စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ

RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ၏ တောင်ရှည်ဗျူဟာ စခန်းတခုလုံး ( အင်အား ၂၀၀ ခန့်) သည် ရက္ခိုင့်တပ်တော် – AA ထံ လက်နက်ချအညံ့ခံခဲ့သည်ဟု ယနေ့ AA ကထုတ်ပြန်ထားသည်။

တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AA နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ဦးမြို့ သင်းကျစ်တော်တောင် စစ်ကောင်စီ စခန်းကို ဇန်နဝါရီလ (၇) ရက်၊ ညနေ (၄) နာရီအချိန်တွင် ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အသုံးအဆောင်များနှင့် လက်နက်ခဲယမ်း အမြောက်အများသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်သားများ၊ စစ်စခန်းများအနေဖြင့် လက်နက်ချအညံ့ခံလိုပါက Aထံ အချိန်မရွေး ဆက်သွယ်နိုင်ပါကြောင်း ထပ်မံအသိပေးထားသည်။

ရက္ခိုင့်တပ်တော်နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီလ (၇) ရက်မှစ၍ ပလက်ဝ အနောက်ဘက်ခြမ်းရှိ စစ်ကောင်စီ၏ စခန်းတိုင်းကိုသိမ်းပိုက်ရယူထားပြီးဖြစ်ကြောင်း၊ ပလက်ဝ ဒေသတစ်ခုလုံး စစ်ကောင်စီ ကင်းစင်သည့်နယ်မြေဖြစ်လာနိုင်ရန် ကျန်ရှိနေသော စစ်စခန်းများကို အပြီးသတ်ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

ရှင်းလက်ဝ(ချင်းလက်ဝ) စခန်းသိမ်းတိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၀၄) ဦး ခန့်သည် အိန္ဒိယနိုင်ငံအတွင်းသို့ အာသံရိုင်ဖယ်၏ အကူအညီဖြင့် ထွက်ပြေးသွားကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၉) ရက်နေ့တွင်လည်း ပွိုင့် (၃၇၇) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၁၅၁) ဦးသည် အိန္ဒိယနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့ပြီး အိန္ဒိယအစိုးရမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်နေ့တွင် စစ်ကောင်စီတပ်ထံ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။

#RedNewsAgency

By RNA Editor