မွန်ပြည်နယ်အတွင်း ပြီးခဲ့သည့်ရက်ပိုင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအပါအဝင် ၂၂ ဦးသေဆုံးပြီး (၂၈) ဦးလက်နက်ချအညံ့ခံ

RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာ၊ ဖက်ထေးကုန်းကျေးရွာ အနီးတို့တွင် နိုဝင်ဘာ ၁၀ ရက်နေ့မှ ၁၅ ရက်နေ့အထိ တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတဦး၊ ဒုဗိုလ်တဦးအပါအဝင် ၂၂ ဦးသေဆုံးကာ ၂၈ ဦးလက်နက်ချအညံ့ခံခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F က ထုတ်ပြန်ထားသည်။

ချောင်းနှစ်ခွနယ်မြေရဲစခန်းနှင့် တံတားဂိတ်စခန်းကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နှင့်ပူးပေါင်းစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များမှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးသူများ၊ လက်နက်ချအညံ့ခံသူများနှင့် လက်နက်မျိုးစုံ ၅၅ လက်သိမ်းဆည်းရမိကာ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ၃ ဦးကျဆုံးခဲ့ရသည်ဟု သိရသည်။


တိုက်ပွဲဖြစ်ပွားနေချိန် နိုဝင်ဘာ (၁၁) ရက်နေ့ ည ၁၂ နာရီဝန်းကျင်က စခန်းနှစ်ခုဆီသို့ စစ်ကူလာသော တပ်မ – ၂၂ လက်အောက်ခံ ခလရ – ၈၁ စစ်ကြောင်းနှင့် ဖက်ထေးကုန်းကျေးရွာ သင်္ချိုင်းကုန်းအနီး တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်အောက်ခံ ၃ ဦးသေဆုံးကြောင်း၊ နိုဝင်ဘာလ (၁၂) ရက် နံနက် ၈ နာရီ ၃၀ မိနစ်မှစတင်ကာ ဘုရားကုန်းအနီးတွင်နေရာယူထားသော စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားချိန် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦး၊ ဒုဗိုလ်တစ်ဦးတို့ စနိုက်ပါထိမှန်သေဆုံးသည်ဟု ထုတ်ပြန်ထားသည်။

 

နိုဝင်ဘာလ (၁၃) ရက်နေ့တွင် ဖက်ထေးကုန်းကျေးရွာအတွင်းရှိ ဘုရားကုန်းနေရာတွင် နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဆက်လက် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၁)ဦး၊ ဒုဗိုလ်(၂)ဦး အပါအဝင် ရန်သူ (၁၄) ဦး သေဆုံးခဲ့ပြီး (၂၈) ဦး အရှင်ဖမ်းမိခဲ့ကာ (၁၂) ဦး ထွက်ပြေးခဲ့ကြောင်း၊ နိုဝင်ဘာလ (၁၅) ရက်နေ့ညတွင် ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံများကို ထပ်မံပိတ်ဆို့ရှင်းလင်းရာ စစ်ကောင်စီလက်အောက်ခံ ၅ ဦးထပ်မံသေဆုံးပြီး၊ လက်နက်ခဲယမ်းများ ထပ်မံသိမ်းဆည်းရမိသည်ဟု သိရသည်။

#RedNewsAgency

By Editor