Red News Agency

Independent Journalism for Justice and Human Rights.

တလနီးပါး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူးကြီး၊ ဒု ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု ရဲမှူးများအပါအဝင် ၁၆၀ ကျော်သေဆုံး

Written by

in

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။

ကရင်နီပြည်နယ်၊ ရှားတောမြို့နှင့် ပတ်ဝန်းကျင်အား စစ်ကောင်စီ၏ တပ်များက အခိုင်အမာတပ်ချ၍ ပြည်သူလူထုများအား တိုက်ခိုက်ဖမ်းဆီးခြင်းများ ပြုလုပ်နေသည့်အတွက် ကရင်နီပူးပေါင်းတပ်ဖွဲ့များက တလတာနီးပါး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ၏ ဗိုလ်မှူးကြီး၊ ဒု – ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ အပါအဝင် (၁၆၀) ကျော်သေဆုံးခဲ့ပြီီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီးနိုင်ခဲ့သည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။

 

ရှားတောမြို့နှင့် ပတ်ဝန်းကျင်မှ စစ်ကောင်စီ၏ စခန်းကုန်းများနှင့် ဗျူဟာကုန်းတို့အား KA၊ KNDF နှင့် Loikaw PDF တို့ ပူးပေါင်း၍ တစ်လနီးပါးကြာ တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဖေဖော်ဝါရီလ(၁၂) ရက်နေ့တွင် ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များမှ အပြီးသတ် သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။

 

ရှားတောမြို့အား အပြီးသတ်သိမ်းယူခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ လက်နက်ငယ် (၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun (၃)လက်၊ Jammer Gun (၁)လက် နှင့် ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များ အသုံးပြုပြီး လေကြောင်းပစ်ကူ (၂၀၅) ကြိမ်ကျော် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ရှားတောတိုက်ပွဲအတွင်း KNDF မှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နှင့်လူမျိုးအတွက် ကျဆုံးခဲ့ရကြောင်း သိရသည်။

#RedNewsAgency