စစ်ကောင်စီပြိုလဲကြောင်း ထင်ရှားနေတဲ့ တပ်တွင်းအကွဲအပြဲများ

“ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်တဲ့ မိုးကျော်သူ (ဒကစ လောက်ကိုင်)၊ ထွန်းထွန်းမြင့် (ကိုးကန့် ဦးစီး ဥက္ကဋ္ဌ )၊ ဇော်မျိုးဝင်း (တပ်မ ၅၅ ဌာနချုပ်)၊ အောင်ဇော်လင်း (စကခ ၁၂ ဌာနချုပ်)၊ အေးမင်းဦး (စကခ ၁၄ ဌာနချုပ်)၊ သော်ဇင်ဦး (စကခ ၁၆ ဌာနချုပ်) တို့ကို အမိန့် မနာခံမှု၊ တပ်တွင်း ပုန်ကန်မှု စတာတွေနဲ့ လားရှိုးကိုခေါ်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်”

မောင်ဝိ

၂၀၂၁ ခုနှစ် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ခရိုနီ စစ်ဗိုလ်ချုပ်ကြီးများ အချင်းချင်း အဝေမတည့်မှုများ၊ ရာထူးကြီးသူက ရာထူးငယ်တဲ့ ဗိုလ်ချုပ်တွေကို ဖြုတ်၊ထုတ်၊ ထောင်ချတဲ့ ဖြစ်စဥ်တွေ ဖြစ်ခဲ့တာကို အားလုံးသတိရအုံးမယ်ထင်ပါတယ်။ အခုလည်း ရှမ်းမြောက်အပါအဝင်၊ တနိုင်ငံလုံး စစ်ရေးရှုံးနိမ့်နေချိန် ကာကွယ်ရေး ဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးမိုးအောင်ကို အနားပေးလိုက်ပြီး စစ်ဦးစီးအရာရှိချုပ် (ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို အစားထိုး ခန့်အပ်လိုက်ကြောင်း ဇန်နဝါလ ၈ ရက်နေ့မှာ စစ်ကောင်စီမှ ထုတ်ပြန်လာပါတယ်။

အခုလို ရေတပ်ဦးစီးချုပ်တယောက်ကို အချိန်းအပြောင်းပြုလုပ်ခဲ့တာဟာ မင်းအောင်လှိုင်အနေနဲ့ သူ့ရဲ့အာဏာကို ထိပါးလာမှာစိုးရိမ်နေသလို၊ အနားမှာရှိတဲ့ စစ်ဗိုလ်ချုပ်တွေကိုလည်း ယုံကြည်မှုပျက်ပြားလာတယ်ဆိုတာ ထင်ရှားပါတယ်။ တဆက်တည်းမှာပဲ ရှမ်းမြောက်ကို လက်လွှတ်ရပြီး၊ ရှမ်းတောင်ဒေသမှာ ဖယ်ခုံအထိ ထိုးစစ်ဆင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကြောင့်၊ တောင်ကြီးမြို့အခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းကို အရန်အင်အားအဖြစ် ဖြုတ်ချခဲ့ပြီးတော့ နေပြည်တော်ရှိ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်ချုပ် ဇော်မင်းလတ်ကို (ရပခ) တိုင်းမှူးခန့်လိုက်ပါတယ်။

ရှမ်းမြောက်ဒေသမှာ စစ်ရေးအရ အရေးနိမ့်လာတဲ့ စစ်ကောင်စီဟာ ရှေ့မှာလည်း လောက်ကိုင် ဒကစ တခုလုံး လက်နက်ချတဲ့ သာဓကတခုရှိပြီး ဖြစ်တယ်။ လောက်ကိုင် (ဒကစ) အပါအဝင် တခြားသောတပ်များမှ ဒကစမှူးနဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိသူ (၆) ဦး၊ တပ်အင်အား (၂၄၀၀) နဲ့ တပ်မိသားစုဝင် (၁၆၀၀) ကျော် လက်နက်ချခဲ့ပြီး၊ လက်နက်ငယ်ပေါင်း (၄၀၀၀) ကျော်၊ တင့်၊ သံချပ်ကာ၊ အမြောက်၊ အတွဲလိုက်ပစ် ဒုံးများကိုလည်း စစ်တပ်ကလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ဒီလောက်လူအရေအတွက်နဲ့ လက်နက်အင်အားဟာ စစ်ကောင်စီအတွက် အကြီးမားဆုံး ဆုံးရှုံးမှုထဲက တခုဖြစ်တယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “တပ်မတော်အနေနဲ့ လောက်ကိုင်ဒေသ အခြေအနေနဲ့ပတ်သတ်ပြီး အဖက်ဖက်က စဥ်းစားခဲ့ပါတယ်။ စဥ်းစားခဲ့တဲ့နေရာမှာ နံပါတ်(၁) အနေနဲ့ မိသားစုဝင်များရဲ့ လုံခြုံရေးကို စဉ်းစားပါတယ်၊ လောက်ကိုင်ဒေသမှာက တပ်မတော်သားအပြင် တပ်မတော်သားတွေရဲ့ မိသားစုဝင်တွေ နေထိုင်တာဖြစ်တယ်၊ မိသားစုဝင်တွေရဲ့ လုံခြုံရေးကို ဦးစားပေး စဥ်းစားခဲ့ကြောင်း” ပြောဆိုခဲ့ပါတယ်။

