လက်နက်ကိုင်တော်လှန်ရေးလုပ်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) ကို ကြိုဆိုပြီး ပူးပေါင်းဆောင်ရွက်ကြမည်

RNA_ဖေဖော်ဝါရီ(၁၇)၊၂၀၂၄ခုနှစ်။

အကြမ်းဖက်အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်မည့် မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) New Mon State Party (Anti-military Dictatorship) ကို NUG အပါအဝင်တော်လှန်ရေး အင်းအားစုများက ကြိုဆိုကြပြီး မွန်ပြည်ကာကွယ်ရေးတပ်မှလည်း အကြမ်းဖက်စစ်ကောင်စီနှင့် အာဏာရှင် (အာဏာရှင်စနစ် အမျိုးမျိုး) ချေမှုန်း ပျက်သုဉ်းရေးအတွက် လက်တွဲပြီး အောင်ပွဲရသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်ကာကွယ်ရေးတပ် (Mon State Defense Force – MSDF)၊ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Liberation Army)၊ စစ်အာဏာရှင်ဟူသမျှ တော်လှန်သော မွန်လူငယ်အင်အားစု – (Mon Against Dictatorship)၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၊ အမျိုးသားညီညွတ်ရေးအစိုးရ – NUG စသည့် တော်လှန်ရေးအင်အားစုများက မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)ကို ကြိုဆိုကြပြီး လက်တွဲဆောင်ရွက်ကြမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားကြသည်။

မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုၚ်ဇေယျနှင့် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ယုံကြည်ချက်၊ ရပ်တည်ချက်တူညီသော ပါတီခေါင်းဆောင်များ၊ ပါတီဝင်များ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ် တပ်သားရဲဘော်များ၊ မျိုးချစ်ပုဂ္ဂိုလ်များက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်အတွက် အာဏာသိမ်းစစ်တပ်အား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့က ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

#RedNewsAgency

By Editor