စကခ (၁၆) ကို ပူးပေါင်းတပ်ဖွဲ့များ အပြီး သတ်သိမ်းပိုက်နိုင်ခဲ့ချိန် ဟောင်ဝစ်ဇာ သံချပ်ကာကား ပွိုင့် 5 များပါ သိမ်းဆည်းရမိ

RNA_ဇန်နဝါရီ(၈)၊၂၀၂၃ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီမြို့နယ် စစ်ကောင်စီ၏ စကခ (၁၆) ကို မြောက်ပိုင်းညီနောင်မဟာမိတ် (၃) ဖွဲ့နှင့်အတူ PLA – ပြည်သူ့လွတ်မြောက်ရေး တပ်မတော်၊ KNDF တို့ပါဝင်ကာအောင်မြင်စွာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိသည်ဟု PLA က ယနေ့ ထုတ်ပြန်ထားသည်။

စကခ (၁၆) ဧရိယာကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့က စတင်ထိုးစစ်ဆင်ခဲ့ပြီး ဇန်နဝါရီ ၇ ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ သိမ်းပိုက်ရရှိမှုအတွင်း လက်နက်ကြီးကုန်းများ၊ လေယာဥ်ကွင်းများ၊ လက်နက်ဂို​ဒေါင်များ၊ သံချပ်ကာကားများ၊ ပွိုင့် 5 များ၊ ဟောင်ဝစ်ဇာများနှင့် လက်နက်ခဲယမ်း အမြောက်အမြား သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ထံမှ သိရသည်။

စကခ (၁၆) ဧရိယာအတွင်းရှိ ကောင်းဟော်ရွာတရွာလုံး၊ ခလရ (၆၉) ၊ တပ်မ (၁၆) ဌာနချုပ်၊ GE တပ်နှင့် ထွက်ပြေးကြသည့် ခမရ ၂၄၀၊ ခမရ ၃၂၃၊ ဆေးတပ် စသည်တို့ကိုပါ ဇန်နဝါရီလ ၆ ရက်နေ့လိုက်လံတိုက်ခိုက်ခဲ့ကြကြောင်း၊ ဆုတ်ခွာထွက်ပြေးသည့် လမ်းကြောင်းတလျောက် ထပ်ချပ်မကွာ ရွပ်ရွပ်ချွံချွံ လိုက်လံချေမှုန်းခဲ့ပြီး မိုင်လီ-ပန်ဖက် တံတားအနားအထိ တိုက်ထုတ်နိုင်ခဲ့ပြီးမှသာ စကခ (၁၆) ဧရိယာတခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြေညာခြင်းဖြစ်သည်။

ပြည်သူ့လွတ်မြောက်ရေး တပ်မတော် – PLA မှ တပ်မှုးတပ်သားအပေါင်းသည် 1027 စစ်ဆင်ရေး စတင်သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှ စတင်ပြီး သိန္နီမြို့သိမ်းတိုပ်ပွဲ၊ ရေပူစစ်ဆေးရေးဂိတ်သိမ်းပိုက်မှု၊ ကောင်းဟော်ရွာ သိမ်းပိုက်မှု၊ ယခု စကခ (၁၆) ဧရိယာတခုလုံး သိမ်းပိုက်မှု စသည့် ရက်ပေါင်း ၇၂ ရက်တာအတွင်း စစ်ကောင်စီ၏ ဗုံးမိုးရွာသွန်းမှု မရေမတွက်နိုင်သော လေကြောင်းတိုက်ခိုက်မှု တင့်ကားနှင့်တိုက်ခိုက်မှု 40 မမ 60 မမ RPG ပွိုင့်ဖိုက်နှင့် အခြားလက်နက်ကြီးမျိုးစုံ မိုးသီးမိုးပေါက်သဖွယ် ကျဆင်းနေသည့် ​​စစ်မုန်တိုင်းကြားမှာ ရဲရင့်ပြောင်မြောက်စွာ အသက်သွေးချွေးများ ပေးဆပ်ပြီး စစ်မြေပြင်တွင် မဆုတ်မနစ် တိုက်ပွဲဝင်ခဲ့ကြောင်း ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါသည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor