စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား

“သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”

လှဆောင်

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။

ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။

တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။

အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။

ဒါကြောင့် လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူသာပေးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေကိုလည်း လေကြောင်းကနေသာ ချပေးနိုင်ခဲ့ပါတယ်။ နောက်ဆုံး TNLA က အဲဒီစခန်းကို သိမ်းမိချိန် မြေမြှုပ်ထားတဲ့ အလောင်း ၅၀ ကျော်တွေ့ရပြီး သိမ်းမိတဲ့လက်နက်တွေဆိုတာ တပ်ရင်းတစ်ရင်းစာမကပါဘူး။

အခုတော့ စစ်ကောင်စီဟာ စစ်တပ်မြို့ဖြစ်တဲ့ ပြင်ဦးလွင်ကတစ်ဆင့် တက်လာတဲ့ စစ်ကြောင်းတွေဟာလည်း သန္နီမြို့ကို ကျော်ဖို့ဆိုတာ မဖြစ်နိုင်သေးပါဘူး။

ဒီအခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင် မင်းအောင်လှိုင်တို့တစ်စုဟာ ရှမ်းမြောက်ကို ဘယ်လိုမှ မထိန်းထားနိုင်ဘူးဆိုတာ ပေါ်လွင်နေပေမဲ့ အောက်ခြေက အရာရှိတွေကတော့ ခေါင်းမာနေတုန်းပါ။ ဥပမာပြရရင် နမ့်ခမ်းမြို့နယ်ရဲ့ တောင်ဘက်မှာရှိတဲ့ စခန်းသစ်ကုန်းကို TNLA က အခုထိ မသိမ်းနိုင်သေးပါဘူး။ ဒါပေမဲ့ အနှေးနဲ့အမြန်သိမ်းနိုင်မယ်ဆိုတာကိုတော့ ရဲရဲကြီးပြောရဲပါတယ်။

ဒါ့အပြင် ကိုးကန့်ဒေသက လောက်ကိုင်မြို့ဟာလည်း သိပ်မကြာခင် တော်လှန်ရေးအင်အားစုတွေလက်ထဲ ရောက်မယ်ဆိုတာ သေချာသလောက်ရှိနေပါပြီ။ ဒါဆို စစ်တပ်ဟာ ရှမ်းမြောက်ကို လက်လွှတ်တော့မှာလားဆိုတဲ့ တွေးဆမှုတွေရှိလာပါတယ်။

အာဖဂန်နစ္စတန်၊ ကမ္ဘောဒီးယား စတဲ့ စစ်ပွဲတွေကို ၂၀၀၀ ပြည့်နှစ်မတိုင်ခင်ကတည်းက လေ့လာနေတဲ့ သတင်းထောက် အင်တိုနီ ‌ဒေးဗစ်ကတော့ စစ်ကောင်စီမှာ ရွေးချယ်စရာ ၃ ခုရှိတယ်လို့ ဆိုပါတယ်။

အဲဒါကတော့ (၁) ရှမ်းမြောက်ကို တန်ပြန်စစ်ထိုးဖို့ (၂) လားရှိုးကိုခံစစ်အခိုင်အမာလုပ်ပြီး ပြန်တိုက်ယူဖို့နဲ့ (၃) ရှမ်းပြည်မြောက်ပိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်းက တပ်တွေကို ရုပ်သိမ်းပြီး မန္တလေးမှာ ခံစစ်အခိုင်အမာ တည်ဆောက်ဖို့ ဖြစ်ပါတယ်။

ဒါပေမဲ့ နံပါတ် (၁) အချက်ဟာ လုံးဝမဖြစ်နိုင်တဲ့အချက်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ စစ်တပ်ဟာ နိုင်ငံတဝန်း စစ်မျက်နှာအများအပြားကို ရင်ဆိုင်နေရပြီး ရခိုင်ပြည်နယ်လို နေရာမျိုးမှာပါ အသေအလဲ ခုခံကာကွယ်နေရတာကြောင့် အင်အားတွေ ထုတ်နှုတ်ဖို့ မဖြစ်နိုင်ပါဘူး။ အခုတောင် အင်အား ၁၅၀၀၀ လောက် နေပြည်တော်ကို ပို့ထားပြီး ခုခံစစ်အတွက် စစ်ကောင်စီက ပြင်ထားပါပြီ။