ဇော်မင်းထွန်း ပြောပုံအရဆိုရင် အထက်အမိန့်အရ လက်နက်ချခိုင်းတယ်လို့ ပြောချင်တာပါ။ ဒါပေမဲ့ တကယ့်လက်တွေ့မှာက ဗိုလ်မှူးချုပ်အဆင့်ရှိသူတွေဖြစ်တဲ့ မိုးကျော်သူ (ဒကစ လောက်ကိုင်)၊ ထွန်းထွန်းမြင့် (ကိုးကန့် ဦးစီး ဥက္ကဋ္ဌ )၊ ဇော်မျိုးဝင်း (တပ်မ ၅၅ ဌာနချုပ်)၊ အောင်ဇော်လင်း (စကခ ၁၂ ဌာနချုပ်)၊ အေးမင်းဦး (စကခ ၁၄ ဌာနချုပ်)၊ သော်ဇင်ဦး (စကခ ၁၆ ဌာနချုပ်) တို့ကို အမိန့် မနာခံမှု၊ တပ်တွင်း ပုန်ကန်မှု စတာတွေနဲ့ လားရှိုးကိုခေါ်ယူပြီး စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ​တပ်တွင်းထဲက သတင်းတွေ ထွက်လာပါတယ်။

တဖက်မှာလည်း အလားတူဖြစ်စဥ်မျိုး ထပ်မံ မဖြစ်ပွားစေရန် ရာထူးအကြီးပိုင်းတွေကိုအချိန်းအပြောင်းပြုလုပ်ပြီး၊ အောက်ခြေစစ်သားတွေကို လစာတိုးမြှင့်ကာ ဆွဲဆောင်မှုမျိုး ပြုလုပ်လာတာတွေ့ရတယ်။ ၂၀၂၃ ခုနှစ်၊ စစ်တပ်ရဲ့ ကာကွယ်ရေးဌာနကောင်စီ အထူးအမိန့် အမှတ် ၆/အထူး/၂၀၂၃ ဖြင့် စစ်သားများအားလုံး ၂၄ နာရီ တာဝန် ထမ်းဆောင်ရတဲ့အတွက် ပင်ပန်းကြမ်းတမ်းမှုနဲ့ သက်စွန့်တာဝန်စရိတ်ကို ပုံမှန်လစာအပြင် ငွေကျပ် ငါးသောင်း ခံစားပြုခဲ့ကြောင်း၊ အခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး၊ ပုံမှန် လစာအပြင် သက်စွန့်စရိတ်ကို တစ်သိန်းအထိ တိုးမြှင့် ခံစားခွင့်ပေးလိုက်ကြောင်း စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။ အခုလို လစာငွေ တိုးမြှင့်ပေးလိုက်တာဟာ စိတ်ဓာတ်ကျဆင်းပြီး၊ တပ်ပြေးများလာတဲ့ စစ်ကောင်စီတပ်သားတွေအပေါ် ချွေးသိပ်ပေးလိုက်တာ ထက်မပိုပါဘူး။

အောက်ခြေစစ်သားတွေဘက်က ကြည့်ရင်လည်း လစာတသိန်းတိုးပေးတာပဲရှိတာ ပေးတဲ့လစာနဲ့ ရင်းထားရတဲ့ အသက်မကာမိပါဘူး။ ကိုယ်တိုင်က ရှေ့တန်းမှာ နေ့လားညလားမသိ သေရမယ့်အခြေအနေ၊ ဇနီးဖြစ်သူက နောက်တန်းကတပ်ရင်းမှာ သေနတ်ကိုင်ပြီး တပ်လုံခြုံရေးလုပ်ရတယ်။ အခန့်မသင့်ရင် မိသားစုဝင် ကလေးငယ်တွေပါ အသက်ပေးရမယ့် ကိန်းဆိုက်နေပါပြီ။ တိုင်းပြည်ကို ကာကွယ်လိုစိတ်နဲ့ စစ်တိုက်ရတာမဟုတ်ပဲ လစာတသိန်းပိုပေးလို့ စစ်တိုက်ရတယ်တဲ့ စစ်သားတွေနဲ့ ပြည်သူအတွက်ရပ်တည်ပြီးတိုက်ပွဲဝင်နေတဲ့ PDF တွေရဲ့ ကွာဟမှုကို လက်ရှိစစ်ရေးအခြေအနေနဲ့ ချိန်ထိုးကြည့်နိုင်ပါတယ်။

ဒီအခြေအနေမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ လက်အောက်ခံ စစ်ဗိုလ်ချုပ်တွေအပေါ်လည်း ယုံကြည်မှုမရှိ၊ အောက်ခြေမှာ အသေခံပေးမယ့် စစ်သားအင်အားကလည်း နည်းပါးလာတာကြောင့် ဘယ်နေရာ သွားသွားလုံခြုံရေး အထပ်ထပ်နဲ့ ပိုဂရုစိုက်လာတာတွေ့ရပါတယ်။ အသိသာဆုံးဆိုရင် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း၊ ဒီဇင်ဘာ ၁၀ ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ လားရှိုးခရီးစဥ်ဖြစ်ပြီး၊ လုံခြုံရေးကို နဂိုကထက် ပိုမိုချထားကာ၊ ခါးကြားတွင် ပစ္စတိုချိတ် ထားတာကိုတွေ့ရှိရပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက်နေ့၊ ပြင်ဦးလွင်မှာ ပြုလုပ်တဲ့ DSTA ကျောင်းဆင်းပွဲမှာ ဆိုရင်လည်း သင်တန်းဆင်းမိန့်ခွန်းဟောပြောရာ စင်မြင့်နေရာတွေကို လုံခြုံမှုရှိစေရန် အကာအရံများ ပြုလုပ်ထားတာကိုလည်း မြင်တွေ့လာရပါတယ်။

မင်းအောင်လှိုင်ဟာ သူ့တပ်တွင်းကသူတွေကိုလည်း အယုံအကြည်မရှိတော့ဘူးဆိုတာ ပြောခဲ့တဲ့ ဖြစ်စဉ်တွေကို ကြည့်ရင်အားလုံးမြင်ကြမှာပါ။ နောက်တခုက လစာတသိန်းတိုးပေးတယ်ဆိုပေမဲ့ မုန်းမြို့ကို တော်လှန်ရေး အင်အားစုတွေတိုက်တုန်းကဆိုရင် ဘယ်သူ့ကိုမရွေး အကုန်လေယာဉ်နဲ့ ပစ်လိုက်တာ မင်းအောင်လှိုင်လက်အောက်ခံတွေ သေတာရှိခဲ့ပါတယ်။

လေယာဉ်နဲ့ အပစ်ခံရလို့ ပြေးကြရတဲ့ စစ်ကောင်စီလက်အောက်ခံတွေကို တော်လှန်ရေးအင်အားစုတွေက ကယ်ထုတ်ရတယ်။ နောက်ပြီး စစ်တပ်က ပစ်လို့သေသွားတဲ့ မိဘမရှိတော့တဲ့ ကလေးငယ်ကိုလည်း ရဲဘော်တွေက ကယ်တင်ခဲ့ကြရပါတယ်။ ဒါ့ကြောင့်လည်း မင်းအောင်လှိုင်ဟာသူ့လက်အောက်ကသူတွေကို ပြန်ပြန်သတ်နေလို့ သူလည်း ဘယ်နေ့လည်းဆိုပြီး စိုးရိမ်ကြောင့်ကြမှာ​တော့ သေချာပါတယ်။

အခုဆိုရင် တပ်တွင်းမှာ ဖြုတယ်၊ ထုတ်တယ်၊ ပြောင်းတယ်၊ လိုအပ်လာရင် ထောင်ထဲပါထည့်တာ အားလုံးအသိဖြစ်ပါတယ်။ ဒါတွေဟာ စစ်ကောင်စီတပ်အတွင်းမှာရှိတဲ့ စစ်ဗိုလ်ချုပ်အဆင့်များကြားမှ အကွဲအပြဲများ၊ အောက်ခြေ ရဲဘော်များရဲ့ လက်နက်ချအညံ့ခံမှုများအပြင်၊ စစ်ခေါင်းဆောင်ရဲ့ သူကိုယ်တိုင်လုံခြုံမှုမရှိတော့တဲ့အခြေအနေကို ဖော်ပြနေတာဖြစ်တဲ့အတွက် စစ်ကောင်စီပြိုလဲဖို့ ထင်ရှားလာတဲ့ အက်ကြောင်းကြီးတခုပဲဖြစ်တယ်။ ဒါတွေဟာ နွေဦးတော်လှန်ရေးကာလ ၃ နှစ်အတွင်း တော်လှန်ရေးအင်အားစုတွေရဲ့စစ်ကောင်စီအပေါ် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်တယ်။ တိုးမြှင့်လာမယ့် ထိုးစစ်အရှိန်တွေနဲ့အတူ စစ်အာဏာရှင်ချုပ်ငြိမ်းရေးဟာ တနေ့ထက် တနေ့ နီးကပ်လာပြီဆိုတာ အားလုံးယုံကြည်နေကြပါပြီ။ ။

#RedNewsAgency

By Editor