နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ (၆၀) ကျော်သေဆုံးပြီး သုံ့ပန်းအဖြစ် (၆၄) ဦး ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။

တအာင်းပြည်နယ် တပ်မဟာ(၂)စစ်ဒေသ၊ နမ့်ဆန်မြို့ရှိ စစ်ကောင်စီ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဒီဇင်ဘာ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်တွင် တအာင်းတပ်မတော် PSLF/TNLA မှ အလုံးစုံ ဝင်ရောက်ရှင်းလင်း ချေမှုန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

နမ့်ဆန်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဟောင်ဝစ်ဇာ အမြောက် (၄)စင်း၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်သုံးဆောင်ပစည်းများရှင်းလင်းသိမ်းဆည်းရရှိခဲ့ကြောင်း၊ ရန်သူအလောင်း (၆၀)ကျော်နှင့် စစ်သုံ့ပန့်အဖြစ် စစ်ကောင်စီတပ် (၃၀)ဦး၊ မိသားစုဝင် (၃) ဦး၊ ရဲ (၆)ဦး၊ ရဲမိသားစုဝင် (၂၅) ဦး စုစုပေါင်း (၆၄) ဦး ဖမ်းဆီးရမိခဲ့သည်ဟု PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယနေ့ ထုတ်ပြန်ထားသည်။

နမ့်ဆန်တပ်စခန်းများကို တအာင်းတပ်မတော် PSLF/TNLA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၆)ရက်ကြာ ဒီဇင်ဘာ ၁၅ရက်နေ့တွင် စစ်ကောင်စီတပ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် ဌာနဆိုင်ရာရုံးများ အလုံးစုံသိမ်းပိုက်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီ နမ့်ဆန်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း စစ်ကောင်စီ မန်တုံ ခလရ-၁၃၀ တပ်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများစွာနှင့် လေကြောင်းဖြင့် Mi35 (၁)ကြိမ်၊ ART-42 (၅)ကြိမ်၊ Jet Fighter (၁၉)ကြိမ်၊ Y12 လေယာဥ် (၅)ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အရပ်ဖက်ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ဆန်ဒေသခံ (၃)ဦး သေဆုံးခဲ့ပြီး ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းများ၊ လူနေအိမ် (၄၀) ကျော် လေယာဥ်ဗုံးစ ထိမှန်ပျက်စီးခြင်းနှင့် လူနေအိမ် (၁၄) လုံး မီးလောင်ပျက်စီးခဲ့သည်။

နမ့်ဆန်မြို့နယ်သည် တအာင်းစော်ဘွားများအဆက်ဆက် နောက်ဆုံး စော်ဘွား စဝ်ခွန်ပန်းစိန် ၁၉၅၉ ခုနှစ် မတ်လ ၂ ရက် အာဏာသိမ်းခံရသည်အထိ ကိုယ်ပိုင်အုပ်ချုပ်လာခဲ့သည့် (Taung Paing State ) နန်းစိုက်ရာမြို့တစ်မြို့ဖြစ်သည်။

နှစ်ပေါင်း ( ၆၄) နှစ်ကြာ အာဏာရှင်၏ အုပ်ချုပ်အောက်တွင် ကျရောက်ခဲ့သော နမ့်ဆန်မြို့သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၁၅:၃၀ နာရီ အချိန်တွင် အာဏာရှင် စစ်ကောင်စီထံမှ အလုံးစုံ ပြန်လည်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ၂၇၁၅ ခုနှစ် တအာင်းနှစ်သစ်တွင် မူလပိုင်ရှင် တအာင်းပြည်သူတို့၏ လက်ဝယ်ထံ ပြန်လည်အပ်နှံ ပေးနိုင်ခဲ့ပြီး ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By RNA Editor