ဒါ့အပြင် တန်ပြန်ထိုးစစ်အတွက် လမ်းကြောင်းဟာ မူဆယ်-မန္တလေး လမ်းကြောင်းတစ်ခုထဲရှိပြီး မြေပြန့်ကနေလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာလည်း အခုထိ သိန္နီမြို့ကို မကျော်နိုင်သေးပါဘူး။ လေကြောင်းကနေ အင်အားတွေ စစ်ကူပေးနိုင်ဖို့ဆိုတာကတော့ စစ်ကောင်စီအတွက် အကန့်အသတ်လုံးဝရှိနေပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ လားရှိုးမြို့ကနေ အပီအပြင်ခံစစ်တည်ပြီး ခုခံမှာလားဆိုတာကလည်း မင်းအောင်လှိုင်တို့အတွက် တော်တော်အန္တရာယ်များတဲ့ လုပ်ရပ်ဖြစ်ပါတယ်။ အခုအချိန်ထိ မြို့ပေါ်ကို စစ်မီးမကူးသေးတဲ့ မူဆယ်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်ပြီး အောက်ဆင်းလာမယ်ဆိုရင်တော့ လားရှိုးဟာ သန္နီနဲ့ မူဆယ်ကြားမှာ ပိတ်မိတဲ့အနေအထားဖြစ်သွားမှာပါ။

တတိယ နည်းဖြစ်တဲ့ ရှမ်းမြောက်နဲ့ ရှမ်းအရှေ့က အင်အားတွေကိုရုတ်ပြီး မန္တလေးမှာ ခံစစ်ပြင်မယ်ဆိုရင်တော့ စစ်ကောင်စီဟာ လူအင်အားဆုံးရှုံးမှုကို ခုသာခံသာဖြစ်သွားနိုင်ပေမဲ့ လက်နက်ခဲယမ်းတွေနဲ့ စခန်းတွေဆုံးရှုံးမှုကြောင့် စစ်တပ်ကိုထောက်ခံသူတွေကြားထဲမှာတင်မကဘဲ ဒေသတွင်းနိုင်ငံတွေကြားထဲမှာပါ အခုထက် ပိုပြီး ဂုဏ်သိက္ခာဆုံးရှုံရမှာဖြစ်ပါတယ်။

ဒါပေမဲ့ စစ်တပ်ဟာ တတိယနည်းလမ်းကို ရွေးထားပုံရပါတယ်။ ဘာကြောင့်လည်းဆိုတော့ နေပြည်တော်ကို အင်အား ၁၅၀၀၀ လောက်ထပ်တိုးထားတာအပြင် စခန်းတွေနဲ့ မြို့တွေကိုပါ သိပ်မကြာခင်လက်လွှတ်တော့မယ်ဆိုပြီး နေပြည်တော်သတင်းရပ်ကွက်ကနေ ကြားနေရလို့ပါ။

ဒါဆို သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ။

ဒါကြောင့် ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီရဲ့ အောက်ခြေအရာရှိတွေနဲ့ စစ်သားတွေဟာ ခေါင်းမမာဘဲ အခုအချိန်ကတည်းက အလံဖြူဆောင်ထားမယ်ဆိုရင် ကိုယ့်အသက်ကို ကိုယ်ပိုင်မှာဖြစ်သလို မင်းအောင်လှိုင်တို့လို စစ်ခေါင်းဆောင်တွေအတွက် ရှမ်းမြောက်ကနေ အခေါ်ခံရပြီး မြေပြန်ကနေ ပြန်ပြီးတော့ အသေခံကာကွယ်ပေးရမယ့်ရန်ကနေလည်း လွတ်မြောက်နိုင်မယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါဘဲ။ ။

#RedNewsAgency

By Editor