AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။

ရက္ခိုင့်တပ်တော် – AA၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နဉ်မြေများကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးရည်မှန်းချက်အရ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်”ဟု AAက ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များ၌ AA စခန်းများကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိသည့်အပြင် စစ်ပွဲအရှုံးများကြောင့် လူမျိုးရေး အမုန်းတရားများကို အခြေခံ၍ လည်းကောင်း၊ သွေးပျက်ကြောက်လန့်နေ၍လည်းကောင်း လက်နက်ကြီးများဖြင့် မြို့ရွာများကို ဦးတည်တိုက်ခိုက်နေကြောင်း၊ ရမ်းဗြဲမြို့နှင့် ရသေ့တောင်မြို့ပတ်ဝန်းကျင် ကျေးရွာများကိုလည်း လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။

လက်ရှိတွင် ရမ်းဗြဲကျွန်းပေါ် ၌ တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်နေပြီး၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ငလည်း မောင်တောမြို့နယ်၊ ဗောဓိကုန်းကျေးရွာ၏ အနောက်မြောက်ဘက် မီတာ (၂၀၀) ခန့်အကွာတွင်ရှိသော ဗောဓိကုန်းစခန်းအား နံနက် (၆) နာရီ (၂၀) မိနစ်မှစတင်၍ ရက္ခိုင့်တပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း၊ ရသေ့တောင်မြို့တွင်လည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများမှာ စတင်ဖြစ်ပွါးနေပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency

By RNA Editor