က ယမန်နေ့ညပိုင်းက ထုတ်ပြန်ထားသည်။

မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီသည် တနိုင်ငံလုံးအနှံ့တိုက်ပွဲများ ရင်ဆိုင်နေရပြီး စစ်ရှုံးနေသည့်အတွက် အရပ်သားပြည်သူများကို ဦးတည်ပစ်ခတ်သတ်ဖြတ်နေကြောင်း၊ စစ်ကောင်စီတပ်တွင်း အင်အားလျော့နည်းနေသည့်အတွက် ပြည်သူများလက်မခံသည့် ပြည်သူ့ စစ်မှုထမ်းဥပေဒကို ပြဌာန်းပြီး ပြည်သူများကိုအတင်းအဓမ္မ စစ်ထဲသွင်းကာ အစုလိုက်အပြုံလိုက်သေစေနိုင်သည့် ကိစ္စကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

#RedNewsAgency

By Editor