ဖားကန့်ရှိ စစ်ကောင်စီ၏ အဓိကကျသည့်စခန်းနှစ်ခုအား KIA/KPDF များ သိမ်းပိုက်ရရှိထား

RNA_ဖားကန့် ဇန်နဝါရီလ ၆ ရက်၊၂၀၂၃ ခုနှစ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၌ ယနေ့နံနက်ပိုင်းက စစ်ကောင်စီ၏ အထိုင်စခန်းများဖြစ်သည့် ဖားကန့်-မိုးကောင်း ကားလမ်းမကြီးပေါ်ရှိ နမ့်တိန်း‌ကျေးရွာ စခန်းကုန်းနှင့် ဝှေခါ‌ကျေးရွာအပိုင်းရှိ ဗျူဟာကုန်းနှင့်ရဲစခန်းကုန်းတို့အား KIA/KPDF များက တိုက်ခိုက်ခဲ့ပြီး နမ့်တိန်းစစ်တပ်စခန်းကုန်းနှင့် ဝှေခါကျေးရွာမှ ရဲစခန်းကုန်းတို့အား သိမ်းပိုက်ရရှိထားကြောင်း သိရသည်။

“နမ့်တိန်းက စစ်ကောင်စီရဲ့ အဓိကကျတဲ့အထိုင်စခန်းကို ရထားပါပြီ၊ ဝှေခါအပိုင်းက ရဲစခန်းကုန်းရထားပါပြီ၊ ရဲစခန်းမှူးကို အရှင်မိပါတယ်”ဟု KPDF ရဲဘော်တစ်ဦးက အတည်ပြုသည်။

ယနေ့နံနက် ၅ နာရီခန့်ကစတင်သည့် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ အုပ်စု၊ ဝှေခါကျေးရွာရှိ စစ်ကောင်စီ၏ ရဲစခန်းနှင့် စစ်တပ်ဗျူဟာကုန်းအား KIA/KPDF များက ဝိုင်းဝန်းတိုက်ခိုက်ခဲ့ပြီး ရဲစခန်းကုန်းအား သိမ်းပိုက်ရရှိကာ စခန်းမှူးကို အရှင်ဖမ်းဆီးပြီး အောင်လံလွင့်ထူထားကြောင်း သိရသည်။

ဝှေခါကျေးရွာအပိုင်းရှိ စစ်တပ်အထိုင် ဗျူဟာကုန်းမကျစေရေး စစ်ကောင်စီက လေယဉ်ပစ်ကူနှင့် ဖားကန့်ဗျူဟာမှ လက်နက်ကြီးပစ်ကူ ဆက်တိုက်ပေးနေကြောင်း၊ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်ခန့်က စစ်ကောင်စီ၏ ဂျက်ဖိုက်တာ တစ်စီးပြီးတစ်စီး ဗုံးလာကြဲနေပြီး လေယာဉ်မှ စက်သေနတ်ဆွဲသံများလည်း ကြားရကြောင်း ဝှေခါကျေးရွာ နေသူတစ်ဦးကပြောသည်။

“သူတို့ဗျူဟာကုန်းက အဝိုင်းခံရပြီနေမှာ၊ လေယာဉ်က ဗုံးကြဲလိုက် ပျံလှည့်လာလိုက် စက်သေနတ်နဲ့ပစ်လိုက်လုပ်နေတာ နာရီဝက်လောက်ကြာမှပြန်တယ်၊ ခဏနေ နောက်တစ်စီးထပ်လာတယ်၊ အဲ့လိုဖြစ်နေတာ၊ လက်နက်ပစ်သံတွေလည်း ခုထိကြားနေရတုန်း၊ ခဏငြိမ်လိုက်ပြန်ပစ်လိုက်ပဲ၊ ဖားကန့်ဗျူဟာကပစ်တဲ့ လက်နက်ကြီးကရွာထဲကျတယ်လို့ကြားတယ်၊ လူထိတယ်တော့မကြားမိဘူး”ဟု ပြောသည်။

လက်ရှိအခြေအနေအရ နမ့်တိန်းကျေးရွာဘက်ခြမ်း၌ စစ်ကောင်စီ နှင့် KIA ဦးဆောင်သည့် ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသလို ဝှေခါကျေးရွာဘက်ခြမ်း၌ စစ်ကောင်စီ၏ ဝှေခါဗျူဟာကုန်း သိမ်းပိုက်ရရှိရေး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

#RedNewsAgency
RNA: Website – https://rednewsagency.com/
RNA: Youtube- https://www.youtube.com/@rednewsmm/
RNA: Telegram- https://t.me/rednewsagency/
YouTube-subscribers : https://www.youtube.com/@rednewsmm/?sub_confirmation=1

By Editor